Thursday, October 20, 2011
ပါလက်စတိုင်း- အစ္စရေးအကျဉ်းသားလဲလှယ်ရေး စတင်
အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အရ အစ္စရေးလ်မှ လွှတ်ပေးလိုသော ပါလက်စတိုင်းအကျဉ်းသားများ
အယောက် ၄၀ ကာတာ၊ တူရကီ နှင့်ဆီးရီးယားနိုင်ငံများသို့ရောက်ရှိနေကြပြီဖြစ်သည်။ ယင်းသို့အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ဖြင့် ပါလက်စတိုင်းအကျဉ်းသားများကို ဂါဇာသို့ ပြန်လည်လွှတ်ပေးလိုက်ခြင်းသည် အလွန်အန္တရာယ်များသော လုပ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပြီး အခြားအရှေ့အလယ် ပိုင်းနိုင်ငံများသို့ ပြည်နှင်ဒဏ်ထပ်ပေးခံရခြင်းဖြစ်သည်။
ဤအကျဉ်းသားများသည် အစ္စရေးလ်စစ်သား ဂီလက်ဒ်ရှာလစ်နှင့် ပါလက်စတိုင်းအကျဉ်းသား ၄၄၇ ဦးလဲလှယ်ရေး တွင်တစ်စိတ်တစ်ပိုင်းပါဝင်သော အကျဉ်းသားဖြစ်သည်။ ဂီလက်ဒ်ရှာလစ်ကို လွန်ခဲ့သော ငါးနှစ်ကတည်းက ပါလက်စတိုင်းတို့က ဖမ်းဆီးထားခြင်းဖြစ်သည်။
အစ္စရေးလ်ဘက်မှ စုစုပေါင်းပါလက်စတိုင်းအကျဉ်းသား ၁,၀၂၇ ဦးလွှတ်ပေးရမည်ဖြစ်သည်။ အကျဉ်းသားလဲလှဲရေး အစီအစဉ်ကနဦး သဘောတူညီချက်အပြီး၌ပင် အစ္စရေးလ်၊ ပါလက်စတိုင်းနှစ်ဘက်စလုံး၌ အောင်ပွဲများကျင်းပခဲ့ ကြသည်။
လဲလှယ်ရေးအစီအစဉ်တွင်ပါဝင်သော်လည်းပြည်နှင်ဒဏ်ပေးခံထားရသောထိုအယောက် ၄၀ တွင် ၁၅ ယောက်မှာ ဒမတ်စကတ်သို့၊ ၁၁ ယောက်မှာ အန်ကာရာသို့၊ အမ္မာန်သို့တစ်ယောက်၊ ဂျော်ဒန်သို့တစ်ယောက်သွားခဲ့ကြပြီး ကျန်သူများမှာ ကာတာသို့ သွားခဲ့ကြသည်။
`ကျွန်တော့်ရဲ့ ခံစားမှုကို ဖေါ်ပြစရာစကားလုံးတောင်မရှိတော့ပါဘူး။´ ဟု ကာတာမြို့တော် ဒိုဟာသို့ရောက် ရှိလာသော မိုဟာမက်ဝေးလ်က ဆိုသည်။ အသေခံဗုံးခွဲမှုများနှင့် ပတ်သက်၍ သူ့ကိုအစ္စရေးလ်က ထောင်ဒဏ်နှစ်ပေါင်း ၁,၆၀၀ ထက်မနည်းချမှတ်ထားသည်။
`သမိုင်းဝင် အဖြစ်အပျက်တစ်ခုပါပဲ။ အိမ်ကိုပြန်လို့မရတဲ့အတွက်တော့ နာကျင်ရပေမယ့် ဘယ်အာရပ်နိုင်ငံ မှာပဲနေနေ ကျွန်တော်တို့ရဲ့ ဒုတိယအိမ်ပါပဲ။ အစ္စရေးလ်မှာ ပါလက်စတိုင်းအကျဉ်းသားတွေရှိနေသ၍လည်း မူဂျာဟစ်တွေက ဆက်လက်တောင်းဆိုသွားဦးမှာပါ။´
အသေခံဗုံးခွဲမှုများကို အားပေးအားမြှောက်ပြုမှုဖြင့် တစ်သက်တစ်ကျွန်း ၁၆ ကြိမ်ပြစ်ဒဏ်ချမှတ်ထားခြင်းခံထားရ သော ယခင်က ရုပ်မြင်သံကြားသတင်းထောက်တစ်ဦးဖြစ်သူ အလမ်တာမီမီက အမ္မာန်သို့ရောက်ရှိပြီးနောက်
`အလ္လာရှင်မြတ်က သူ့စိတ်ကြိုက်လက်ရွေးစင်တပ်သားတွေ ရွေးချယ်ထားခဲ့ပါတယ်။ သူတို့ကတော့ အယ်လ်-ခါဆမ်တပ်ရင်း (ဟားမားစ်အဖွဲ့၏ စစ်တပ်) က စစ်သည်တွေဖြစ်ပါတယ်။´ ဟု ပြောကြားခဲ့သည်။
အကျဉ်းသားလဲလှယ်ရေး ပထမဦးဆုံးအဆင့်အဖြစ် အစ္စရေးလ်က ပါလက်စတိုင်းအကျဉ်းသား ၄၄၇ ဦးလွှတ်ပေး လိုက်သည့်အပေါ် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။
`အကျဉ်းသားတစ်ယောက်ချင်းစီကို ကျွန်တော်တို့ ကြည့်ရှုသုံးသပ်ခဲ့ပြီး ကျွန်တော်တို့ အမေရိကန်ပြည် ထောင်စုရဲ့ အနေအထားကိုအစ္စရေးလ်ကို ပြောပြပြီးပါပြီ။´ အမေရိကန်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ မာ့ခ်တုန်နာက ဆိုသည်။ မည်သို့မည်ပုံစိုးရိမ်သည်ဆိုသည့် အချက်ကိုမူ အကျယ်ချဲ့ပြောကြားမသွားခဲ့ပေ။
အစ္စရေးလ်၏ အချုပ်အခြာအာဏာပိုင်မှုကိုလေးစားကြောင်း၊ သို့သော် ဆက်လက်၍ဖေါ်ပြထားသည်မှာ အမေရိကန် အပေါ်ရာဇ၀တ်မှုများကျူးလွန်ခဲ့သော အကျဉ်းသားများကို လွှတ်ပေးလိုက်သည်ကိုမူ ကန့်ကွက်ကြောင်းဖေါ်ပြ ထားသည်။
Source: Al Jazeera




















10:44 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment