အတိုက်အခံများနှင့် ဆန္ဒပြသူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ သားဖြစ်သူ ဆာအစ် အယ်လ်အစ္စလာမ်နှင့် ထောက်လှမ်းရေး အကြီးအကဲ တို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်း ထုတ်လိုက်ခြင်းအပေါ် လစ်ဗျားအစိုးရက ပယ်ချခဲ့သည်။
လစ်ဗျားတရားရေး ဝန်ကြီး မိုဟာမက်အယ်လ်ဂါမူဒီက ကဒါဖီကို နေတိုးအဖွဲ့က လုပ်ကြံရန် ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ခါလက်ခါအိမ်းက ICC သည် ဥရောပ၏ နိုင်ငံခြားရေး မူဝါဒများကို အကောင်အထည် ဖေါ်ဆောင် ပေးနေသော ယန္တယားတစ်ခုသာ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။
“ဥရောပက ပေးကမ်းစွန့်ကြဲနေတဲ့သူတွေရဲ့ နိုင်ငံရေး ရည်ရွယ်ချက် တွေအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် လစ်ဗျားတရားရုံး တွေမှာလည်း လစ်ဗျား လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ အခြား ရာဇဝတ်မှုတွေအတွက် ဖြေရှင်းနိုင်ပါတယ်။” ဟု နိုင်ငံခြားရေး ဝန်ကြီးကဆိုသည်။
လစ်ဗျား ဆူပူအုံကြွမှုတွင် စစ်တပ်ကို အသုံးပြုပြီး အရပ်သားများကို သတ်ဖြတ်ခဲ့မှုအတွက် ထိုသုံးဦးကို အလိုရှိကြောင်း ICC ကဆိုသည်။ အဆိုပါ ကြေငြာချက်ကြောင့် လစ်ဗျား သူပုန်များ ကျေနပ်အားရ ဝမ်းသာဖြစ်ခဲ့ကြသည်။
အယ်လ်ဂျာဇီယာ သတင်းထောက် ဆူးတာတန်က အတိုက်အခံတို့ သိမ်းပိုက်ထားသော မြို့တော် မစ္စူရာတာမှနေ၍ သတင်းပေးပို့ ခဲ့ရာ ကဒါဖီကို ဖမ်းဝရမ်းထုတ်မည့် သတင်းကို မြို့သူမြို့သားများက အလွန် စိတ်အားထက်သန်စွာ စောင့်ဆိုင်း နေကြကြောင်း ဆိုသည်။
“ဒီမှာရှိတဲ့ မိသားစုတိုင်းလိုလိုမှာ အစိုးရနဲ့ ပစ်ခတ်မှုတွေမှာ သေတဲ့လူတွေ၊ အစိုးရက ဖမ်းပြီး ထရီပိုလီကို ခေါ်သွားတဲ့ လူတွေနဲ့ မိသားစုဝင်တွေဆုံးရှုံးခဲ့ကြရတဲ့ လူတွေချည်းပါပဲ။ ဒီလိုဖမ်းဝရမ်းထုတ်လိုက်ခြင်းက မစ္စူရာတာမှာ အစိုးရကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတယူ နားထောင်နေတယ်ဆိုတာကို ပြသလိုက်တဲ့ လက္ခဏာပါပဲ။”
Source: Al Jazeera
0 comments:
Post a Comment