Friday, July 15, 2011

၂၀၁၁ တွင် အာဖဂန်အရပ်သား သေဆုံးမှုအများဆုံးဖြစ်လာ



အာဖဂန်စစ်ပွဲ ဆယ်စုနှစ်တစ်ခုကျော်ဖြတ်လာချိန်မှာ အခု ၂၀၁၁ ခုနှစ် နှစ်ဝက်ဟာ အရပ်သားတွေ သေပျောက်မှုနှုန်း အမြင့်ဆုံး ဖြစ်လာကြောင်း နိုင်ငံတွင်းကုလသမဂ္ဂ အဖွဲ့ကပြောပါတယ်။
အာဖဂန်အကူအညီပေးရေးကုလသမဂ္ဂ (UNAMA) အဖွဲ့က ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံ စာအရ လွန်ခဲ့တဲ့နှစ်က ဒီအချိန်အပိုင်းအခြားအတွင်းသေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်ထက် အခုနှစ်က ၁၅% ပိုများလာ တယ်လို့ဆိုပါတယ်။
“လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ဦးရေမပါဘဲ ၂၀၁၁ နှစ်ဝက်မှာ အကြမ်းဖက်မှုသက်သက်ကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ လူဦးရေ များပြားလာပါတယ်။” လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်တွေထံကနေ အာဖဂန်တပ်တွေက လုံခြုံရေးတပ်တွေကို လွှဲပြောင်းရယူရာမှာ အကြမ်းဖက်မှုတွေက ပိုပြီး အားကောင်းလာပြီးတော့ အသေအပျောက်တွေပိုဖြစ်စေခဲ့တယ် လို့ဆိုပါတယ်။
“အကြမ်းဖက်မှုတွေမြင့်တက်လာခြင်းကြောင့် အာဖဂန်တပ်တွေဟာ လုံခြုံရေးတာဝန်ကို မယူနိုင်သေးဘူးဆိုတာ ပြသနေပါတယ်။”
အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီးတော့ အရပ်သားသေဆုံးသူ ဦးရေ ၁၄၆၂ ဦးရှိတယ်လို့ ဖေါ်ပြပါတယ်။
လက်လုပ်လမ်းဘေးဗုံးတွေ၊ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ၊ ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ နေတိုးရဲ့လေကြောင်းထိုးစစ်တွေမှာ သေဆုံးခဲ့ကြတဲ့ အရပ်သားတွေဖြစ်ပါတယ်။ အစိုးရဆန့်ကျင်ရေးတိုက်ခိုက်ရေးသမားတွေရဲ့လက်ချက်ကြောင့်သေဆုံးရတာက ၈၀% ရှိတယ်လို့ နှစ်ဝက်တစ်ခါထွက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဆိုပါတယ်။

အစိုးရတပ်တွေနဲ့ နေတိုးဦးဆောင်တပ်တွေရဲ့လက်ချက်နဲ့ သေရတာက ၁၄% ရှိပါတယ်။ ၉% တော့ကျဆင်းသွားတယ်။ ဒါပေမယ့် အရပ်သားအသေအပျောက်များတဲ့ လေကြောင်းထိုးစစ်တိုက်ခိုက်မှု ဗျူဟာကိုတော့ လူအများက မကြိုက်ကြပါဘူး။
နေတိုးဦးဆောင် နိုင်ငံတကာအလုံခြုံရေးအထောက်အကူပြုတပ် (ISAF) တွေရဲ့လေကြောင်းထိုးစစ်တွေကြောင့်သေရတဲ့ လူဦးရေက ၇၉ ဦးရှိကြောင်း ၂၀၁၁ အစီရင်ခံစာကပြောပါတယ်။ ရဟတ်ယာဉ်နဲ့ကောင်းကင်ကနေပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့လူဦးရေက လေကြောင်းထိုးစစ်ကြောင့် သေဆုံးရတဲ့ စုစုပေါင်းအရပ်သားဦးရေရဲ့ ၅၆ ရာခိုင်နှုန်းရှိပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့်သေဆုံးရတဲ့ ဦးရေကတော့ မြင့်မားဆဲပါပဲ။ ဒီနှစ်အစီရင်ခံစာအရဆို ၅၂ ရာခိုင်နှုန်းတိုးလာပါ သေးတယ်။ နည်းအမျိုးမျိုးနဲ့ အရပ်သားတွေသေကြေရတဲ့ စာရင်းဇယားတွေထဲမှာ အသေခံဗုံးခွဲနည်းကြောင့် သေရတဲ့ ဦးရေက အများဆုံးပါပဲ။

နေတိုးတပ်တွေကနေ အာဖဂန်တပ်တွေဆီကို လုံခြုံရေးတာဝန်တွေလွှဲအပ်တော့မယ်ဆိုတာနဲ့တစ်ပြိုင်နက် အရင်က နယ်မြေကျဉ်းသွားတဲ့ အကြမ်းဖက်သမားတွေက မြို့ပြတွေကို တိုက်ခိုက်လာကြပြီး နယ်မြေပြန်ချဲ့ဖို့ကြိုးစားလာကြပါတော့တယ်။
“၂၀၁၁ ခုနှစ်မှာ အသေခံဗုံးခွဲမှုတွေက ပိုပြီးရှုပ်ထွေးလာတယ်။ တစ်ခါတစ်ရံ သတ်မှတ်နေရာတွေမှာ အသေခံဗုံးခွဲသူ တွေ အများကြီးနဲ့ တိုက်ခိုက်လာကြတဲ့ အခါကျတော့ အရပ်သားတွေ ပိုသေကြရတယ်။” လို့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။