Saturday, July 16, 2011

ဆီးရီးယားအစိုးရ သတ်ဖြတ်နေဆဲ



ဆီးရီးယားတွင် အစိုးရဆန့်ကျင်သူရာပေါင်းများစွာ လမ်းမများပေါ်ထွက်ကာ ဆန္ဒပြကြရာတွင် ရများက ပစ်ခတ်နှိမ်နင်းရာ ၂၇ ဦးသေဆုံးခဲ့သည်။
မြို့တော်ဒမတ်စကတ်တွင် ၅ ယောက်၊ နိုင်ငံတောင်ဘက် ဂျော်ဒန်နယ်စပ်အနီးတွင် ၄ ယောက်သေဆုံးကြောင်း မျက်မြင်သက် သေများ၏ ပြောစကားဖြင့် ရိုက်တာ သတင်းဌာနကပြောကြားခဲ့သည်။ တောင်ဘက် အဒ္ဒလစ်မြို့တွင်လည်း သတင်းထောက်သုံး ယောက် သေဆုံးကြောင်းသိရသည်။
ဒမတ်စကတ်မြို့ရူခန်အယ်လ်-ဒင်ခရိုင်တွင် မျက်နှာဖုံးအဖြူတပ်ဆင်ထားသောလူငယ်များက တုတ်များ၊ ကျောက်ခဲများနှင့် ရဲများကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ ရိုက်တာ သတင်းကဖေါ်ပြခဲ့သည်။
“ဘက်ရှာအယ်လ်အာဆက် ကျရှုံးပါစေ” ဟူသောကြွေးကြော်သံများဟစ်အော်ခဲ့ကြောင်းသိရသည်။

ဒမတ်စကတ်မြို့ထဲမှ မျက်မြင်သက်သေတစ်ဦးက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောပြခဲ့ရာ “ကျွန်တော်တို့ မိုင်ဒန်ဆိုတဲ့နေရာမှာ ရောက်နေပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နေပြီးတော့ လူတွေကတော့ ကြွေးကြော်သံတွေအော်ဟစ်နေကြ တယ်။” ဟု ဆိုသည်။

ဟားမားမြို့ အော်ရွန်တို့စ် ရင်ပြင်တွင် များပြားလှစွာသော လူအုပ်ကြီးက ၁၉၈၂ ခုနှစ်က ဆန္ဒပြသူများကို စစ်တပ်ကသတ်ဖြတ် နေသော ဗွီဒီယိုမှတ်တမ်းကားကို ပြသလျက်ရှိသည်။ “အစိုးရကို အလိုမရှိ” လူအများကကြွေးကြော်နေကြသည်။

အယ်လ်ဂျာဇီယာအနေဖြင့် အကြမ်းဖက်သတ်ဖြတ်မှုသတင်းများကို ကိုယ်တိုင်ကိုယ်ကျ အတည်မပြုနိုင်ပေ။

အရှေ့ဘက် ဆန္ဒပြသူဦးရေ အနည်းဆုံး ၃၅၀,၀၀၀ ဦးရေခန့်ရှိကြောင်း လန်ဒန်အခြေစိုက် တစ်သီးပုဂ္ဂလလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ဖြစ်သော ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (SOHR) အဖွဲ့ကပြောသည်။
“အကြီးမားဆုံး လူထုဆန္ဒပြပွဲတွေပါပဲ။ ဒမတ်စကတ်ကနေ ပထမဦးဆုံးအကြိမ်အဖြစ် လူတွေအများကြီးထွက်လာပြီး ဆန္ဒပြကြတယ် ဆိုတာ အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။” SOHR ဥက္ကဋ္ဌ ရာမီအဗ္ဗဒဲလ်ရာမန်က ပြောသည်။
ယမန်နေ့က ဒီအာအယ်လ်ဇါဝါပြည်နယ်တွင် ဆန္ဒပြသူနှစ်ဦးကို အစိုးရက ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကြာသပတေးနေ့က ယင်းမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် လုံးဝသပိတ်မှောက်ခဲ့ကြသည်။ လုပ်ငန်းများအားလုံးပိတ်ပစ်လိုက် ကြကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။ သို့သော အစိုးရရုံးများမှာမူ လည်ပတ်မြဲလည်ပတ်နေခဲ့သည်။

ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များက ဒမတ်စကတ်၊ အဒ္ဒလစ်ပြည်နယ် နှင့် နိုင်ငံရေးအရ အစိုးရအတွက် အရေးကြီးသော အနောက်မြောက်ဘက် တူရကီနယ်စပ်အနီး ဒေသများတွင် အစိုးရစစ်တပ်များကလည်း အားလုံးသိမ်းကြုံးပြီး ဖြိုခွင်းနှိမ်နင်း ဖမ်းဆီးခဲ့ကြသည်။
ဘာ့သ်ပါတီ သက်တမ်း ၄၀ တွင် သမ္မတအာဆက်သည် နိုင်ငံရေးအကြပ်အတည်းတွေ့ရလျက်ရှိပြီး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းလျက်ရှိသည်။ ဆန္ဒပြသူများက ပြုပြင်ပြောင်းလဲရေး အတွက် တောင်းဆိုလျက်ရှိသည်။

ဆီးရီးယားတွင် ဆန္ဒပြပွဲများကို အစိုးရအကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူပေါင်း ၁,၄၀၀ ခန့်ရှိပြီဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ပြောကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။