Wednesday, October 19, 2011
တိဘက်ယဉ်ကျေးမှုကို တရုတ်က အန္တရာယ်ပေးနေပြီလား
အဲဒီနေ့နံနက်ခင်းကိုတော့ ကျွန်တော်မမေ့နိုင်တော့ပါဘူး ။
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ကင်မရာသမားနဲ့နှစ်ယောက်သား တိဘက်ဘုန်းကြီးကျောင်းတစ်ကျောင်းက တိဘက်ဘုန်း တော်ကြီးတွေ ကွင်းပြင်ထဲမှာ ဘုရားရှိခိုးနေကြတဲ့ မြင်ကွင်းကို ရိုက်ကူးနေကြတဲ့ အချိန်ပေါ့။
နောက်တော့ တိဘက်မြင်းစီးသမားတစ်အုပ်ကြီး ရုတ်တရက်ပေါ်လာတယ် ။ သူတို့ကိုမီဖို့အတွက် အနီးဆုံးအပေါက် ကနေပြေးထွက်ပြီး လိုက်ရတယ်။ ကျွန်တော်တို့အခုရောက်နေတဲ့မြို့ထဲကို သူတို့ကမြင်းတွေစီးပြီးဆင်းချလာတာ ခင်ဗျ။
၂၀၀၈ ခုနှစ်၊ နွေဦးပေါက်ရာသီပါ။ အိုလံပစ်ပွဲကြီးကို ဂုဏ်ယူဝံ့ကြွား ကျင်းပဖို့ပြင်ဆင်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ တိဘက်တွေ ဆန္ဒပြကြတဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးဖြစ်နေတဲ့ အချိန်နဲ့ကွက်တိ ကျွန်တော်တို့လည်းတိဘက်ကိုရောက် နေတဲ့အချိန်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေက လာဆာမှာစတင်ခဲ့ပါတယ်။ နောက်တော့ ဒေသတစ်ခွင်ပျံ့နှံ့သွားပါတယ်။
တစ်ညလုံးသွားပြီး ကျွန်တော်တို့ ဘိုရာလို့ခေါ်တဲ့မြို့ကလေးကိုရောက်သွားခဲ့ပါတယ်။ တောင်ကုန်းတွေကြားထဲက မြို့သေးသေးလေးပါ။ တရုတ်တွေက ဂန်ဆုပြည်နယ်လို့ခေါ်ပြီး တိဘက်တွေကတော့ အမ်ချိုလို့ခေါ်ပါတယ်။
ကျွန်တော်တို့ ဘုန်းကြီးကျောင်းဝကိုရောက်သွားတဲ့ အချိန်မှာတော့ မယုံနိုင်စရာမြင်ကွင်းတစ်ခုနဲ့တိုးပါတော့တယ်။ ယောင်္ကျားတွေ၊ မိန်းမတွေ တိရစ္ဆာသားရေတွေနဲ့ တိဘက်ရိုးရာဝတ်စုံတွေဝတ်ပြီး အချို့မြင်းတွေပေါ်မှာ၊ အချို့က ခြေကျင်လျှောက်ပြီး တရုတ်ရဲ့ဖိနှိပ်ခံဘ၀ကနေလွတ်လပ်မှုအတွက် အော်ဟစ်တောင်းဆိုနေကြပါတယ်။ ရာပေါင်းများ စွာ အစိုးရအဆောက်အဦဆီကို ချီတက်လာကြတယ်။ ဤတွင် တရုတ်လုံထိန်းများ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းဖို့ရောက်လာတာဖြစ်ကြောင်း ရွာသားတွေကို သူတို့ကပြောပါတယ်။ အဲဒီရဲ့ အဓိပ္ပါယ်က ဖမ်းမယ်၊ ရိုက်နှက်မယ်၊ နှိပ်စက်မယ် ၊ ဘာသာရေးလေ့အထတွေကို တားမြစ်ပိတ်ပင်မယ်လို့ ပြောလိုက်တာပဲဆိုတာကို အတိတ်သင်ခန်းစာတွေအရ ရွာသားတွေလည်းနားလည်ကြပါတယ်။
တရုတ်မှာကျင်းပမယ့် အိုလံပစ်ပွဲအတွက် တကမ္ဘာလုံးက ဂရုစိုက်နေတဲ့ အချိန်မှာ နှစ်ပေါင်းများစွာဖိနှိပ်ချုပ်ချယ် ခံလာခဲ့ရတာတွေကို ကမ္ဘာကသိနိုင်ဖို့အတွက် ဟစ်အော်ရမယ့် အချိန်ကောင်းပဲလို့ ဘိုရာက တိဘက်တွေက ပြောတယ်။
အိုလံပစ်ပွဲကြီးကတော့ ကျင်းပပြီးသွားပြီ။ ၂၀၀၈ နွေဦးကစပြီး တိဘက်တွေကို နိုင်ငံရေး၊ ဘာသာရေးအရ အပြင်း ထန်ဆုံး ဖိနှိပ်ချုပ်ခြယ်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထောင်ပေါင်းများစွာ ထောင်တွေထဲရောက်သွားတယ်။ သောင်းပေါင်းများစွာဟာ အတင်းအကြပ်ပြင်ဆင်ထားတဲ့ ပညာရေးကို မသင်မနေရသင်ရတယ်။ သုတ်သင်သတ်ဖြတ်ခံ ရတဲ့ လူပေါင်းကတော့ စာရင်းမရှိအင်းမရှိ။
တိဘက်တွေအပေါ် တရုတ်ရဲ့ ထိန်းချုပ်မှုကတော့ လုံးဝအတင်းကြပ်ဆုံးပါပဲ။ စစ်တပ်ကအမြဲရှိတယ်။ ပြင်ပက နိုင်ငံ တကာသတင်းထောက်တွေက ဘာတွေဖြစ်နေတယ်ဆိုတာကို မသိနိုင်အောင် ထိန်းချုပ်ထားတယ်။
၂၀၀၈ ခုနှစ်ကတည်းကစပြီး တိဘက်တွေနဲ့ သူတို့ရဲ့ရုန်းကန်မှုကို ကျွန်တော် အတော်အထင်ကြီး လေးစားမိတယ်။ ကျွန်တော့်မှာရှိတဲ့ အဆက်အသွယ်တွေကနေတစ်ဆင့် ကျွန်တော်သိရတာက တရုတ်တွေက တိဘက်အပေါ်ထိန်း ချုပ်ထားကနေ ကျော်လွန်ပြီး နီပေါလ်ကိုပါ ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ အချက်တွေပါပဲ။ ဒါကြောင့် ဘာတွေ အမှန်တကယ်ဖြစ်နေတယ်ဆိုတာ သိဖို့ ကျွန်တော်ကိုယ်တိုင်သွားရောက်လေ့လာဖို့ဆုံးဖြတ်ပြီးတော့ ဒီမှတ်တမ်းဗွီဒီယိုကို ဖန်တီးဖြစ်ပါတယ်။ http://english.aljazeera.net/programmes/aljazeeracorrespondent/2011/10/201110973044296566.html
ဒီနှစ်ရဲ့ဇွန်လမှာတော့ ကျွန်တော်တို့ သတင်းအဖွဲ့ နီပေါလ်နိုင်ငံ မြို့တော်ကက်မန်ဒူကို သွားရောက်ခဲ့ပါတယ်။ တိဘက်တွေရဲ့ ဘာသာရေးအထွဋ်အမြတ်နေရာတစ်နေရာဖြစ်တဲ့ ဘိုဒါနားစေတီအနားက ကျောက်စရစ်ခဲ ခင်းထားတဲ့ လမ်းကျဉ်းလေးတွေထဲကိုရောက်ခဲ့ပါတယ်။ အဲဒီမှာ တရုတ်တွေဟာ သူတို့အာဏာစက်ကို နီပေါလ် အပေါ်ဘယ်လောက်ထိဖြန့်ကျက်ထားသလဲဆိုတာ မြင်ခဲ့ရပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ပြည်ပရောက်တိဘက်တွေက တရုတ်အစိုးရကို ဆန္ဒပြကြပြီးနောက် ၆ လလောက်အကြာမှာ တရုတ်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။ (၁၉၅၁ တွင် တိဘက်ကို တရုတ်မှသိမ်းပိုက်သောအခါ တိဘက်၂၀,၀၀၀ ခန့်နီပေါလ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။)
ဆန္ဒပြပွဲတွေက တရုတ်ကို အရှက်ရစေခဲ့တယ်။ ဒါကြောင့် တရုတ်အစိုးရကနီပေါလ်မော်ဝါဒီ အစိုးရကိုဖိအားပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဖိအားလည်းပေးခဲ့တယ်။ အခုဆို နီပေါမှာတိဘက်တွေဆန္ဒပြလို့မရတော့ဘူး။ လူနှစ်ယောက်ထက် ပိုပြီးစုဝေးမိရင်တောင် ဥပဒေနဲ့ငြိစွန်းပါတယ်။ ဒလိုင်းလားမားရဲ့ မွေးနေ့ပွဲအထိမ်းအမှတ်တွေကိုလည်း လုပ်ခွင့်မရှိ တော့ပါဘူး။ သူ့ရဲ့ဓါတ်ပုံကို ဘူဒါစေတီမှာထားတယ်ဆိုရင်တောင် ထောင်နန်းစံသွားရမယ်။
`ဒီလို ဥပဒေတွေကြောင့် ကက်မန်ဒူကို ကျွန်တော်တို့ အခု လာရှာအသေးစားလေးလို့နာမည်ပေးထား တယ်။´ လို့ လူတစ်ယောက်ကပြောပါတယ်။ နောက်ထပ်ပြဿနာတစ်ခုကတော့ နီပေါအစိုးရနဲ့ တရုတ်အစိုးရကြား သဘောတူထားတဲ့ `လူကြီးလူကောင်းသဘောတူညီချက်´ အရ နီပေါလ်ကို နောက်ထပ်ရောက်လာတဲ့ တိဘက် တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးထံကို ပို့ဆောင်ပေးရတယ်။ ဒါ့အပြင် နိုင်ငံတွင်း ၀င်ရောက်လာတဲ့ တိဘက်တွေကို နီပေါလ်ရဲတွေက အတင်းအဓမ္မပြန်မောင်းထုတ်ပြီး တရုတ်ပြည်ထဲကို ပြန်ဝင်စေတယ်။
တိဘက်ကိစ္စမှာ တရုတ်နဲ့ဒီလို ပူးပေါင်းတဲ့အတွက် အပြန်အလှန်အားဖြင့် နီပေါလ်ကို တရုတ်ကလမ်းတွေ၊ ဆည်တွေဖောက်ဖို့ ငွေကြေးကူညီပေးတယ်။ ရဲတွေကိုသင်တန်းပေးဖို့ ဒေါ်လာသန်း ၂၀ လောက်ထောက်ပံ့ခဲ့တယ်။ တစ်ခါတုန်းက မော်ဝါဒီ သူပုန်တွေကိုတိုက်ခိုက်ဖို့ ပြည်သူ့စစ်တွေကိုတာဝန်ပေးခဲ့ဖူးတ.ယ်။ ဒါပေမယ့် အခုတော့ မော်ဝါဒီတွေက အခုဆိုရင်အစိုးရမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေပြီ။ တရုတ်နဲ့နီပေါလ်နယ်စပ်မှာ နီပေါလ်ရဲ ၁၀,၀၀၀ လောက်နေရာချထားတယ်။ နီပေါလ်ဝန်ကြီးချုပ်ဟောင်း ဂျာလာနားခါနယ်လ်က ပြောပြရာမှာ ဒီရဲတွေဟာ နီပေါလ်တွေ ထွက်မပြေးနိုင်အောင်၊ ဆူပူဆန္ဒပြမှုတွေမဖြစ်အောင် ထိန်းချုပ်ဖို့ အဓိကရည်ရွယ်ပြီး ချထားတာလို့ ပြောပါတယ်။
တရုတ်အတွက် စိတ်ပူစရာအကြောင်းကလည်းရှိနေပါတယ်။ ၁၉၆၀ ခုနှစ်များမှာ ဒလိုင်းလားမား တိဘက်ကနေ အိန္ဒိယကို ထွက်ပြေးတိမ်းရှောင်တဲ့အချိန်မှာ မူစတန်လို့ခေါ်တဲ့နေရာတစ်ခုမှာ တိဘက်တော်လှန်ရေးအုပ်စုတစ်စု ပေါ်ပေါက်လာခဲ့တယ်။ ဒေသခံတွေကတော့ အဲဒီနေရာကို `လို´ လို့ခေါ်ကြတယ်။ အခုနီပေါလ်နယ်မြေထဲမှာပါဝင် သွားတဲ့ ရှေးဟောင်းတိဘက် နယ်မြေတစ်ခုပါပဲ။ ဟိမ၀န္တာတောင်တန်းပေါ်မှာတည်ရှိပြီး နယ်မြေကြမ်းတမ်းခက်ခဲ လွန်းပြီး လူသူအရောက်အပေါက်နည်းပါးတယ်။ အဲဒီနေရာကို ခရီးထွက်ဖို့ဆိုရင် အသွားရောအပြန်ရော မြင်းတွေကို ပဲအသုံးပြုပြီး သွားလာရတယ်။
တိဘက်တော်လှန်ရေးသမားတွေက မူစတန်ကို သူတို့ရဲ့အခြေစိုက်စခန်းအဖြစ်သတ်မှတ်ထားပြီး သူတို့ကိုယ်သူတို့ ကမ်ပါစစ်သည်တော်တွေလို့ အမည်ပေးထားတယ်။ စီအိုင်အေက အထောက်အပံ့ပေးပြီးလေ့ကျင့်ပေးတယ်။ အဲဒီစခန်းကို အခြေပြုပြီး တရုတ်စစ်တပ်တွေကို လျှပ်တစ်ပြက် ၀င်ရောက်စီးနင်းတိုက်ခိုက်မှုတွေကို ဆောင်ရွက် ကြတယ်။ ဒါပေမယ့် ၁၉၇၀ ခုနှစ်များမှာ စီအိုင်အေထောက်ပံ့မှုတွေရပ်ဆိုင်းသွားတယ်။ ၁၉၇၄ မှာတော့ တရုတ် အစိုးရရဲ့ တောင်းဆိုမှုကြောင့် နီပေါလ်က တပ်ရင်းတစ်ရင်းစေလွှတ်ပြီးတော့ ကမ်ပါတွေကို လက်နက်ချဖို့ တောင်းဆိုခဲ့တယ်။ သွေးမြေကျရမှာတွေ မလိုလားတာကြောင့် ဒလိုင်းလားမားက ကမ်ပါစစ်သည်တော်တွေကို လက်နက်ချလိုက်ကြဖို့ တိုက်တွန်းခဲ့တယ်။ အများစုကတော့လက်နက်ချလိုက်ကြပြီး လက်နက်ချအညံ့မခံလိုတဲ့ အချို့စစ်သည်တော်တွေကတော့ ကိုယ့်ကိုယ်ကိုယ် လည်ပင်းကိုဓါးနဲ့လှီးပြီးအဆုံးစီရင်လိုက်ကြတယ် ။ အချို့လည်း မြစ်ထဲခုန်ချပြီး အဆုံးစီရင်သွားကြတယ်။ အဲဒီအချိန်ကစလို့ မူစတန်နဲ့ အခြားဟိမ၀န္တာတောင်တန်းပေါ်က လူတွေကို တရုတ်အစိုးရက မျက်စေ့ဒေါက်ထောက်ကြည့်လာကြတယ်။
၂၀၀၈ ခုနှစ်မှာ တိဘက်နဲ့ ကက်မန်ဒူမှာ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်း မူစတန်ဘုရင်ကို နီပေါလ်ကအစိုးရက တရားဝင်ဖယ်ရှားခဲ့တယ်။
ဇွန်လမှာ ကျွန်တော်တို့ မူစတန်ကိုမြင်းတွေစီးပြီးခရီးထွက်လာခဲ့ကြတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုဖြတ်ပြီး ငါးရက်ကြာသွားရတယ်။ မြေပြင်အနေအထားက ကမ္ဘာပေါ်မှာသွားနေတယ်လို့ ပြောတာထက် လပေါ်မှာသွားနေ လို့ပြောလို့ရလောက်အောင်ကို ကြမ်းတမ်းခက်ထရော်လှပါတယ်။ ဒါပေမယ့် သဘာဝအရင်းအမြစ်တွေနဲ့ အလှတွေ ကတော့ အံ့သြကုန်နိုင်ဖွယ်ပဲဗျာ။ ၁၉၀၀ ခုနှစ်များလောက်က စွန့်စားသွားလာခဲ့ကြပြီးနယ်မြေသစ်တွေကို ရှာဖွေကြ တဲ့လူတွေက မူစတန်ကို `ပုန်းအောင်းနေတဲ့နယ်မြေ´လို့ နာမည်ပေးခဲ့ကြတယ်။ အဲဒီမှာ ၁၄ ရာစုနှစ်ကတည်းက ကျင့်သုံး လာခဲ့တဲ့ တိဘက်ဗုဒ္ဓဘာသာယဉ်ကျေးမှုကို နဂိုမူလမပျက်ဆက်လက်ကျင့်သုံးတည်ရှိနေတာတွေ့ရတယ်။
တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့် တိဘက်ယဉ်ကျေးမှုတွေပျောက်ကွယ်သွားရနိုင်တဲ့ အန္တရာယ်နဲ့ရင်ဆိုင်နေရပြီး မူစတန်နဲ့ အခြားဟိမ၀န္တာဒေသတွေက တိုင်းရင်းသားရိုးရာဓလေ့တွေကို ထိန်းသိမ်းဖို့ ဒလိုင်းလားမားက တိုက်တွန်း နေပါတယ်။ ဒါပေမယ့်ဆက်လက်ထိန်းသိမ်းနိုင်ဖို့တော့ အတော်ကို ခက်ခဲနေပါတယ်။ မူစတန်ကို ဖြတ်ပြီးတော့ တရုတ်အစိုးရက လမ်းမကြီးတစ်ခုဖေါက်လုပ်ဖို့ စီစဉ်နေတယ်။ အခုဆိုအဲဒီလမ်းမကြီးက တရုတ်နယ်စပ်အထိပြီးစီး နေပါပြီ။ အဲဒီလမ်းမကြီးပြီးစီးသွားရင်တော့ အဲဒီဒေသကလူတွေရဲ့ နေထိုင်မှုပုံစံတွေ ထာဝရပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးတွေရောက်လာမယ်။ ခေတ်မီနေထိုင်မှုဘ၀ပုံစံတွေနဲ့ အတူ အစိုးရရဲ့ထိန်းချုပ်မှုကို ပိုပြီးခံရ တော့မယ်ဆိုတာ လူတွေသိထားကြပါတယ်။
နီပေါလ်ရဲတွေအတွက် တန်းလျားစခန်းတွေလည်း ဆောက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ တရုတ်ရဲတွေနဲ့ ပူးပေါင်းပြီး တော့နယ်စပ်ဒေသမှာ ကင်းလှည့်စောင့်ကြပ်ကြဖို့ဖြစ်ပါတယ်။ မူစတန်ကလူတွေဟာ အရင်က အဲဒီနယ်စပ်ဒေသ တစ်လျှောက်မှာ သူတို့ရဲ့သိုးတွေ၊ ဆိတ်တွေကို လွတ်လပ်စွာလွှတ်ထားပြီး တိရစ္ဆာန်ကျောင်းလေ့ရှိကြတယ်။ အခုတော့ အဲဒီနေရာမှာ သံဆူးကြိုးစည်းရိုးက မိုင်ပေါင်းများစွာရှည်လျားအောင်ကန့်လန့်ဖြတ်ပိတ်ကာထားလိုက်ပါပြီ။
မူစတန်မြို့တော် လိုမန်သန်းမှာတော့ ယဉ်ကျေးမှုကိုဘယ်လိုထိန်းသိမ်းထားကြမလဲ၊ တရုတ်ထိန်းချုပ်မှုကနေ ဘယ်လိုရုန်းထွက်နိုင်မလဲ ကိစ္စနဲ့ပတ်သက်ပြီး အတော်လေးဆွေးနွေးတိုင်ပင်နေကြပါတယ်။ ဒါပေမယ့် အများစုကတော့ ရှုံးနိမ့်သွားပြီလို့ ခံစားနေကြရပါတယ်။ ဈေးတွေထဲမှာလည်း ရောင်းချစားသောက်နေကြတဲ့ ပစ္စည်း တွေရဲ့၉၀ရာခိုင်နှုန်းက တရုတ်ဖြစ်တွေချည်းပါပဲ။ တရုတ်ပြည်ကနေထွက်ပြေးပြီးရောက်ရှိနေပြီး တိဘက်ဘာသာ စကားသင်ကြားပေးနေတဲ့ သူတွေအတွက်လည်း အန္တရာယ်ရှိနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ တရုတ်သူလျှိုတွေ နေရာတိုင်းမှာရှိပြီးတော့ စောင့်ကြည့်ခံနေရတယ်ဆိုတဲ့ သတင်းတွေလည်းပျံ့နှံ့နေပါတယ်။
သူတို့ကို နယ်စပ်ဖြတ်ကျော်ခွင့်မပေးပေမယ့် နယ်စပ်အနီးကတရုတ်စစ်တပ်စခန်းက တရုတ်စစ်အရာရှိတွေကတော့ နယ်စပ်ကို ဖြတ်ကျော်ပြီး သွားသွားလာလာရှိကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အရင်က မူစတန်ဘုရင်ကြီး ကတော့ အခု အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ဘုရင်ရာထူးအာဏာအဆောင်တော့မရှိတော့ပါဘူး။ ဒါပေမယ့် သူ့လူတွေ အတွက်တော့ ရိုသေလေးစားဖွယ်အရှင်မြတ်တစ်ပါးပါပဲ။ ဟိုတုန်းကလည်း နီပေါလ်နဲ့ တရုတ်အစိုးရတို့ရဲ့ အငြိုငြင် ကိုခံရမှာစိုးတဲ့အတွက် တိဘက်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့အယူအဆအတွေးအခေါ်တွေကို လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုနိုင်ခွင့်မရှိခဲ့ပါဘူး။ အသက်အရွယ်ရလာသည်နှင့် အမျှ သူ့အနေနှင့်လည်း စိတ်လျှော့လိုက်ပြီဖြစ်ကြောင်း ဆိုပါတယ်။ ကျွန်တော်သူနဲ့သွားတွေ့တော့ လူတွေဟာ သူတို့ပိုင်တဲ့သူတို့ရဲ့နယ်မြေထဲမှာ မိမိတို့ရဲ့ ယုံကြည်မှုကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ရသင့်ကြောင်း ပြောပါတယ်။ သူ့ရဲ့ဇနီးကလည်း တိဘက်ပါပဲ။
ဒါပေမယ့် မူစတန်အတွက်ရော နီပေါလ်အတွက်ပါ လွတ်လပ်ခွင့်တွေဆက်လက်ရရှိနိုင်မလားဆိုတာတော့ အခုဆိုရင် မသေချာ တော့ပါဘူး။
၂၀၀၈ ခုနှစ်မှာ ကျွန်တော့်ရဲ့ သတင်းမှတ်တမ်းကိုပြုစုဖို့နဲ့ အဖမ်းဆီးခံရမယ့်အရေးတို့ကနေရှောင်ရှားနိုင်ဖို့အတွက် ကျွန်တော် ဘိုရာကနေထွက်ခွါလာခဲ့ချိန်မှာ ( နိုင်ငံတကာသတင်းသမားတွေကို အဲဒီနေရာမှာခွင့်မပြုပါဘူး။) တရုတ်စစ်တပ်တစ်တပ် မြို့ထဲကိုဝင်လာတာကို တွေ့ခဲ့ရပါတယ်။
သိမ်းပိုက်မယ်၊ ထိန်းချုပ်ထားမယ် ။ ဒါတွေဟာ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေပဲလို့ တိဘက်တွေက ကျွန်တော်တို့ ကိုပြောပြပါတယ်။
Source: Al Jazeera
Al Jazeera Correspondent အစီအစဉ်မှ သတင်းထောက် Steve Chao ၏ Mustang Vs China: A losing battle? ဆောင်းပါးကို ဘာသာပြန်ဆိုသည်။
0 comments:
Post a Comment