လစ်ဗျားတွင် အပြင်းအထန် ဖြစ်ပွားနေသော ပြည်တွင်းစစ် တိုက်ပွဲများ ရပ်စဲနိုင်ရေးအတွက် တောင်အာဖရိ မြို့တော် ပရီတိုးရီးယားတွင် အာဖရိက သမဂ္ဂခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပမည် ဖြစ်သည်။
တောင်အာဖရိက သမ္မတယာကုပ်ဇူးမားက အိမ်ရှင်အဖြစ် လက်ခံပြီး ကွန်ဂိုသမ္မတ နိုင်ငံသမ္မတ၊ မာလီသမ္မတ၊ မာအူရီတန်းနီးယား သမ္မတနှင့် ယူဂန္ဓာသမ္မတို့ တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။
လစ်ဗျား ခေါင်းဆောင်ကို ဖြုတ်ချနိုင်ရေးအတွက် ပုန်ကန် တိုက်ခိုက်နေသော တပ်ဖွဲ့များနှင့် ကဒါဖီ သစ္စာခံတပ်ဖွဲ့များကြား ဖြစ်ပွားနေသော လစ်ဗျားပြည်တွင်း စစ်ရပ်စဲရေးအတွက် ယာကုပ်ဇူးမားက ကြားဝင် စေ့စပ်ညှိနှိုင်းရေး ကိစ္စရပ်များအတွက် အာဖရိက ခေါင်းဆောင်များ ဆွေးနွေးကြမည်ဖြစ်သည်။
တနင်္ဂနွေနေ့ အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာမှာ လစ်ဗျား စစ်ပွဲဖြစ်ပွားစေသည့် အကြောင်းရင်းများကို ရပ်တန့်ရန်၊ လစ်ဗျားတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စသည်တို့ဖြစ်ကြောင်း သတင်းထောက် ပီတာဂရက်စ်က မြို့တော် ပရီတိုးရီးယားမှ သတင်းပို့ပြောကြားခဲ့သည်။
အခြား အကြောင်းအရာများမှာ လစ်ဗျားတွင် ရောက်ရှိ အလုပ်လုပ်နေသော အာဖရိက အလုပ်များ အပါအဝင် တိုက်ပွဲများကြားတွင် ကြားညပ် ဒုက္ခရောက်နေသော အရပ်သားများအတွက် လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များ ပေးအပ်နိုင်ရေး လုပ်ငန်းစဉ် အကောင်အထည် ပေါ်ပေါက်ရေး ဖြစ်သည်။
လွန်ခဲ့သည့်လက တစ်ခါ ဇူးမားနှင့် ကဒါဖီ တွ့ဆုံညှိနှိုင်းကာ သဘောတူညီချက်တစ်ခု ရရှိခဲ့သော်လည်း သူပုန်များဘက်မှ လက်ခံရန် ငြင်းဆန်ခဲ့သည်။
ကဒါဖီထံမှ မကြာခင်တွင် အပစ်အခတ် ရပ်စဲရေးအတွက် ကမ်းလှမ်းလာနိုင်ကြောင်း ၊ သို့သော် ကဒါဖီ အာဏာစွန့်မှသာ (၄)လကြာ ဖြစ်ပွားနေလာခဲ့သော တိုက်ပွဲကို ရပ်စဲပေးနိုင်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က သူပုန်များဘက်မှ ပြောကြားခဲ့သည်။
ကဒါဖီနှင့် တိုက်ရိုက် အဆက်အသွယ် မရှိသော်လည်း အပစ်ရပ် ကမ်းလှမ်းမှုကို အာဖရိက၊ ပြင်သစ် ကြားဝင် စေ့စပ် ညှိနှိုင်းသူများထံ မှတစ်ဆင့် ကြားသိရလိမ့်မည် ဖြစ်ကြောင်း သူပုန်တို့ကဆိုသည်။
“သိပ်မကြာခင်ပဲ ကဒါဖီဘက်က ကမ်းလှမ်း လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အခုဆို သူအသက်တောင် မရှူနိုင်တော့ ပါဘူး။” ဟု အတိုက်အခံ သူပုန်များ အခိုင်အမာ တပ်စွဲထားသော ဘင်ဂါဇီမြို့ရှိ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ (NTC) ၏ ဒုဥက္ကဋ္ဌ အဗ္ဗဒယ် ဟာဖစ်ဂိုဂါ က AFP သတင်းသို့ ပြောသည်။
“လူတွေ သေနေတာ ကျွန်တော်တို့ မလိုလားပါဘူး။ စစ်ပွဲ အမြန်ဆုံး ရပ်တန့်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူ (ကဒါဖီ) အေးအေး ဆေးဆေး ထွက်ခွါသွားနိုင်ဖို့လည်း ကျွန်တော်တို့ လမ်းဖွင့်ပေးထားပါတယ်။”
ထရီပိုလီတွင် အာဏာပိုင်များက အပစ်ရပ်ရေး ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း တောင်အာဖရိကနှင့် ပြင်သစ် စေ့စပ်ညှိနှိုင်း ပေးသူများမှ တစ်ဆင့် သိရှိရကြောင်း ဂိုဂါက ဆက်လက် ပြောကြားသည်။
“NTC ကို ကမ်းလှမ်းရေးအတွက် ကြားဝင် စေ့စပ်ပေးမယ့် နိုင်ငံတွေကို ကဒါဖီ ရွေးချယ်ထားတာပါ။ ဒါပေမယ့် ဒီနေ့အထိတော့ ဘယ်လို ကမ်းလှမ်းချက်မျိုးမှ လက်ခံရရှိခြင်း မရှိသေးပါဘူး။”
“ဘယ်လို ကမ်းလှမ်းလာမှုမျိုးပဲ ဖြစ်ဖြစ် ကဒါဖီနဲ့ အစိုးရအတွင်း စည်းဝိုင်းအတွင်းကသူနဲ့ နီးစပ်တဲ့လူတွေ အာဏာ ဆက်လက် ချုပ်ကိုင်ထားမယ့် ကမ်းလှမ်းချက်မျိုးလားဆိုတာ ကျွန်တော်တို့ အသေအချာ လေ့လာမှာပါ။”
ကဒါဖီသည် အာဖရိကသမဂ္ဂကို အမြဲတမ်း ထောက်ခံလာခဲ့သူဖြစ်ပြီး အာဖရိက လူ့အဖွဲ့အစည်း အတွက် အပြည့်အဝ စိတ်ပါလက်ပါ လုပ်ကိုင် ဆောင်ရွက်တတ်သူ ဖြစ်သည်။ ၂၀၀၉ ခုနှစ်က အာဖရိက သမဂ္ဂအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပြီး အဖွဲ့ဝ နိုင်ငံများ ထိပ်သီး အစည်းအဝေး ပွဲနှစ်ခါ လက်ခံကျင်းပ ခဲ့ဖူးသည်။
ဇူးမားအပါအဝင် အာဖရိက ခေါင်းဆောင်အများက လက်ရှိနေတိုးက ဗုံးကြဲ တိုက်ခိုက်မှုများ အပေါ်ကန့်ကွက် ပြောကြားခဲ့သည်။
ဆန္ဒပြသူများကို ကဒါဖီအစိုးရက အကြမ်းဖက် နှိမ်နင်းမှုကြောင့် အရပ်သားများကို အကာအကွယ် ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂက လေကြောင်း တိုက်ခိုက်မှုကို သဘောတူညီခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်းနေရာ မရရှိသေးသော တောင်အာဖရိက ဇူးမားအစိုးရကလည်း ကဒါဖီသည် ကိုယ့်ပြည်သူများကို ပြန်သတ်ပြီး လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖေါက်လျက်ရှိသည် ဟူသော အမြင်ဖြင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်။
သို့သော်နေတိုးက အရပ်သားများကို ကာကွယ်ရန် ဟူသော အတိုင်းအတာထက် ကျော်လွန်ကာ အစိုးရ အပြောင်းအလဲ ဖြစ်ရေးအတွက် တိုက်ခိုက်မှုများ ပြုလာသဖြင့် ဇူးမားက အပြင်းအထန် ဝေဖန်ပြောကြားခဲ့သည်။
ယခုလ အစောပိုင်းက လစ်ဗျားအရေး အတွက် ဖွဲ့စည်းထားသော အာဖရိကအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ မာအူရီတန်းနီးယား သမ္မတ မိုဟာမက်အူးလ်ဒ်အဗ္ဗဒယ်လ်အာဇစ်က AFP သတင်းဌာနသို့ “ ကဒါဖီဟာ တိုင်းပြည်ကို ဆက်လက် ဦးဆောင်လို့ မရတော့ပါဘူး။ သူ ထွက်သွားပေးလိုက်တာ အကောင်းဆုံးပါပဲ။” ဟုပြောကြားခဲ့သည်။
သို့သော် သူနှင့် အခြားအာဖရိက ခေါင်းဆောင်များက အပစ်ရပ်ပြီး သံတမန် နည်းဖြင့် ဖြေရှင်းကြရန် တောင်းဆိုခဲ့ကြသည်။
ကဒါဖီ အာဏာစွန့်လျှင် အပစ်ရပ်မည်ဟု အတိုက်အခံ သူပုန်များနှင့် နေတိုးတို့က တောင်းဆိုထားသည့် အတိုင်း ဖြစ်မလာသေး သည့် အပစ်ရပ် ကမ်းလှမ်းချက်ကိုမူ အကောင်အထည် ဖေါ်နိုင်ခြင်း မရှိသေးပေ။
လွန်ခဲ့သည့်ရက် အနည်းငယ် အတွင်းက ကဒါဖီအာဏာစွန့်လျှင် အတိုက်အခံများက သူ့ကို နိုင်ငံတွင်း အဝေးတစ်နေရာ၌ပင် နေထိုင်ခွင့်ပြုရန် သဘော တူညီရမည်ဟူသော အချက်ဖြင့် ကမ်းလှမ်းလာမည်ဟု ကောလဟလ ထွက်ပေါ်လာခဲ့သေးသည်။ သို့သော် ဤသို့သော အဖြစ်မျိုးမှာ ဖြစ်နိုင်ချေရှိ၏၊ မရှိ၏ စဉ်းစားဖွယ်ပင်။
စနေနေ့က အဆင့်မြင့်အရာရှိ ခြာက်ဦးအပါအဝင် ကဒါဖီစစ်တပ်မှ အရာရှိကြီးငယ် ၃၈ ဦးတူနီးရှားဖက်သို့ ထွက်ပြေးသွားကြောင်း သူပုန်များကပြောသည်။

SOURCE: AL JAZEERA
0 comments:
Post a Comment