![]() |
ဂါဇီ ဖာဟန်၊ ဇနီး ဖြစ်သူ ဆောင်းပါးရှင် ဒေါက်တာ အလာအာရှီ ဟာဘီနှင့်သားငယ် |
ဘာရိန်း နိုင်ငံသမိုင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ် လူပေါင်း ရာပေါင်းများစွာ အစိုးရ ဆန့်ကျင်ပုန်ကန်မှုဖြင့် စစ်ခုံရုံးတင် အစစ်ဆေး ခံနေရပြီဖြစ်သည်။ ထို့အပြင် ရုံးတင်စစ်ဆေးခြင်း မပြုရသေးသော လူပေါင်း ထောင်ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်သည်။ လောလောဆယ် လူပေါင်း လေးရာခန့် ခုံရုံးတင် စစ်ဆေးလျက်ရှိပြီး ၁၀၀ ခန့်ကို ပြစ်ဒဏ် အသီးသီး ချမှတ်ပြီးကြောင်း အတိုက်အခံတို့က ဆိုသည်။ တရားစီရင်ရေးပုံစံမှာ ၂၀ ရာစု အစောပိုင်းတွင် စတာလင် ကျင့်သုံးခဲ့သော “စံနမူနာပြ ပြစ်ဒဏ်ပေးရေး” အစီအမံဖြင့် အတိုက်အခံများကို နှိပ်ကွပ်ခြင်း ဖြစ်သည်။ ထိုအထဲတွင် ကျွန်မခင်ပွန်းသည် အပါအဝင် ဖြစ်သည်။ ဇွန်လ ၂၁ နေ့က သူ့ကို ထောင်ဒဏ် သုံးနှစ် အပြစ်ဒဏ် ချမှတ်ခဲ့သည်။
ကျွန်မကို ဗြိတိန်မှာမွေးပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အခု ခင်ပွန်းသည်ဖြစ်တဲ့ ဂါဇီဖာဟန်နဲ့ လက်ထပ်ဖို့ ဘာရိန်းကို ပြောင်းရွှေ့ လာခဲ့ပါတယ်။ ကျွန်မခင်ပွန်း ဂါဇီဖာဟန်က အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီးတော့ အင်္ဂလန်နိုင်ငံ ကိမ်းဘရစ်မှာ သူလုပ်နေတဲ့ အောင်မြင်နေတဲ့ လုပ်ငန်းကို ပစ်ထားခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ မိဘဘိုးဘွားတွေ နေထိုင်သွားတဲ့ အမိနိုင်ငံ ဘာရိန်းကို နှစ်ယောက်သား ပြန်လာကြပြီးတော့ အိမ်ယာ ထူထောင်ခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် အာရပ်အုံကြွမှု စတင်လာတဲ့ အခါမှာတော့ ကျွန်မတို့ မိသားစု ဘဝလေး စိုစိုပြေပြေ ဖြစ်နေပါပြီ။ ဒီလို သာယာနေတဲ့ ဘဝလေးတစ်ခုဟာ မကြာခင်မှာပဲ ကြေမွ ပျက်စီးသွားရဖို့ ဖြစ်လာပါတော့တယ်။
ဧပြီလ ၁၂ ရက်နေ့ … ။
အဲဒီနေ့က ကျွန်မရဲ့ ခင်ပွန်း နေ့လည်စာ ထမင်းစားပြီး အပြန် သူ့ရုံးခန်းတည်ရှိရာ ကားရပ်တဲ့ နေရာမှာ ရုတ်တရက် အဖမ်းခံလိုက်ရပါတယ်။ မျက်နှာကို အဝတ်စည်း၊ လက်ထိပ် ခတ်ပြီးတော့ ဘယ်အဖွဲ့အစည်း ကမှန်းမသိရတဲ့ အရပ်ဝတ် အရပ်စားနဲ့ လူတွေက ဖမ်းဆီးခေါ်ဆောင် သွားတာပါ။ နောက် ၄၈ ရက်လောက် ကြာတဲ့အခါမှာတော့ အမျိုးသား လုံခြုံရေး တရားရုံးလို့ အမည်ပေးထားတဲ့ စစ်ခုံရုံးရှေ့မှောက်ကို ခေါ်ဆောင်သွားပါတယ်။ သူ့ကို စွဲတဲ့ စွဲချက်တွေက ပုလဲအဝိုင်းကြီးမှာလုပ်တဲ့ လူငါးဦးထက်ပိုပြီး တရားမဝင် စုရုံးတဲ့ လူစုလူဝေးကို တက်ရောက်မှု၊ အင်တာနက်ကနေ မမှန်သတင်းတွေ ရေးသားမှုတို့ ဖြစ်ပါတယ်။ အင်တာနက်ကနေ မမှန်သတင်း ရေးတယ်ဆိုတာက ဖေ့စ်ဘွတ်မှာရေးထားတဲ့ စာတစ်ကြောင်း (ကွန်းမန့်) ကို ဆိုလိုတာပါ။ ပြီးတော့ မတော်မတရား တစ်ဖက်သတ ကြားနာ၊ စွပ်စွဲပြီး တစ်ချက်လွှတ် အမိန့်နဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါ တယ်။ (မှတ်ချက်။ ။ ဘာရိန်း လူထုအုံကြွမှုတွင် မနားမား မြို့တော်အလည်ရှိ ပုလဲအဝိုင်း (Pearl Roundabout) ကိုစုရပ်ထားပြီး စုဝေး ဆန္ဒပြခဲ့ကြသည်။ ထို့အတွက် ဘာရိန်းအစိုးရက ထိုအဝိုင်းကြီးကို ယခုအခါ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။)
ဂျိုးဇက်စတာလင်က ၁၉၃၀နှစ်များအတွင်း နိုင်ငံရေး အတိုက်အခံ နှိမ်နင်းပွဲကြီးမှာ တရားစီရင်ရေး နည်းထုံးတွေကို ဖီလာပြီးတော့ လျှို့ဝှက် စစ်ခုံရုံးတစ်ခုမှာ “စံနမူနာပြ တရားစီရင်ခြင်း” (The Show Trial) ဆိုတဲ့ နိုင်ငံရေး လုပ်သူတွေကို ကြောက်လန့်သွားအောင် အရင် လူတွေကို ရက်ရက်စက်စက် အပြစ်ဒဏ်တွေ ပေးတဲ့နည်းကို စတင် ကျင့်သုံးခဲ့ပါတယ်။
ဒီဟာကို ဘာရိန်းမှာ စတာလင်ရဲ့ပြဋ္ဌာန်းချက် ကနေ တိုက်ရိုက်ယူပြီး ကျင့်သုံးနေပါပြီ။ ဒီနည်းက ဘယ်လိုလဲ ဆိုတော့ …
တရားခံအတွက် ချမှတ်မယ့် အပြစ်ဒဏ်ကိ ကြိုတင် သတ်မှတ်ထားလိုက်တယ်။ ပြီးမှ နှိပ်စက်ညှင်းပန်း၊ မိသားစုတွေကို ခြိမ်းခြောက် အဲဒီလိုနည်းနဲ့ အတင်းအဓမ္မ ဖိအားပေးပြီး ရရှိလာတဲ့ တရားခံဆီက ထွက်ချက်တွေအပေါ် မူတည်ပြီး ပြစ်ဒဏ်ကို အတိုးအလျှော့လုပ်တယ်။
စတာလင်ရဲ့နည်းမှာ နည်းနည်း ထပ်ပေါင်းပြီး ဆန်းသစ်ထားတဲ့ ၁၉၈၀ ကတည်းက ဘာရိန်းအစိုးရ ကျင့်သုံးလာတာ တစ်ခုရှိတယ်။ အဲဒါက အပြစ်ရှိသူ တစ်ယောက်ရဲ့ အဲဒီလို ထွက်ဆိုချက်တွေကို အများပြည်သူ သိရှိရအောင်လို့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတာပဲ ဖြစ်တယ်။ တစ်ခါတစ်လေများ ဘုရင်ကိုတောင် တောင်းပန်ရတဲ့ အထိ ထွက်ဆိုချက်တွေ ပြောရတယ်။
နမူနာတစ်ခုကတော့...
ဘုရင်ကို ဝေဖန်တဲ့ ကဗျာတစ်ပုဒ်ကို ရေးသားရွတ်ဖတ်မိလို့ ထောင်တစ်နှစ် ကျခံရတဲ့ အေယက် အယ်လ်ခါမူဇီလို့ ခေါ်တဲ့ ကဗျာဆရာ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ဘုရင့်အပေါ် တောင်းပန်မှုကို ထုတ်လွှင့် ပြသသွားတယ်။ တစ်နည်းအားဖြင့် ဘုရင့်ဆီက ကရုဏာတော်များ ရရှိနိုင်ဖို့ အသနားခံရခြင်းပေါ့။
သူ့ရဲ့ ပါးစပ်ထဲကို အိမ်သာ တိုက်တဲ့ ပွတ်တံနဲ့ အတင်းထိုးထည့်တယ်လို့ ထောင်ထဲမှာ ကဗျာဆရာ အေယက်နဲ့ အတူတူနေခဲ့ရတဲ့ လူတစ်ယောက်က နောက်ပိုင်း ပြန်ပြောပြတာ ကြားသိရပါတယ်။ တရားခွင်မှာ တရားစီရင်ခြင်းခံရတဲ့ သူတွေအားလုံးဟာ တိုင်းပြည်ကို သစ္စဖောက်သူတွေ ချည်းဖြစ်တယ်လို့ စွပ်စွဲတာ ခံရတယ်။ မတော်မတရား စီရင်ခြင်း ခံရတယ်။ အစိုးရပိုင် မီဒီယာတွေမှာ ဟိုးလေးတကျော် ဖေါ်ပြခြင်း ခံရတယ်။ အာရပ် အာဏာရှင်တွေ လက်စွဲ ကျင့်သုံးနည်းတွေဟာ နာဇီဝါဒီတွေရဲ့ နည်းတွေတောင် ဖြစ်နိုင်လောက်တယ်။ အစိုးရပိုင်း စာနယ်ဇင်းတွေက ဆန္ဒပြသူတွေကို “ခြကောင်” တွေလို့ ရေးသားပြီးတော့ ရှီးအိုက် မွတ်စလင် တွေကို “မကောင်းဆိုးဝါး အုပ်စု” လို့ သုံးနှုန်းတယ်။ သူတို့က အခြားသူတွေကို လူလို့တောင် မထင်ဘူး။ တိရစ္ဆာန်ထက်တောင် နှိမ့်ချပြီး ဆက်ဆံသင့်တယ်လို့ သတ်မှတ်ထားကြတယ်။
မတ်လကတည်းက စပြီးကျွန်မလိုပဲ ခံစားရသူ အတော်များများ တွေ့ရတယ်။ ပါဝင် သက်ဆိုင်သူ အားလုံး စိတ်ဆင်းရဲစရာ ကောင်းတဲ့ ရုံးတော်ရဲ့ တရားစီရင်ပုံက အဆင့်ဆင့်။ ပထမဦးဆုံး အဆင့်ကတော့ ရုတ်တရက် အဖမ်းခံလိုက်ရခြင်းပါ။ မနက်အစောကြီး အိမ်မှာလာဖမ်းချင် ဖမ်းမယ်။ စစ်ဆေးရေး ဂိတ်တစ်ခုခုမှာ ဖမ်းချင် ဖမ်းမယ်။ အချို့ဆိုရင် အလုပ်ထဲမှာ လိုက်ဖမ်းတာ ခံရတယ်။ ပြီးရင် ဘယ်သူတွေမှန်း မသိရတဲ့လူတွေက ဘယ်နေရာမှန်း မသိတဲ့နေရာကို ခေါ်သွားပြီး အကြာကြီး ထားထားမယ်။ ကျွန်မ ယောင်္ကျားကတော့ အရှေ့မှာ ပြောခဲ့သလိုပဲ ၄၈ ရက်ကြာခဲ့တယ်။
ကျွန်မအဖို့တော့ ဈေးသွားရင်း ကိုယ့်ကလေး ပျောက်သွားသလို ခံစားရပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့ အတွက် အကာအကွယ် ပေးနေတယ်ဆိုတဲ့၊ ကျွန်မတို့ အကာအကွယ် လိုတဲ့အခါ အကူအညီ တောင်းခံလို့ ရတယ်ဆိုတဲ့ လူတွေကိုယ်တိုင်က သူတို့ကို ဓါးစာခံအဖြစ် ဖမ်းဆီးထားပါလား ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ နှိပ်စက်ညှင်းပန်းမယ်။ မတရား အနိုင်ကျင့်မယ်။ တစ်ခါတစ်ရံ သေတဲ့ အထိအောင် နှိပ်စက်တတ်တယ်။
ဆန္ဒပြပွဲတွေကို နှိမ်နင်းတုန်းကဆိုရင် ပုလိပ်တွေ ဖမ်းဆီးထိန်းသိမ်းတဲ့ ကိုးရက်အတွင်း လူလေးဦး သေဆုံးခဲ့တယ်။ တခါတစ်လေ မိသားစုက လိုက်ရှာတဲ့အခါ ပုလိပ်တွေက သူတို့ဘာမှမသိဘူးလို့ ညာပြောလွှတ်တယ်။ အမျိုးသား လုံခြုံရေးဌာန ဆိုတာ လုပ်ချင်ရာကို လုပ်ချင်သလို လုပ်လို့ရပြီး ကျူးလွန်ခဲ့သမျှအတွက် ဘယ်လို တာဝန်ယူမှုမျိုးမှ၊ ဘယ်လို အပြစ်မျိုးမှ ပေးခြင်းမခံရတဲ့ အားလုံးရဲ့ အထက်မှာရှိတဲ့ အဖွဲ့အစည်းဆိုတာ ဖြစ်နိုင်လောက်တယ်။ ကျွန်မယောင်္ကျားကို ဖမ်းသွားစဉ်က အဖမ်းခံလိုက်ရပြီး နောက်နာရီ အနည်းငယ် အတွင်းမှာပဲ တွစ်တာက တစ်ဆင့်ကျွန်မ သိရတယ်။ လူမှုဆက်သွယ်ရေး ကွန်ယက်ရဲ့ အံ့ဖွယ် ကျေးဇူးတရား ကြောင့်သာပါပဲ။ ဒီကွန်ယက်တွေကို သုံးပြီးတော့ လှုပ်ရှား၊ ဖြန့်ဝေ၊ ဝေဖန်ရှုံ့ချခဲ့ကြတဲ့ လူတွေကိုလည်း ပုလိပ်တွေက ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်း ခဲ့ပါတယ်။
ဘာပြစ်မှုနဲ့ မှမငြိစွန်းပဲနဲ့ ပြန်လွတ်လာပါစေလို့ မျှော်လင့်နေရင်းပဲ မိသားစုတွေ အတွက် နောက်ထပ် စိတ်ဆင်းရဲစရာ တရားစီရင်ရေး ဒုတိယအဆင့်ကိုရောက် ၊ စစ်ခုံရုံးကိုတင်တဲ့ အဆင့်ကို ရောက်သွားပြန်ပါတယ်။ အဲဒီအထဲက အနည်းအကျဉ်း လောက်ပဲ ကိုယ့်မိသားစုကို ဖုံးခေါ်၊ ရှေ့နေငှားပြီး ခုခံဖို့ အခွင့်ကို ရကြတယ်။
ရီဖာမှာရှိတဲ့ ဒီစစ်ခုံရုံးက အသစ် ဆောက်ထားတာပါ။ ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ အခုလို အဖြစ်အပျက်တွေ အတွက် များရည်ရွယ်ပြီး ဆောက်ခဲ့သလားလို့တောင် တွေးရင် တွေးလို့ရတယ်။ အထဲကိုဝင်တော့မယ်ဆိုရင် နိုင်ငံသား မှတ်ပုံတင်ကလွဲလို့ ဘာမှ ယူလို့မရပါ။ လက်ပတ်နာရီ၊ ဘောလ်ပင်၊ လက်ဝတ်ရတနာအားလုံး ချွတ်ထားပစ် ခဲ့ရတယ်။ ယုတ်စွအဆုံး လက်ထပ် လက်စွပ်တောင် ဝတ်သွားလို့ မရဘူး။ ရှာလိုက် ဖွေလိုက်တာလည်း နှိုက်နှိုက်ချွတ်ချွတ်။ အဲဒီလို လျှပ်စစ်ရှာဖွေရေး ကိရိယာတွေ၊ လက်တွေနဲ့ စမ်းသပ်ရှာဖွေဖို့ ကျွန်မရဲ့ ခေါင်းခြုံပဝါနဲ့ နားကပ်တောင် ချွတ်ထားရတယ်။
ဧည့်ခန်းနဲ့ တရားရုံးခန်းမတွေထဲမှာ လုံခြုံရေးတွေက နှစ်မီတာ အကွာတိုင်းမှာ တစ်ယောက် မတ်တတ်ရပ်ပြီး လုံခြုံရေး ယူထားတယ်။ ဒီရုံးမှာ တရားရုံးခန်း နှစ်ခန်းပဲရှိပြီးတော့ တစ်နေ့တစ်နေ့ ဒီလို လူတွေအများကြီးကို အမှုစစ် ရလိမ့်မယ်လို့ ရည်ရွယ်ပြီး တည်ဆောက် ထားပုံတော့မရဘူး။ အမျိုးသမီး အချုပ်သားတွေကို ရှေ့နေများ အခန်းထဲမှာ ထိန်းသိမ်း ထားပြီးတော့ အမျိုးသား တွေကတော့ သူတို့ရဲ့ အချုပ်ခန်းတွေထဲမှာ ပြည့်ကြပ်ပြီး နေရာမရှိတော့တဲ့ အတွက် နေပူကြီးထဲမှာ မတ်တတ်ရပ် နေရပါတယ်။ သူတို့ အခန်းထဲမှာ အမျိုးသမီးတွေကို ထည့်ထားရတဲ့အတွက် ရှေ့နေတွေကတော့ ဧည့်ခန်းထဲမှာ ဟိုဒီ လျှောက်နေကြတယ်။
စောင့်နေသူများ အခန်းမှာတော့ အမေတွေ၊ အစ်မညီမတွေနဲ့ ဇနီးမယားတွေ အပြည့်။ သူတို့ရဲ့ သားတွေ၊ အစ်ကိုမောင်တွေ၊ လင်ယောင်္ကျားတွေကို လနဲ့ချီပြီးတော့ တွေ့မြင်ခွင့် မရသေးတဲ့ သူတွေပေါ့။ သူတို့ရဲ့ မျက်ခုံးတွေမှာ ပူပင်သောကတွေ ထုနဲ့ထည်နဲ့ ဖိစီးထားကြတယ်။ မျက်လုံးတွေမှာ စိုးရိမ်သောက တောက်လောင်နေတဲ့ အရိပ်တွေနဲ့ တစ်ခါတစ်ရံ ငိုညည်းသံလေးများ မထွက်လိုက်နဲ့ ချက်ခြင်း အဟိန်းအဟောက် ခံရတယ်။ ကျွန်မဘေးနားက အမျိုးသမီး တစ်ယောက်က ကျွန်မကို ပြောတယ်။
“စိတ်ကိုခိုင်ခိုင်ထား သူငယ်ချင်း။ မင်းယောင်္ကျားကို အခုပထမဆုံး အကြိမ်စပြီး တွေ့ရမယ်ဆိုရင် စိတ်ခိုင်မှ ဖြစ်မယ်။ အဲဒီအချိန်မှာ နည်းနည်းလေးမှ ရှိုက်သံလေးတောင် မထွက်မိစေနဲ့။ တစ်ခါတည်း မင်းကို အပြင် ဆွဲထုတ်သွားလိမ့်မယ်။ ကျွန်မ တစ်ခါ ခံရပြီးပြီးလေ ။ ”
ရုံးတစ်ခါတစ်ခါ ထုတ်ဖို့ကိုလည်း အကြာကြီး စောင့်ရတယ်။ လက်ပတ်နာရီလည်း မရှိ၊ တိုင်ကပ်နာရီလည်း ကြည့်ဖို့မရှိ၊ စောင့်ရတဲ့ အချိန်တွေ အတိုင်းမသိကို ရှည်လျားလွန်း လှပါတယ်။ မကြာခဏ ဆိုသလို စစ်တပ်အရာရှိတွေ ရုံးခန်းတံခါးကို ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ ဝင်ထွက်သွားလာ နေကြတာကြောင့် တစ်ချက်တော့ ကျွန်မချောင်းကြည့်လိုက်တယ်။ တရားခံတွေကို နံရံဘက်မျက်နှာ မူခိုင်းထားပြီးတော့ နံရံမှာ တန်းစီ ရပ်ခိုင်းထားတယ်။ သူတို့ရဲ ကံကြမ္မာကို ဒီနေရာက အဆုံးအဖြတ် ပေးတော့မယ်။ အဆုံးအဖြတ် ပေးမယ့်သူကတော့ ဘုရားသခင်မဟုတ်။ အညှာတာကင်းတဲ့ စစ်ခုံရုံး တရားသူကြီးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲ ခံစားခံစား အားလုံးကို တင်းတင်းကြပ်ကြပ် ချုပ်ခြယ်ထားတဲ့ နေရာတစ်ခုပါ။ သူတို့တွေကို ခေါင်းတုံး ရိတ်ပေးထားတယ်။ ဘာတွေပဲ ပြောခွင့်ရမလဲ ဆိုတာလည်း သူတို့သိတယ်။ အမှုတွဲတွေ တစ်ပုံကြီးနဲ့ တရားသူကြီးက လွန်းထိုး ခေါက်ပြန်အလုပ်များနေပြီး နောက်တစ်နာရီအတွင်း အလုပ်ပြီးပြတ် သွားဖို့အတွက် အလျင် အမြန်ပဲ လုပ်နေတယ်။
ကျွန်မယောင်္ကျား ဂါဇီကို ပထမဦးဆုံးအကြိမ် ရုံးထုတ်တော့ သူ့ကို ကြည့်ရတာ အတော်လေး တုန်လှုပ် ခြောက်ခြားပြီး ဆောက်တည်ရာမရ ဖြစ်နေပါတယ်။ ရုတ်တရက် ဆိုသလိုပဲ တရားသူကြီး သုံးယောက်ရှေ့မှာ သတိ အနေအထားနဲ့ မတ်တပ်ရပ်၊ ဘဝမှာ ပထမဦးဆုံး အကြိမ်အဖြစ် ကိုယ်ကျူးလွန်ခဲ့တယ် ဆိုတဲ့ ပြစ်မှုကြီးတွေ ရွတ်ပြတာကို နားထောင်၊ အပြစ်ရှိ၊ မရှိသာထုချေ၊ လပေါင်း အတန်ကြာ မတွေ့ရတဲ့ ကိုယ့်ချစ်သူ၊ ခင်သူတွေကို ဒီလိုနေရာမှာ ပြန်တွေ့ရတဲ့ ခံစားချက်ဟာ အင်မတန် ပြင်းထန်လှ ပါတယ်။ သူ့ကိုယ်အလေးချိန် ၁၀ ကီလိုလောက် ကျသွားတယ်လို့ ကျွန်မထင်တယ်။ မျက်လုံးမှာလည်း သွေးချည်မျှင်တွေပေါက်လို့ နီရဲနေတယ်။ လက်ကောက်ဝတ် ပတ်လည်မှာလည်း နီရဲနေတယ်။ မျက်လုံးကို အကြာကြီး အဝတ်နဲ့ ပိတ်စည်းထားပြီး၊ လက်ထိပ် အခတ်ခံထားရတဲ့ ဒဏ်တွေပါ။ အဲဒီလို လူတစ်ယောက်ဟာ တကယ် အပြစ်မရှိဘူးဆိုရင် ဘုရားသခင် ကယ်တင်တော်မူပါ။
ဒီလိုမြင်တွေ့ရတာတွေဟာ လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် အပြစ်ဒဏ်ပေးခြင်း၊ အရှက်ခွဲခြင်းသာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာရော အရပ်သားတွေအတွက် ဒီလိုစစ်ခုံရုံးနဲ့ အပြစ်ပေးခြင်းဟာ အောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။ တရားရုံးထဲကို ရောက်သွားတာနဲ့ တရားသူကြီးတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေ ကိုယ်တိုင်ဟာလည်း ဖိနှိပ်မှုအတွက် သုံးတဲ့ လက်ကိုင်တုတ် တွေပဲဆိုတာ သိနားလည် လိုက်ရပါတော့တယ်။ စီရင်ချက်တွေကို ကြိုတင် သတ်မှတ်ထား ပြီးသားဆိုတာ ကျွန်မသိလိုက်ရပါတယ်။ တရားခွင်တင်ပြီး စစ်ဆေးတယ်ဆိုတာ ဟန်ပြသက်သက်ပါ။ မတရားမှုဆိုတဲ့ မစင်ကို တရားမျှတ သယောင်အပေါ်ယံ နံ့သာရည် လိမ်းကျံထားရုံ သက်သက်ပါ။ ကျွန်မတို့ရဲ့ ရှေ့နေက အစွမ်းကုန် ကြိုးစားပြီး ခုခံ ချေပလေလေ၊ အပြစ်ဒဏ်က ပိုကြီးလေလေပါ။
ဇွန်လ ၂၁ ရက်နေ့မှာတော့ ကျွန်မခင်ပွန်းမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ် စီရင်ချက် ချလိုက်ပါတော့တယ်။ ဒီလို ဆုံးဖြတ်ချက်ချတဲ့ အဆင့်က တတိယမြောက် အဆင့် ဖြစ်ပြီး တရားခံ အတော်များများ အဲဒီအဆင့်အထိ ရောက်ရှိခဲ့ကြပါတယ်။ ဒီအဆင့်ကို ရောက်လာမှတော့ ကျွန်မလည်း အဆိုးဆုံး အခြေအနေကိုသာ မျှော်လင့်ထားဖို့ ဖြစ်လာရပါတော့တယ်။ ရှေ့နေက ခိုင်ခိုင်လုံလုံနဲ့ လျှောက်လဲတင်ပြချက်တွေကို လုံးဝအရေးမထားဘဲ ဒီလို ပြစ်ဒဏ်ပေးလိုက်ခြင်းဟာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက် နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ် ဆိုတာကို ထုတ်ဖေါ်ပြသလိုက်ခြင်း ပါပဲ။ နောက်ပြီး ကျွန်မရဲ့ ယောင်္ကျားဟာလည်း သူ့ရှေ့နေနဲ့ တစ်ခါမှစကားမပြောခဲ့ရပါဘူး။ ဒါဟာ စီရင်ချက်ကိုကြိုတင်သတ်မှတ်ထားပြီး တရားစီရင်ရေးရဲ့ လုပ်ထုံး လုပ်နည်းတွေကို ချိုးဖောက်ခဲ့တာပါ။ ကျွန်မတို့ ရှေ့နေကြီးက ဒီအဆင့်မှာ သူကိုယ်တိုင် အသုံးချ ခံလိုက် ရသလိုမျိုး ခံစားရကြောင်း ထုတ်ဖေါ် ပြောကြားပါတယ်။ ကိုယ့်စိတ်ကိုယ်သာ ငြိမ်းချမ်းအောင် ကြိုးစားရတော့မှာ ဖြစ်ကြောင်း သူကပြောပါတယ်။
ကျွန်မ နားထောင်ခဲ့ရတဲ့ တရားခွင် တစ်ခုမှာဆိုရင် အတော်ကို ပေါက်တတ်ကရ တွေပါ။ အာရှတိုက်သား တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ ကိုယ်ကာယ ဗလမောင် တစ်ဦးပါတယ်။ လူငယ် ဝတုတ်လေး သုံးယောက်က ခဲပေါက်မှု။ နောက် တစ်ယောက်တော့ စစ်ဆေးရေးဂိတ် မှာကားကို အရှိန်မလျှော့ဘဲ မောင်းနှင်မှု။ နောက် တစ်ယောက်ကတော့ ဓါတ်ပုံကို ဖြတ်ညှပ်ကပ် လုပ်မှုနဲ့ ငါးနှစ်ကျသွားတယ်။
စတာလင် ခေတ်တုန်းကဆိုရင် ဒီလို စံနမူနာပြ တရားစီရင်ရေးတွေမှာ အထူး စီရင်ချက် ဆိုပြီးချတဲ့ အမှုတွေရှိတယ်။ အဓိက အမှုကြီးတစ်ခုကို မကြာခင်ကမှ စီရင်ချက် ချလိုက်သေးတယ်။ အဓိက အတိုက်အခံ ခေါင်းဆောင် ၂၁ ယောက်ကို အစိုးရ ဖြုတ်ချရေး ကြံစည်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ် ပေးလိုက်တယ်။ ဒုတိယ အကြီးဆုံး အမှုကတော့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄၇ ဦး။ ကျွန်မ အမြင်မှာတော့ တော်တော်လေးကို ခါးသီးစက်ဆုပ်ဖွယ် စီရင်ချက် ဖြစ်ပါတယ်။ သူတို့ကိုလည်း အစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီဆေးဘက် ဆိုင်ရာ ဝန်ထမ်းတွေထဲမှာ သိပ်တော်တဲ့ သမားတော်ကြီးတွေလည်း ပါဝင်ပါတယ်။ ကျွန်မကြားဖူးသမျှ အပြစ်ဒဏ်တွေ ထဲမှာတော့ ကျွန်မယောင်္ကျား ပြစ်ဒဏ်ကတော့ အသေးအဖွဲလေးပါပဲ။
စစ်ခုံရုံးဆိုတာကို နိုင်ငံရေး ပြစ်မှုတွေအတွက် တရားမျှတသဖွယ် ဖြစ်အောင် အသုံးပြုနေတဲ့ အဓိကနေရာ ဌာနတစ်ခုပါ။ တရားစီရင်ခြင်းဆိုင်ရာ ကိစ္စအဝဝက လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် ပြီးစီးသွားပါတယ်။ ဥပဒေ ပြင်ပကနေ တစ်ခါတစ်လေ သေတဲ့အထိအောင် ဖြစ်တတ်တဲ့ နှိပ်စက်ညှင်းပန်းခြင်းနည်း တွေကို အသုံးပြုပြီး စီရင်တာ ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်ပဲ အာဏာရှင်တွေဟာ စစ်ဥပဒေနဲ့ တရားစီရင်ရတာကို သဘော တွေ့ပြီးတော့ အမှု အများဆုံးကတော့ ကြိုတင် သတ်မှတ်ထားတဲ့ အတိုင်း ပြစ်ဒဏ်တွေ ပေးချလိုက်တာပါပဲ။
ဒီနေ့မှာတော့ ဘာရိန်းမှာ အတော်တကာ့ အတော်ဆုံး၊ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ လူတွေ စစ်ခုံရုံးဆီ ရောက်နေကြပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေက ထိခိုက်ဒဏ်ရာ ရလာတဲ့ ဆန္ဒပြသူတွေကို ပြုစုကုသပေးလို့၊ ကျောင်းဆရာတွေ၊ အင်ဂျင်နီယာတွေက ဆန္ဒပြပွဲ တွေမှာပါဝင်လို့၊ ဒီလိုပဲ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ ဘောလုံးသမားတွေ၊ ပညာတတ်တွေ၊ သတင်းသမားတွေ၊ ကျောင်းသားတွေ၊ လုပ်ငန်းရှင်တွေ လူတန်းစားအလွှာ အသီးသီး စစ်ခုံရုံးကို ရောက်ကုန်ကြပါတယ်။ လူ့အခွင့်အရး စောင့်ကြည့်အဖွဲ့က ဒီတရားစီရင်မှုတွေကို “ဟာသ တရားစီရင်ရေး” လို့ နာမည်ပေးထားတယ်။
ဒီစစ်ခုံရုံးကြီးကို ဖျက်သိမ်းပြီးတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ လူတွေကို ချက်ခြင်း လွှတ်ပေးရပါမယ်။ ဒီလို စံနမူနာပြ တရားစီရင်မှုတွေဟာ အစိုးရရဲ့အင်အားနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အတင်းအဓမ္မ လုပ်ဆောင်နေတာဖြစ်လို့ ဥပဒေနဲ့မညီပါဘူး။ မျှတမှုလည်း မရှိပါဘူး။ ဘာရိန်းဆိုတဲ့ ဒီကျွန်းနိုင်ငံပေါ်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တရားစီရင်ရေးဟာ ဘက်ပေါင်းစုံက ခိုင်မာမှုရှိဖို့ လိုပါတယ်။
ဆောင်းပါးရှင် ဒေါက်တာ အလာအယ်ရှီဟာဘီသည် ယခင် REND ကော်ပိုးရေးရှင်းကြီး၏ မူဝါဒ လေ့လာ အကဲဖြတ် တစ်ဦးဖြစ်ပြီး ယခုအခါ ဘာရိန်းတွင် စီးပွားရေး ဘာသာရပ် ဟောပြောပို့ချသူ အဖြစ် ဆောင်ရွက်လျက် ရှိသည်။
Source: Al Jazeera

0 comments:
Post a Comment