![]() |
| ဂါဇနီမြို့အနီး လမ်းဘေးဗုံးထိမှန်ထားသော ဘတ်စ်ကား |
Showing posts with label အရှေ့အလယ်ပိုင်း. Show all posts
Showing posts with label အရှေ့အလယ်ပိုင်း. Show all posts
Monday, July 2, 2012
အာဖဂန်တွင် နေတိုးတပ်ဖွဲ့ဝင်သုံးဦး သေဆုံး
Wednesday, June 13, 2012
အစ္စရေးလ်ရောက် အာဖရိကန်ရွှေ့ပြောင်းများကို ပြန်လည်မောင်းထုတ်
အစ္စရေးလ်တွင် တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေသော အများအားဖြင့် အာဖရိကတိုက်သား ၂၄၀ ယောက်ကို ဖမ်းဆီးထားကြောင်း၊ အခြား အယောက် ၃၀၀ ခန့်မှာ မိမိတို့ဆန္ဒဖြင့် ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရန် သဘောတူညီထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
`ဒီနေ့ပဲ ကျွန်တော်တို့တာဝန်ရှိသူတွေက တရားမဝင် နေထိုင်သူ ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ် ၃၀၀ ကတော့ ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ ပြောပြီးပါပြီ။` ဟု ဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်က အင်္ဂါနေ့က ပြောသည်။
တနင်္ဂနွေနေ့ကတည်းက စတင်ဖမ်းဆီးခဲ့ရာတွင် စုစုပေါင်း အယောက် ၂၄၀ ရှိပြီး အများစုမှာ တောင်ဆူဒန်မှ ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်သည်။
မိမိသဘောဖြင့် မိမိပြန်လိုသူများအတွက် အစ္စရေးလ်အစိုးရက လေယာဉ်လက်မှတ် စီစဉ်ပေးမည့်အပြင် တစ်ဦးလျှင် ဒေါ်လာ ၁၂၅၀ စီ ပေးလိုက်မည်ဖြစ်သည်။ သို့သော် ယင်းအစီအစဉ်မှာကို အချိန်တစ်ပတ် သာ သတ်မှတ်ထားသည်။
အစ္စရေးလ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အာဖရိကလူမျိုး ၆၀ ၀၀၀ ခန့်ရှိပြီး၊ အများစုမှာ တဲလ်အဗစ် ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်ကြကြောင်း အစိုးရစစ်တမ်းများက ဖေါ်ပြသည်။
ထို့ပြင် နောက်ထပ် စာရင်းအတွင်းမပါဝင်ဘဲ တာဝန်ရှိသူများ လက်လှမ်းမမှီသေးသည့် အယောက် ၆ ၀၀၀ ခန့်ရှိနေနိုင်သေးကြောင်း အစ္စရေးလ်ပြည်ထဲရေးဝန်ကြီး အီလီယီရှိုင်က ပြောသည်။
လေးပုံတစ်ပုံခန့်မှာ အီလက်မြို့တွင်နေထိုင်လျှက်ရှိပြီး ယင်းမြို့တွင် ရဲများက တရားမဝင်ဝင်ရောက်လာသူ များကို တားဆီးစစ်ဆေးလျှက်ရှိသည်။
`ကျွန်တော်တို့ကို အလိုမရှိတဲ့တိုင်းပြည်နဲ့ လူဝင်မှုကြီးကြပ်ရေးက ရဲတွေကို ကျွန်တော်တို့ အပြစ်မတင်ပါဘူး။` ဟု တရားမဝင်ရွှေ့ပြောင်းတစ်ဦးဖြစ်သူ တောင်ဆူဒန်မှ အန်ထော်နီ ခရစ္စတီယာနိုက ပြောသည်။
မလှမ်းမကမ်းတွင်မူ အီလက်မြို့သားတစ်ဦးဖြစ်သူ ယူဆက်ခူရီဆိုသူက အီလက်မြို့တွင် အာဖရိကန် ရွှေ့ပြောင်းများနေထိုင်ခြင်းကို အလိုမရှိကြောင်း မြို့သူ၊ မြို့သားများထံမှ လက်မှတ်များကောက်ယူစု ဆောင်းနေပြီး `အီလတ်မြို့ကို အသိမ်းပိုက်မခံရရေး` ဟူသော ဆိုင်းဘုတ်တစ်ခုကို ထောင်ထားလေသည်။ သူက `သူတို့တွေက ကျွန်တော်တို့နိုင်ငံကို လာပြီးဖျက်စီးနေတဲ့သူတွေပဲ။ ခြံစည်းရိုးခုန်ကျော်ဝင်လာတဲ့လူတွေ၊ သေနတ်နဲ့တောင် လိုက်ပစ်သင့်တယ်။` ဟု ဆိုသည်။
Source: Al JazeeraSunday, May 27, 2012
နေတိုးတိုက်ခိုက်မှုကြောင့် အာဖဂန်အရပ်သားများ သေဆုံး
အာဖဂန်နစ္စတန်၊ ပက်တီယာပြည်နယ်တွင် အမေရိကန်ဦးဆောင် နေတိုးတပ်ဖွဲ့များဗုံးကြဲတိုက်ခိုက်မှုကြောင့် လူရှစ်ဦးပါဝင်သော မိသားတစ်စုသေဆုံးခဲ့ရကြောင်း အာဖဂန်အာဏာပိုင်များက ပြောသည်။
စနေနေ့ညက တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ယင်းဖြစ်စဉ်အပေါ် အလေးအနက်ထားကြောင်းနှင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း နိုင်ငံတကာလုံခြုံရေးအကူအညီပေးရေးတပ်ဖွဲ့ (ISAF) ကဆိုသည်။
ဂါဒါဆာရီယာ ခရိုင်၊ ဆူရီခါအီလ် ရွာတွင် ဒေသစံတော်ချိန် ည ၈ နာရီခန့် အချိန်၌ လေကြောင်းတိုက် ခိုက်မှုကြောင့် ယောင်္ကျားတစ်ဦး၊ မိန်းမတစ်ဦးနှင့် ၎င်းတို့၏ကလေး ခြောက်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပက်တီယာပြည်နယ်အစိုးရ ပြောခွင့်ရ ရိုဟူလာဆာမွန်က ပြောသည်။
`သေဆုံးသွားတဲ့ လူက တာလီဘန်အပါအဝင် ဘယ်အကြမ်းဖက်အဖွဲ့နဲ့မှ လုံးဝအဆက်အသွယ် မရှိတဲ့ လူမျိုးဖြစ်ပါတယ်။`ဟု ဆာမွန်က အေအက်ဖ်ပီသတင်းဌာနသို့ပြောပြခဲ့သည်။ ထိုသူ၏ အမည်မှာ မိုဟာမက်ရှာဖီဖြစ်သည်။
`ရှာဖီက တာလီဘန်မဟုတ်ပါဘူး။ အစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ ဘယ်အုပ်စုနဲ့မှ အဆက်အသွယ်မရှိပါဘူး။ သာမန်ရွာသားတစ်ဦးပါပဲ။`
`အခုကျွန်တော်တို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေပါတယ်။ သေဆုံးသွားတဲ့ ကလေး တွေက အသက်ဘယ်လောက်တွေလဲ၊ ယောင်္ကျားလေးဘယ်နှယောက်၊ မိန်းကလေးဘယ်နှယောက်လဲ ဆိုတာတွေ စုံစမ်းနေပါတယ်။`ဟု ဆာမွန်က ပြောသွားသည်။
အရပ်သားများသေကြေပျက်စီးနေရခြင်းသည် အာဖဂန်အစိုးရနှင့် ISAF ကြားတင်းမာမှုဆက်လက်ဖြစ်ပွား နေရသည့် အဓိကအချက်ဖြစ်ကြောင်း အယ်ဂျာဇီယာသတင်းထောက် ဘားနဒ်စမစ်က ကဘူးလ်မြို့မှ သတင်းပေးပို့ခဲ့သည်။
`နေတိုးတပ်ဖွဲ့တွေကို သွားမေးရင်တော့ သူတို့တိုက်ခိုက်မယ့် ပစ်မှတ်မှာ အရပ်သားတွေ ရှိ၊ မရှိ အသေအချာလေ့လာသုံးသပ်ပြီးမှ တိုက်ခိုက်ခဲ့တာပါလို့ ဖြေပါလိမ့်မယ်။ တိုက်ခိုက်မှုမပြုခင်ရရှိတဲ့ ထောက်လှမ်းစုံစမ်းမှုတွေကို အခြေခံပြီး တိုက်တာပါလို့ပြောပါလိမ့်မယ်။ တာလီဘန်တွေကလည်း လက်လုပ်ဗုံးတွေနဲ့ လမ်းဘေးဗုံးထောင်တာတွေကလည်း သူတို့ပစ်မှတ်ထားတဲ့ နိုင်ငံခြားသားတပ်ဖွဲ့ဝင်တွေ ကိုထိမှန်တာထက် အရပ်သားတွေကိုပဲ ထိမှန်သေဆုံးတာများပါတယ်။`
`ဒါပေမယ့် နိုင်ငံခြားသားတပ်ဖွဲ့တွေကြောင့် အရပ်သားသေဆုံးမှုတွေ ဖြစ်လာရင်တော့ နိုင်ငံရေး အရ ဆူညံပူညံတွေဖြစ်ပြီး သမ္မတဟာမစ်ခါဇိုင်းကလည်း အပြစ်တင်ပြောဆိုလေ့ရှိပါတယ်။`
စသည်ဖြင့် သတင်းထောက်က သတင်းပေးပို့ရင်း မှတ်ချက်ပေးပြောဆိုခဲ့လေသည်။
နိုင်ငံခြားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးခြင်းသည် အာဖဂန်နှင့်နိုင်ငံတကာတပ်ဖွဲ့ များ၏ ဆက်ဆံရေးကိုထိခိုက်စေမည်ဖြစ်ကြောင်း သတိပေးပြောကြားရန် ISAF အကြီးအကဲ ဗိုလ်ချုပ် ဂျွန်အလန်နှင့် လွန်ခဲ့သောနှစ်လက ခန့်အပ်ထားသော အာဖဂန်သမ္မတရုံးဆိုင်ရာ အမေရိကန်သံအမတ် ရိုင်ယန်ခရွတ်ကာတို့ကို ဆင့်ခေါ်ခဲ့လေသည်။ မကြာသေးမီက လိုဂါ၊ ကာပီဆာ၊ ဘဂ္ဂဒစ်ရှ်နှင့် ဟယ်လ်မန် ပြည်နယ်များတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၈ ဦးသေဆုံးခဲ့ရကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက သတင်းပေးပို့ခဲ့ပြီးနောက် သမ္မတက အထက်ပါပုဂ္ဂိုလ်နှစ်ဦးကို ဆင့်ခေါ်ခဲ့ပြီးတွေ့ဆုံခဲ့ ခြင်းဖြစ်သည်။
`အရပ်သားတွေ လုံခြုံရေးစိတ်ချရမှုမရှိဘူးဆိုရင် အာဖဂန်နှင့် အမေရိကန်တို့ရဲ့ ဗျူဟာမြောက် ဆက်ဆံရေး လက်မှတ်ရေးထိုးထားတာ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။` ဟု သမ္မရုံးမှ ထုတ်ပြန်သော ယခုလအစောပိုင်းကြေငြာချက်တွင် ပြောကြားခဲ့သည်။
ထိုစဉ် နိုင်ငံတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် နေတိုးတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း ISAF က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ စနေနေ့က နေရာအသီးသီးတွင် လက်လုပ်ဗုံးများပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် မည်သူမည်ဝါများဖြစ်ကြောင်း အသေးစိတ်ထုတ်ပြန်ခြင်း မရှိပေ။ ယခုနှစ်အတွင်း နေတိုးတပ်ဖွဲ့ဝင် ၁၆၉ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
လတ်တလောတွင် ISAF တပ်ဖွဲ့ဝင် ၁၃၀ ၀၀၀ အာဖဂန်တွင် ရှိသည်။ ၂၀၁၄ တွင် အားလုံးပြန်လည် ထွက်ခွါရန် စီစဉ်ထားပြီး အချို့နိုင်ငံများမှ တပ်ဖွဲ့များမှာ စတင်ထွက်ခွါနေပြီဖြစ်သည်။
အာဖဂန်နိုင်ငံတွင်း နေရာအတော်များများတွင် လုံခြုံစိတ်ချရမှုမရှိသေးဘဲ နိုင်ငံခြားတပ်များပြန်လည်ထွက် ခွါသွားလျှင် အာဖဂန်တပ်များအနေနှင့် တာလီဘန်တို့နှင့် တစ်ဦးတည်းဆက်လက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။
တာလီဘန်တို့ကလည်း ၎င်းတို့၏ နွေဦးထိုးစစ်စတင်ပြီဟု ကြေငြာပြီးနောက်ပိုင်း နိုင်ငံအနှံ့တိုက်ခိုက်မှုများ တိုးတက် ပြုလုပ်လာခဲ့လေသည်။ လွန်ခဲ့သောနှစ်က တာလီဘန်တို့ တိုက်ခိုက်မှုမြှင့်တင်ခဲ့ပြီး အသေခံဗုံးခွဲ မှုများ၊ လမ်းဘေးဗုံးများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၃ ၀၂၁ ဦးရှိပြီး အများဆုံးနှစ် အဖြစ်စံချိန်တင်ခဲ့လေသည်။ ကုလသမဂ္ဂနောက်ဆုံးထုတ် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ကုလသမဂ္ဂစစ်တမ်းအရ အရပ်သားသေဆုံးမှုများထဲမှ ၇၇ ရာခိုင်နှုန်းမှာ တာလီဘန်လက်ချက်ကြောင့် ဖြစ်ပြီး ၁၄ ရာခိုင်နှုန်းမှာ နိုင်ငံတကာတပ်များနှင့်အာဖဂန်တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့်ဖြစ်ကြောင်း ဆိုသည်။ ၉ ရာခိုင်နှုန်းမှာ အကြောင်းရင်းမသိရသောသေဆုံးမှုများအဖြစ်သတ်မှတ်ထားသည်။
Source: Al Jazeera
Saturday, April 21, 2012
ဘာရိန်းတွင် ဖေါ်မြူလာဝမ်းပြိုင်ပွဲအား ဆန္ဒပြ
ပင်လယ်ကွေ့ ဘာရိန်းနိုင်ငံ် ဖေါ်မြူလာဝမ်းကားပြိုင်ပွဲကျင်းပရန် တစ်ရက်အလိုတွင် ရှက်ခ်ဟူရာရွာတွင် အဓိကရုဏ်းဖြစ်ပွားရာမှ ရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာတွင် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ကြောင်း ဘာရိန်းအင်အားအကြီးဆုံးအတိုက်အခံ အယ်လ်-ဝါဖက်ပါခ်တီက ပြောသည်။
သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ အာဘက်စ်ဟာဘစ်ဖြစ်ပြီး စနေနေ့က သေဆုံးခဲ့ခြင်းဖြစ်ကာ သူ့အလောင်းကို အဆောက်အဦတစ်ခုဧ။် အမိုးပေါ်တွင် တွေ့ရှိခဲ့ရကြောင်း အယ်လ်-ဝါဖက်ခ်ပါတီက ပြောသည်။ သောကြာနေ့ည အဓိကရုဏ်းတွင် ရဲများက ရိုက်နှက်ခဲ့သဖြင့်သေဆုံးခဲ့ရကြောင်း ဆိုသည်။
သေဆုံးသူဟာဘစ်ဧ။် မိသားစုများက အလောင်းတွေ့ရှိရာနေရာသို့သွားရောက်ကာ ဟာဘစ်ဧ။် အလောင်းကို ကြည့်ရှုခွင့်ရရန်တောင်းဆိုခဲ့သော်လည်း ရဲများက ကြည့်ခွင့်မပေးကြောင်း ဟာဘစ်ဧ။် ယောက်ဖတော်စပ်သူ မိုဟာမက်အစ္စာက ရိုက်တာသတင်းဌာနသို့ပြောပြခဲ့သည်။
“အလောင်းကို သက်ဆိုင်ရာက သယ်ဆောင်မသွားခင်မှာ ဟာဘစ် ဟုတ်မဟုတ် ကြည့်ဖို့ ကျွန်တော်တို့တောင်းဆိုခဲ့ပေမယ့် ရေခဲတိုက်ကို ရောက်မှပဲ ကြည့်ပါလို့ပြောပြီး ကြည့်ခွင့်မပြုခဲ့ပါဘူး။” ဟု အစ္စာက ပြောသည်။
မြို့တော်မနားမားရှိ ကားပြိုင်ပွဲကျင်းပမည့် နိုင်ငံတကာ ပြိုင်ကားကွင်းကို လက်နက်အပြည့်အစုံတပ် ဆင်ထားသော စစ်ကားများ၊ ရဲများဖြင့် ပတ်ပတ်လည်တွင် ဝန်းရံစောင့်ရှောက်ထားသည်။
အချို့ အဓိကဝင်ပေါက်များတွင် သံဆူးကြိုးများဖြင့် ပိတ်ဆို့ကာရံထားကြောင်း တက်ကြွလှုပ်ရှားသူများ က ပြောသည်။
လူမှုဆက်သွယ်ရေးကွန်ယက် တွစ်တာစာမျက်နှာထက်တွင် ပြည်ထဲရေးဝန်ကြီးက အဓိကရုဏ်း အတွင်း သေဆုံးမှုဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်။
ဘာရိန်းနိုင်ငံ အဓိကအဝေးပြေးလမ်းမကြီးများတွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက နိုင်ငံတကာ ဖေါ်မြူလာဝမ်းကားပြိုင်ပွဲကြီးကို ဘာရိန်းနိုင်ငံတွင် လာရောက်ကျင်းပခြင်းအား ဆန့်ကျင် ကန့်ကွက်ဆန္ဒပြလျက်ရှိကြသည်။
Source: Al Jazeera
Tuesday, March 27, 2012
အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း အသေခံဗုံးခွဲဝတ်အင်္ကျီများတွေ့ရှိ
အာဖဂန်သမ္မတနေအိမ်နှင့် ရုံးခန်းရှိရာ ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း၌ အသေခံဗုံးခွဲရာ၌အသုံးပြုသော ကိုယ်ကြပ်အင်္ကျီ ၁၁ ထည်တွေ့ရှိခဲ့ရသည်။
အယ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေး မြို့တော်ကဘူးလ်မှ သတင်းပေးပို့ခဲ့ရာ အာဏာပိုင်များက ယင်းသတင်း ကို တရားဝင်ထုတ်ဖေါ်ခြင်းမရှိသေးသော်လည်း ဖမ်းဆီးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
`အယ်ဂျာဇီယာသတင်းဌာနကို အဆင့်မြင့်စုံစမ်းထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောပြခဲ့တာဖြစ်ပါတယ်။ ဖေါက်ခွဲရေးပစ္စည်းတွေတပ်ဆင်ထားတဲ့ အသေခံဗုံးခွဲဝတ်ကိုယ်ကြပ်အင်္ကျီ ၁၁ ထည်ကို မြို့တော်ကဘူးလ်မှာ လုံခြုံရေးအတင်းကြပ်ဆုံးနဲ့ အလုံခြုံဆုံးဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၀င်းအတွင်းတွေ့ရှိခဲ့ပါတယ်။ ´
ဝင်းအတွင်းနှင့် ၀င်းပတ်ဝန်းကျင်ရှိ အခြားလူများကိုလည်း ရှာဖွေမှုများပြုလုပ်နေကြောင်း သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ လုံခြုံရေးအကြီးအကျယ်ကျိုးပေါက်ခြင်းကြောင့် ယခုလိုဖြစ်ရကြောင်း ဆိုသည်။
`ဒီနေရာက အပြင်လူတွေဝင်ထွက်သွားလာလို့မရတဲ့ လုံခြုံရေးအင်မတန်တင်းကြပ်တဲ့နေရာတစ်ခုဖြစ်ပါ တယ်။ အဲဒီဝင်းအတွင်းမှာပဲ သမ္မတဟာမစ်ခါဇိုင်းရဲ့နေအိမ်နဲ့ ရုံးခန်းလည်းတည်ရှိပါတယ်။´ ဟု ဆိုသည်။
နောက်လာမည့် ၂ နှစ်အတွင်း အာဖဂန်မှ အမေရိကန်တပ်များ ပြန်လည်ထွက်ခွါတော့မည်ဖြစ်ပြီး တိုက်ခိုက်မှုများ လည်း တိုးပွားလာနေလေသည်။
`တကယ်ကိုအရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အာဖဂန်ကို ပြန်လည်လွှဲပြောင်းပေးအပ်ပြီးနောက်နှစ်မှာ နိုင်ငံတကာတပ် တွေ ပြန်လည်ဆုတ်ခွါဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ အများစုကတော့ ၂၀၁၄ မှာ အကုန်ပြန်ထွက် သွားကြတော့မှာပါ။´ ဟု ဂျိမ်းစ်ဘေးက ပြော၏။
ယခုအခါတွင် လွှဲ့ပြောင်းပေးရေးအတွက် စကားပြောဆိုနေလျက်ရှိပြီး လုံခြုံရေးစိတ်မချရသေးသော အခြေအနေ ပေါ်တွင် စစ်တပ်မှ စိုးရိမ်ပူပန်လျက်ရှိသည်။
ကာကွယ်ရေးကော်မီတီဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ရှက်ရီယာဘရက်ဇိုင်းက အဆင့်မြင့်လုံခြုံရေးကျိုးပေါက်မှုတစ်ခု ဖြစ်ကြောင်း ဆိုသည်။
`၀န်ကြီးဌာနတွေအတွင်းမှာ ဒီလိုမျိုးခဏခဏဖြစ်နေတဲ့အတွက် ရာထူးကြီးပုဂ္ဂိုလ်ကြီးတွေ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေပါလိမ့်မယ်။´
`အစိုးရအတွင်းပိုင်းနဲ့ အချိတ်အဆက်ရှိတဲ့လူတွေဖြစ်ပါလိမ့်မယ်။ သမ္မတရုံးဝင်းအတွင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ၊ အခြားဝန်ကြီးဌာနအတွင်းပိုင်းတွေမှာ ၀င်ထွက်သွားလာနိုင်တဲ့ သူတွေပဲ ဖြစ်မှာပါ။ ´
Source: Al Jazeera
Saturday, March 24, 2012
ဘာရိန်းတွင် အင်အားကြီး ဆန္ဒပြပွဲများပြန်လည်ဖြစ်ပွား
![]() |
| အကျဉ်းချခံထားရသော ဘာရိန်းအတိုက်အခံခေါင်းဆောင် |
ဘာရိန်းတွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲများနိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး ရဲနှင့် ဆန္ဒပြသူများရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ယင်းဆန္ဒပြပွဲသည် သာမန်နိုင်ငံရေးအတိုက်အခံများနှင့် တက်ကြွသော အတိုက်အခံလူငယ်များအကြား အကွဲအပြဲ ဖြစ်သည်။
သောကြာနေ့က ဘာရိန်းတွင် အင်အားအကြီးဆုံး အယ်ဝီဖက်ခ် အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲ ၁၀ ခုပြုလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာပါဝင်ခဲ့ကြသည်။
ကြာသပတေးနေ့က အစိုးရ၏ကော်မစ်ရှင်အဖွဲ့တစ်ဖွဲ့က ဘာရိန်းဘုရင်သည် ပြုပြင်ပြောင်းလဲရေးကတိအညီ ဆောင်ရွက် ခဲ့သည်ဟုချီးမွမ်းပြောဆိုမှုကို မကျေနပ်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ရှီးအိုက်အများစုနေထိုင်သော ဆန်နာဘစ်နှင့် ဆီထရာမြို့များတွင် ရဲများနှင့် ဆန္ဒပြသမားများ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဆီထရာလမ်းမများပေါ်တွင် ပုလင်းကွဲများ၊ အုတ်ခဲကျိုးပဲ့များဖြင့် ဆန္ဒပြသူများက လမ်းကို ပိတ်ဆို့ ထားခဲ့ကြသည်။ ထို့နောက်ရဲက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ပြီး အမှိုက်ပုံးများမီးရှို့ထားခြင်းကြောင့် မီးခိုးမှိုင်းများ အုံ့ဆိုင်းနေလေသည်။
ဂျီဒါးစ်မြို့တွင်လည်း လွန်ခဲ့သောညက မျက်ရည်ယိုဗုံးထိမှန်သေဆုံးခဲ့ရသော အမျိုးသမီးတစ်ဦး၏ အသုဘလိုက်လံ ပို့ဆောင်သော လူထုနှင့် ရဲများနှင့် ပြဿနာဖြစ်ပွားခဲ့သည်။
ပုလဲအ၀ိုင်းသို့ ဦးတည်ချီတက်လာသော ဆန္ဒပြသမားကို တားဆီးရန်ရဲများက မီးသတ်ပိုက်များ၊ စစ်ကားများကို အသုံးပြုခဲ့သည်။ မြို့တော်မနားမားရှိ ပုလဲအ၀ိုင်းကြီးသည် လွန်ခဲ့သောနှစ်က ဘာရိန်းတွင် ဆန္ဒပြလူထုလှုပ်ရှား မှုကြီး၏ ဆုံရပ်အဖြစ် ထင်ရှားခဲ့ပြီး နောက်ပိုင်း အစိုးရကဖျက်ဆီးပစ်ခဲ့သည်။
လုံထိန်းများက နံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ၊ ဒိုင်းကာများဖြင့် ၀င်ရောက်လာပြီး လူငယ်များက ခပ်ဝေးဝေး မှနေ၍ သူတို့ကို အော်ဟစ်နေလေသည်။ ပစ်ခတ်လိုက်သော မျက်ရည်ယိုဗုံးများကို ပြန်ကောက်ယူပြီး သူတို့ထံသို့ ပြန်ပစ်လေသည်။
`ဟေ့ကောင်တွေ လာစမ်း။ လက်ချင်းချမယ်ကွ။ ငကြောက်တွေ။ တိရစ္ဆာန်တွေ။´ ဟု လူငယ်များက အော်ဟစ်ပြီး ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်။
မြို့တော် အနောက်ဘက် အဝေးပြေးလမ်းမပေါ်တွင် ၀ီဖက်ခ်ပါတီ၏ အကြီးဆုံးဆန္ဒပြပွဲတစ်ရပ်ဖြစ်ခဲ့ပြီး လူပေါင်း ၅,၀၀၀ ခန့်ပါဝင်လေသည်။ ၀ီဖက်ခ်ပါတီသည် ဘာရိန်း၏ သက်ဦးဆံပိုင်ဘုရင်စံနစ်ကို တောက်လျှောက်ဝေဖန်လာ ခဲ့သော ပါတီဖြစ်သည်။ `ခွဲထွက်ရေးဝါဒ အလိုမရှိပါ။´ ဟု ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားလေသည်။
ပါတီတာဝန်ရှိသူတစ်ဦးက ထရပ်ကားတစ်စီး၏ အမိုးပေါ်မှ အသံချဲစက်ကိုကိုင်ကာ ၀န်ကြီးချုပ်နှင့် ဘာရိန်းအစိုးရ၏ အကြမ်းဖက်မှုများကို ရှုံ့ချသော ကြွေးကြော်သံများ တိုင်ပေးပြီး အောက်မှ လူထုက လိုက်အော်ကြလေသည်။
`ဟာမက် ကျဆုံးပါစေ´ ဟူ၍ ဘုရင်ဟာမက်ဘင်အယ်ခါလီဖါကို တိုက်ရိုက်ရှုံ့ချသော ကြွေးကြော်သံများကို အများအားဖြင့် ဟစ်အော်လေ့ရှိသည်။
Source: Al Jazeera
Wednesday, March 21, 2012
ဆီးရီးယားသူပုန်များ လူ့အခွင့်အရေးချိုးဖေါက်လျက်ရှိ
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့က ဆီးရီးယားသူပုန်အုပ်စုအားအစိုးရစစ်တပ်အဖွဲ့ဝင်များ၊ အစိုးရထောက်ခံ သူများအား ပြန်ပေးဆွဲမှု၊ ဖမ်းဆီးထားသူများအားနှိပ်စက် ညှဉ်းပမ်းမှု၊ သတ်ဖြတ်မှုတို့ဖြင့် လူ့အခွင့်အရေးချိုးဖေါက်မှု များကျူးလွန်လျက်ရှိကြောင်း စွပ်စွဲပြောဆိုလိုက်သည်။ ယင်းသို့ လူ့အခွင့်အရေးချိုးဖေါက်မှုများအား အတိုက်အခံ ခေါင်းဆောင်များမှ ရှုံ့ချပြောဆိုမှုပြုလုပ်ရန် အင်္ဂါနေ့က တိုက်တွန်းလိုက်သည်။
`အစိုးရရဲ့ ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွင်းမှုတွေကို အတိုက်အခံလက်နက်ကိုင်အုပ်စုတွေက ပြန်ပြီး လက်တုံ့ မပြန်သင့်ပါဘူး။ အတိုက်အခံခေါင်းဆောင်တွေက သူတို့နောက်လိုက်တွေကို နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်မှုတွေ မပြု လုပ်ဖို့ ပြောဆိုသင့်ပါတယ်။´ ဟု အရှေ့အလယ်ပိုင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဒါရိုက်တာ ဆာရာလီယာ ၀င်ဆင် ကပြောသည်။
အချို့သောတိုက်ခိုက်မှုများမှာ ရှီးအိုက်နှင့် အလာဝီတီ လူနည်းစုများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း လူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။ ဆီးရီးယားသမ္မတအာဆက်သည် အလာဝီတီဖြစ်ပြီး စစ်တပ်နှင့် အစိုးရ ထိပ်တန်းနေရာများ တွင် အလာဝီတီများကို နေရာပေးထားသည်။
အစိုးရနှင့် စစ်တပ်တွင်းမှ နှုတ်ထွက်ပြီး အတိုက်အခံများနှင့် ပူးပေါင်းကာ အာဆက်အစိုးရကို ပုန်ကန်တိုက်ခိုက်နေ သော လက်နက်ကိုင် အတိုက်အခံများ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဖေါ်ပြထားသော ကြေငြာချက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အာဆက်၏ အာဏာရှင်အစိုးရကို ဆန့်ကျင်ပုန်ကန်မှုများ တစ်နှစ်ကျော်သွားပြီဖြစ်ပြီး ပထမဦးစွာ ငြိမ်းချမ်းစွာဆန္ဒပြ ခဲ့ကြရာမှ အစိုးရ၏ ရက်စက်စွာနှိမ်နင်းတိုက်ခိုက်မှုများကြောင့် လက်နက်ကိုင် ပုန်ကန်သည့် အဖွဲ့အစည်းများ ပေါ် ပေါက်လာခဲ့လေသည်။
Source: Al Jazeera
Tuesday, March 20, 2012
ဆီးရီးယား အစိုးရ လျှို့ဝှက်စာရွက်စာတမ်းများပေါက်ကြား
ဆီးရီးယားထောက်လှမ်းရေးနှင့် လုံခြုံရေးအကြီးအကဲများက သမ္မတအာဆက်ထံတင်ပြသော လျှို့ဝှက်စာရွက် စာတမ်းများအား အယ်ဂျာဇီယာသတင်းဌာနမှ ရရှိခဲ့လေသည်။
အဆိုပါလျှို့ဝှက်စာရွက်စာတမ်းများတွင် သမ္မအာဆက်၏ ဆန္ဒပြမှုများကို နှိမ်နင်းဖြိုခွင်းရန်အစီအမံများနှင့် အစိုးရ အမာခံနေရာများကို ကာကွယ်ရန် အစီအမံများပါဝင်လေသည်။
စာရွက်စာတမ်းပါ အချက်အလက်များအရ ဆီးရီးယားအစိုးရသည် မြို့တော်ဒမတ်စကက် အတွင်းဆန္ဒပြမှုများပေါ် ပေါက်ခြင်းမရှိစေရန် အမိန့်ပေးထားပြီး မြို့တော်ကို ထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေရကြောင်းသိရသည်။
အလီပိုနှင့် အစ်ဒလစ်မြို့များရှိ ဆန္ဒပြမှုများကို နှိမ်နင်းရန် လုံခြုံရေးအသေးစိတ်အစီအမံများကိုလည်း ဖေါ်ပြထား လေသည်။ ထို့နောက် ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော အလီပိုမြို့ရှိ အာဆက်ထောက်ခံသူများအား ငွေကြေး ထောက်ပံ့မှုများပေးရန်၊ စိတ်ဓါတ်ရေးရာအားပေးမြှင့်တင်မှုများပြုလုပ်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထား ကြောင်း ရေးသားထားလေသည်။
ယင်းလျှို့ဝှက်စာတမ်းများကို ယူဆောင်လာသူမှာ မကြာသေးမီအချိန်ကအထိ အစိုးရအဖွဲ့အတွင်း ယုံကြည်စိတ်ချရ သော အရာရှိတစ်ဦးဖြစ်သည့် အဘ္ဘဒယ်မာဂျစ်ဘာရာကက် ဖြစ်ပြီး အယ်ဂျာဇီယာသို့ ပေးအပ်ခဲ့သည်။
သူသည် ယခင်ကလည်း ဘားသ်ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆီးရီးအနှံ့ချိတ်ဆက်အလုပ်လုပ်နေသော လျှို့ဝှက် သတင်းစုဆောင်းရေး အဖွဲ့ငယ်များတွင် ဒမတ်စကက် အဖွဲ့ခွဲမှဖြစ်သည်။ ယခုအခါ တူရကီသို့ ထွက်ပြေးရောက်ရှိ နေပြီဖြစ်သည်။
`တစ်နိုင်ငံလုံးအနှံ့အပြားချိတ်ဆက်အလုပ်လုပ်နေတဲ့ လုံခြုံရေးဆိုင်ရာဌာနမျိုးမှာ အတိုက်အခံတွေဟာ လပေါင်းများစွာကြာအောင် သူလျှိုတစ်ယောက်ကို ထည့်ထားနိုင်ခဲ့ပါတယ်။´ ဟု အယ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေးက တူရကီမှ သတင်းပေးပို့ခဲ့သည်။
`ဒီလူဟာ အစိုးရသတင်းတွေကို အတိုက်အခံတွေဆီ ပို့ပေးနေခဲ့ပါတယ်။ နောက်ဆုံးတော့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ဆီးရီးယားကနေထွက်ပြေးလာခဲ့ရပါတယ်။ အဲဒီလိုထွက်ခွါလာရာမှာ သူနဲ့အတူ လျှို့ဝှက်စာရွက်စာတမ်းတွေ ယူဆောင်လာခဲ့ပါတယ်။´ ဟု သတင်းထောက်က ပြောပြခဲ့သည်။
စာရွက်တစ်ခုတွင် အစိုးရသံအမတ်များအား နိုင်ငံခြားတိုင်းပြည်များက သွေးဆောင်နေခြင်းများရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးကို သတိပေးထားသည့် အကြောင်း ဖေါ်ပြထားသည်။
`ဒမတ်စကက်နာရီ ညနေ ၇ နာရီဆိုရင် ထောက်လှမ်းရေး၊ လုံခြုံရေးအကြီးအကဲတွေ အစည်းအဝေးထိုင်ပြီး ဒီနေ့နိုင်ငံတွင်းဘာတွေဖြစ်ခဲ့သလဲဆိုတာပြန်လည်သုံးသပ်ကြပါတယ်။ နောက်နေ့အတွက် အစီအစဉ်တွေဆွဲပြီး အမိန့် တွေ ထုတ်ပြန်ပါတယ်။´ ဟု သတင်းထောက်က ဆိုသည်။
`နောက်နေ့မနက်မှာ အဲဒီအမိန့်စာတွေကို သမ္မတရုံးခန်းကိုပို့ပြီး သမ္မတက လက်မှတ်ရေးထိုးပေးလိုက်ပါ တယ်။ ပြီးတော့ အဲဒီအတိုင်းဆက်လက်ဆောင်ရွက်ကြပါတယ်။´
လွန်ခဲ့သောနှစ် နှစ်ကုန်ပိုင်းက အစိုးရက အာရပ်အဖွဲ့ချုပ်မှ စေလွှတ်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို သူလျှို လုပ် ထောက်လှမ်းခဲ့ကြောင်း စာရွက်စာတမ်းများအရ သိရသည်။ ဆန္ဒပြပွဲများမည်သည့်နေရာတွင် ဖြစ်ပွားသည်၊ လူဦးရေမည်မျှပါဝင်သည် စသည်ဖြင့် မှတ်တမ်းမှတ်ရာများဖေါ်ပြထားသည်။ အစ်ဒလစ်မြို့တွင် ဖြစ်ပွားခဲ့သော ကြီးမားသော ဆန္ဒပြပွဲများအကြောင်းလည်းပါဝင်သည်။
စာရွက်စာတမ်းများယူဆောင်လာသူ ဘရာကက်က `ဒီစာရွက်စာတမ်းတွေကို ဖတ်မိတဲ့ဘယ်သူမမဆို အံ့သြတုန်လှုပ်သွားမှာပါပဲ။ ပြီးတော့ ဆီးရီးယားမှာ သတ်ဖြတ်မှုတွေ၊ ရာဇ၀တ်မှုတွေ၊ နှိမ်နင်းဖြိုခွင်းမှုတွေနဲ့ တကယ်ပဲ အကြပ်အတည်းဆိုက်နေတယ်ဆိုတာ နားလည်သွားပါလိမ့်မယ်။´ ဟု အယ်ဂျာဇီယာသို့ပြောသည်။
`ဒါပေမယ့် သမ္မတကိုတင်ပြတဲ့နေရာမှာ အခြေအနေအဖြစ်အပျက်အမှန်တွေကို ဖယ်ရှားပြီး သမ္မတစိတ်သက်သာရာရအောင် လျှော့ပေါ့ပြီး၊ စကားလှလှလေး တွေ သုံးပြီး တင်ပြထားတာတွေရှိပါတယ်။´
အယ်ဂျာဇီယာသတင်းထောက်ဂျိမ်းစ်ဘေးက အဆိုပါစာရွက်စာတမ်းများ စစ်မှန်ကြောင်းနှင့် ပတ်သက်ပြီး
`ကျွန်တော်တို့ ဒီစာရွက်စာတမ်းပါ အချက်အလက်အသေးစိတ်အားလုံးကို လေ့လာရုံမျှမက၊ စာရွက်ခေါင်းစည်းတွေကအစ၊ လက်မှတ်တွေကအစ လေ့လာကြည့်ပြီးပါပြီ။ ဆီးရီးယားလူမျိုးတွေ ၊ ဆီးရီးယား အတိုက်အခံတွေနဲ့လည်း စကားပြောကြည့်ပြီးပါပြီ။´
`အစစ်အမှန်တွေပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။´ ဟု ဂျိမ်းစ်ဘေးက တင်ပြသွားသည်။
Source: Al Jazeera
Sunday, March 11, 2012
ဂါဇာကို အစ္စရေးလ်လေကြောင်းမှ တိုက်ခိုက်
ပါလက်စတိုင်းနယ်မြေဂါဇာကမ်းမြှောင်ကို အစ္စရေးလ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပါလက်စတိုင်း တစ်ဦးသေဆုံးခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ခုက ပြောသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းက ဂါဇာကမ်းမြှောင်အရှေ့ဘက်ပိုင်းတွင် အစ္စရေးလ်ကဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အခြားတစ်ဦး လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စနေနေ့နေ့လယ်ပိုင်းက အီဂျစ်နှင့်ကပ်လျက် ရာဖာမြို့ကို အစ္စရေးလ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မော်တော်ဆိုင်ကယ်စီးနင်းလာသော ပါလက်စတိုင်းသေဆုံးခဲ့ပြီး ထိုနေ့မှာပင် ခန်းယူနစ်မြို့တွင် မော်တော်ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
စနေနေ့က အစ္စရေးလ်စစ်တပ်၏ ထုတ်ပြန်ကြေငြာချက်အရ `အစ္စရေးလ်တောင်ပိုင်းနယ်မြေထဲကို ပါလက်စတိုင်း ဘက်က မော်တာအမြောက်ကျည် အလုံး ၁၀၀ လောက်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တိုက်ရိုက်လက်တုံ့ပြန် တိုက်ခိုက်မှုဖြစ်ပါတယ်။´ ဟု ဆိုသည်။
`လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းကပဲ အစ္စရေးလ်တောင်ပိုင်းကို ပါလက်စတိုင်းဘက်က မော်တာကျည် ၄၅ လုံး ကျရောက်ခဲ့ပြီး လူလေးယောက်ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်က အင်မတန်ပြင်းထန်ပါတယ်။´ ဟု ဆိုသည်။
သောကြာနေ့က အစ္စရေးလေတပ်မှ အပါချီရဟတ်ယဉ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသုံးဦးသေဆုံးပြီး အိမ်တစ်လုံး၊ ကားတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ အဖွဲ့ကဆိုသည်။
အစောပိုင်းတိုက်ခိုက်မှုများက လူထုအင်အားကော်မီတီ၏ ခေါင်းဆောင် ဇူဟဲ အယ်လ်ခိုင်စီ နှင့် ၎င်း၏ ကိုယ်ရံတော် မာမွတ်အယ်-ဟာနန်နီတို့ကို ပစ်မှတ်ထားလိုက်လံတိုက်ခိုက်မှုဖြစ်သည်။ မာမွတ်အယ်-ဟာနန်နီသည် လွန်ခဲ့သော ငါးနှစ်က အစ္စရေးလ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ပါလက်စတိုင်း အကျဉ်းသားတစ်ဦးဖြစ်သည်။
အယ်လ်ခိုင်ဇီစီးနင်းလိုက်ပါလာသောကား မီးမလောင်မီ အစ္စရေးလ်ဒရုန်းလေယာဉ်တစ်စီး ပျံဝဲနေခဲ့သည်ကို တွေ့ရ ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ထို့နောက် အယ်လ်ခိုင်ဇီ၏ကား မီးလောင်ပေါက်ကွဲပြီး ခိုင်ဇီ၏ ခေါင်း ပြတ်ထွက်သွားကြောင်း မျက်မြင်သက်သေများက ပြောသည်။
`သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်က အီဂျစ်နယ်စပ်အနီး ကားလမ်းမပေါ်က တိုက်ခိုက်မှုမှာ အစ္စရေးလ် ရှစ်ဦးနဲ့ အစ္စရေးလ်စစ်သား ၂၅ ဦးသေဆုံးခဲ့ရမှုအတွက် လက်သည်တရားခံတွေ ဖြစ်တဲ့အကြောင်း အစ္စရေးလ် စစ်တပ်က ပြောပါတယ်။´ အယ်ဂျာဇီယာသတင်းထောက် ပေါလ်ဘရန်နန်က ဂျေရုစလင်မြို့မှ သတင်းပေးပို့ခဲ့သည်။
`ဇူဟဲ အယ်လ်ခိုင်ဇာနဲ့ မာမွတ်အယ်လ်-ဟန်နန်နီတို့က ဒီတိုက်ခိုက်မှုကို စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ တိုက်ခိုက်မှုမျိုးတွေလည်း ဒီလူနှစ်ယောက်က လုပ်ဆောင်နေတဲ့အတွက် လေကြောင်းကနေ သူတို့ကို တိုက်ခိုက်ခဲ့ရတာပါလို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။´
အစ္စလာမ္မစ်ဂျီဟက်အဖွဲ့က သေဆုံးသူများထဲမှ သုံးဦးမှာ သူတို့၏ အယ်လ်-ခက်စ်လက်နက်ကိုင်တပ်ဖွဲ့မှ အဖွဲ့ဝင် များဆိုသည်။ အယ်လ်-ခက်စ်အဖွဲ့သည် အစ္စရေးလ်၏ ပါလက်စတိုင်းနယ်မြေအတွင်းကျူးကျော်မှုများကို ဆန့်ကျင် တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။ သူတို့အဖွဲ့မှ အိုဘီအစ် အယ်-ဂါရက်ဘလီ၊ မိုဟာမက် ဟာရာရာ၊ ဟာဇမ်ခိုရီခါ နှင့် ရှာဒီဆီကာလီ တို့ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရကြောင်း ဆိုသည်။
ထို့ပြင်နောက်ထပ်အဖွဲ့ဝင်နှစ်ဦးဖြစ်သော ဖေးယက်ဆာလက်နှင့် မိုတာဆမ်ဟာဂျာ တို့လည်း အခြားတိုက်ခိုက်မှုတစ် ခုအတွင်း သေဆုံးခဲ့ရကြောင်း ဆိုသည်။
Source: Al Jazeera
Friday, March 9, 2012
အိုစမာဘင်လာဒင်၏ ဇနီးသုံးဦးအား ပါကစ္စတန်အစိုးရ တရားစွဲ
အိုစမာဘင်လာဒင်၏ ကျန်ရစ်သူ ဇနီးသည် မုဆိုးမသုံးဦးအား ပါကစ္စတန်အစိုးရက နိုင်ငံတွင်းတရားမ၀င်လာရောက် နေထိုင်မှုဖြင့် တရားစွဲဆိုထားကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်မေလက ပါကစ္စတန်နိုင်ငံ အဘိုတာဘက်မြို့တွင် ဘင်လာဒင်ပုန်းခိုနေထိုင်နေသည့်အိမ်ကို အမေရိကန် အထူးချေမှုန်းရေးတပ်ဖွဲ့များက ၀င်ရောက်စီးနင်းသတ်ဖြတ်ခဲ့သည်။
ထို့နောက် ယင်းအိမ်တွင် နေထိုင်သည့် ဘင်လာဒင်၏ ဇနီးသည်များနှင့် ကလေးများအပါဝင် ၁၆ ဦးကို ပါကစ္စတန်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
`သူတို့ကို တရားရုံးမှာ တင်ထားပါတယ်။ ရမန်ပေးထားပြီးတော့ တရားဥပဒေနဲ့ အညီကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။´ ဟု ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးရာမန်မာလစ်က ကြာသပတေးနေ့က သတင်းထောက်များ ကို ပြောကြားခဲ့သည်။
`အရွယ်ရောက်လူကြီးတွေကိုတော့ သူတို့အမှုနဲ့သူတို့ အသီးသီးတရားစွဲဆိုထားပါတယ်။ ကလေးတွေတော့ မပါပါဘူး။ သူတို့မှာ ရှေ့နေရပိုင်ခွင့်၊ ခုခံပိုင်ခွင့်တွေ အပြည့်အ၀ပေးထားပါတယ်။´ ´ ဟု ဆို၏။
ဇနီးသည်နှစ်ဦးမှာ ဆော်ဒီနိုင်ငံသားများဖြစ်ပြီး တစ်ဦးမှာ ယီမင်မှဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ သို့သော် မည်သည့်တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်တို့ကိုမူ ပြည်ထဲရေးဝန်ကြီးက မပြောပေ။ မည်သည့်ပြစ်ဒဏ်ကျခံရနိုင်သည်ဖြစ်ကြောင်းကိုလည်း မသိရပေ။
အမှုကို လိုက်လံစုံစမ်းနေသော ပြည်ထောင်စုစုံစမ်းရေးအေဂျင်စီတွင် အလုပ်လုပ်နေသော ရှေ့နေတစ်ဦးဖြစ်သူ ချောင်ဒရီဇူဖစ်ကာအလီက အေဖက်ပီသတင်းဌာနသို့ ပြောပြခဲ့ရာတွင် အမြင့်ဆုံးပြစ်ဒဏ်မှာ ဒဏ်ငွေ ရူးပီး ၁၀,၀၀၀ (ဒေါ်လာ ၁၁၀) နှင့် ထောင်ဒဏ် ၁၀နှစ်ဖြစ်ကြောင်း ဆိုသည်။
ဘင်လာဒင်၏ ကလေးများကိုလည်း အိပ်ခန်းငါးခန်းပါသော အိမ်ကြီးတစ်လုံးတွင် ပြည့်ပြည့်စုံစုံနှင့် ကောင်းကောင်း မွန်မွန်ထားကြောင်း သူကဆိုသည်။ သို့သော် သူတို့၏မိခင်များက သဘောတူညီမည်ဆိုလျှင် ဇာတိတိုင်းပြည်သို့ သူတို့ကို ပြန်ပို့ပေးမည်ဖြစ်သည်။
အစောပိုင်းက ပါကစ္စတန်အစိုးရက မေလ ၂ ရက်နေ့ ၀င်ရောက်စီးနင်းမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြီးဆုံးပါက အမျိုးသမီးများကို မိခင်တိုင်းပြည်များသို့ ပြန်ပို့မည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ဘင်လာဒင်သည် ပါကစ္စတန် နိုင်ငံအတွင်းမည်သို့ ပုန်းအောင်းနေနိုင်ခဲ့အကြောင်း ကျန်ရစ်သည့်မိသားစုများကို မေးမြန်းစုံစမ်းခဲ့သည်။
အငယ်ဆုံးမုဆိုးမတစ်ဦးဖြစ်သူ အမဲလ်အာမက်အဘ္ဘဒူလ်ဖာတာက ဘင်လာဒင်နှင့် မိမိတို့မိသားစုများသည် အဘိုတာဘက်ခြံဝင်းကြီးအတွင်း ငါးနှစ်မျှနေထိုင်ခဲ့ကြောင်း ဆိုသည်။
ဘင်လာဒင်အားရုတ်တရက်ဝင်ရောက်စီးနင်းသတ်ဖြတ်ခဲ့မှုကြောင့် ပါကစ္စတန်နှင့် အမေရိကန်ကြားဆက်ဆံရေး အလွန်ဆိုးဝါးသွားခဲ့သည်။ ဘင်လာဒင်အားစီးနင်းသတ်ဖြတ်နိုင်ခဲ့ခြင်းအား အမေရိကန်တွင် အောင်မြင်မှုတစ်ရပ် အနေနှင့် အောင်ပွဲခံခဲ့သော်လည်း ပါကစ္စတန်ကမူ မိမိတို့နိုင်ငံအတွင်း အမေရိကန်စစ်တပ်များက လျှို့ဝှက် စစ်ဆင်ရေးများ ဆင်နွှဲနေခြင်းသည် မိမိတို့အချုပ်အခြာအာဏာကို စော်ကားခြင်းဖြစ်ကြောင်း ဆိုသည်။
ကျန်ရစ်သူအမျိုးသမီးများအား တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ပါကစ္စတန်တွင် ထင်မြင်ချက်အမျိုးမျိုးပေါ်ထွက်နေ ကြောင်း အယ်ဂျာဇီယာသတင်းထောက် အမ်တီအက်ဇ်တေယက်ဘ်က အစ္စလာမ္မာဘတ်မှနေ၍ သတင်းပေးပို့ခဲ့ သည်။
`အိုစမာဘင်လာဒင် အသတ်ခံလိုက်ရပြီးမကြာခင်မှာပဲ ကျန်ရစ်သူ မုဆိုးမတွေအတွက် ဘယ်လိုအခြေအနေ မျိုးတွေရှိမလဲ၊ ကလေးတွေအတွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။´
`ဒီအမျိုးသမီးတွေအတွက် ပါကစ္စတန်အစိုးရမှာတောင် တာဝန်ရှိတယ်ဆိုတဲ့ ပြောစကားတွေ ကြားနေရပါ တယ်။ ဒါကြောင့် ဒီအမျိုးသမီးတွေကို ပါကစ္စတန်အစိုးရက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့တရားစွဲဆိုတာလဲဆိုတာ မေးမြန်းနေကြပါတယ်။´
`ပါကစ္စတန်က ဒီအမျိုးသမီးတွေကို ကိုယ့်နိုင်ငံကိုယ် ပြန်လွှတ်ပေးလိုက်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်နေခဲ့ကြတယ် မဟုတ်လား။ အခုလိုတရားစွဲလိုက်တော့ ခက်ကုန်တော့တာပဲ။´
Source: Al Jazeera
Sunday, February 26, 2012
အာဖဂန်ရှိ နေတိုးအကြံပေးအရာရှိနှစ်ဦး အသတ်ခံရ
ကဘူးလ်မြို့ရှိ နေတိုးအကြံပေးအရာရှိများကို ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးက ကြေငြာချက် ထုတ်ပြန်လိုက်သည်။
စနေနေ့က အာဖဂန်နစ္စတန်ကဘူးလ်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် အပြည်ပြည်ဆိုင်ရာလုံခြုံရေးအကူအညီပေးရေး တပ်ဖွဲ့ (ISAF) မှ အကြံပေးအရာရှိနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး မကြာမီ ၎င်းတို့၏ စစ်ဘက်၊ အရပ်ဘက် အကြံပေးအရာရှိများအားလုံးကို ပြန်လည်ခေါ်ဆောင်သွားတော့မည်ဖြစ်ကြောင်း နေတိုးက ကြေငြာခဲ့ခြင်းဖြစ်သည်။
ISAF တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂျွန်အာရ်အလန်က `လုံခြုံရေးအခြေအနေအရ ၀န်ကြီးဌာနတွေနဲ့ ကဘူးလ် တစ်ခွင်မှာ အလုပ်လုပ်နေတဲ့ ISAF အဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ ကျွန်တော်အမြန်ဆုံးလုပ်ဆောင်သွားမှာပါ။´ ဟု ပြောကြားခဲ့သည်။
ISAF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးချုပ် ကာစတန်ဂျက်ကော့ဆန်က အာဖဂန်မြို့တော်ကဘူးလ်ရှိ နေတိုး အကြံပေးအရာရှိများအားလုံးကို လုံခြုံစိတ်ချရသည့် နေရာများသို့ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း အယ်လ်ဂျာဇီယာ သတင်းဌာနနှင့် မေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။
အသတ်ခံရသည့် အကြံပေးအရာရှိနှစ်ဦးသည် ၀န်ကြီးဌာန၏ နိုင်ငံခြားသားအရာရှိများသာ အသုံးပြုနိုင်သော အခန်း တွင်း ရှိနေခဲ့ပြီး ယင်းအခန်းတွင်းသို့ အာဖဂန်နိုင်ငံသား စကားပြန်များသာ ၀င်ရောက်ခွင့်ရှိသည်။ ၀န်ကြီးဌာနရှိ ယင်း အကြံပေးနှစ်ဦး အသတ်ခံရလိုက်ကြောင်း သက်ဆိုင်ရာက အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တာလီဘန်ဝက်ဘ်ဆိုဒ်နှင့် တွစ်တာအကောင့်များတွင် အမေရိကန်လေတပ်အခြေစိုက်စခန်းတွင် ကိုရမ်ကျမ်းစာအုပ် များကို မီးရှို့ခဲ့သည့်အတွက် မိမိတို့လက်စားချေသတ်ဖြတ်ခြင်းဖြစ်ကြောင်း တာလီဘန်က ရေးသားဖေါ်ပြထားသည်။
သို့သော် အမေရိကန်ကာကွယ်ရေးပြောခွင့်ရ ကပ္ပတိန်ဂျွန်ကာရ်ဘီက ဒီနေ့ကဘူးလ်မှာသတ်ဖြတ်ခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။ အကြံပေးအရာရှိနှစ်ဦးကို ဘယ်သူက၊ ဘာကြောင့်သတ်တယ်ဆိုတာ ကျွန်တော်တို့ မသိ ရသေးပါဘူး။´ ဟု သူ့၏ တွစ်တာအကောင့်တွင် ရေးသားဖေါ်ပြထားသည်။
အမေရိကန်အခြေစိုက်စခန်းတွင်း ကိုရမ်ကျမ်းစာအုပ်များမီးရှို့ခဲ့ခြင်းကြောင့် အာဖဂန်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ငါးရက်အကြာတွင် ယခုကဲ့သို့ သတ်ဖြတ်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ကိုရမ်ကျမ်းစာအုပ် ဆန္ဒပြမှုများလည်း ငါးရက်ဆက်တိုက်လုံးဖြစ်ပွားနေလာခဲ့ရာ စနေနေ့က လေးဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက အယ်လ်ဂျာဇီယာသို့ပြောသည်။
သေဆုံးသူများထဲမှ သုံးဦးမှာ စနေနေ့က ကွန်ဒုဇ်ပြည်နယ် ကုလသမဂ္ဂအဆောက်အဦရှေ့တွင် ဆန္ဒပြကြစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆန္ဒပြပွဲများသည် ပထမတွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆန္ဒပြခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဆန္ဒပြသူများက အစိုးရအဆောက်အဦများနှင့် ကုလသမဂ္ဂအဆောက်အဦများကို ခဲများဖြင့်ပစ်ခတ်ခြင်းကြောင့် အကြမ်းဖက်အသွင် ဆောင်သွားပြီး ရဲများက လူစုခွဲရန် ပစ်ခတ်ခဲ့ကြကြောင်း ပြည်နယ်ရဲဌာန တာဝန်ရှိသူတစ်ဦးဖြစ်သော ဆာဝါဟူစိန်နီက ပြောသည်။
Source: Al Jazeera
Tuesday, February 21, 2012
ဆီးရီးယားတွင် တိုက်ပွဲဆက်
တိုက်ပွဲများပိတ်မိနေသော အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားရေးအကူအညီများပေးအပ်နိုင်ရေး အတွက် တစ်ရက် နှစ်နာရီ အပစ်အခတ်ရပ်စဲပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မီတီ၏ တောင်းဆိုမှုကို ဥပေက္ခာပြုပြီး ဆီးရီးယားစစ်တပ်က ဟုမ်းစ်မြို့တွင် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ဟုမ်းစ်မြို့အနီးတွင် ဆီးရီးယားစစ်တပ်မှ တိုက်ခိုက်မှုကြောင့် အင်္ဂါနေ့က အနည်းဆုံး ၁၂ ဦးခန့်သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။ သို့သော် နိုင်ငံခြားသတင်းထောက်များ ဆီးရီးယားသို့ ၀င်ရောက်သတင်းယူ ခွင့်မရသည့်အတွက် သတင်းခိုင်မာမှုရှိ၊ မရှိအတည်မပြုနိုင်ပေ။
ဟုမ်းစ်မြို့အပြင်ဘက်တွင်လည်း အစိုးရက စစ်တပ်အင်အားများတိုးချထားကြောင်း သိရသည်။ ဟုမ်းစ်မြို့ကို ၁၈ ရက်ကြာတိုက်ခိုက်လျက်ရှိသည်။
အင်္ဂါနေ့အစောပိုင်းက ဟုမ်းစ်မြို့တွင် ဗုံးမိုးရွာခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောသည်။ မြို့တော်ဒမတ်စကတ်တွင် ဆန္ဒပြသူများကို ဆီးရီးယားစစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း လှုပ်ရှားတက်ကြွသူများ၏ အဆိုအရသိရသည်။
Source: Al Jazeera
Monday, February 20, 2012
အီရန်ကို တိုက်ခိုက်ခြင်းမပြုရန် အမေရိကန်နှင့် ဗြိတိန်က အစ္စရေးလ်ကို သတိပေး
![]() |
| မာတင်ဒမ်ဆီ |
ပါရှန်းပင်လယ်ကွေ့အတွင်း တင်းမာမှုများမြင့်တက်နေပြီး အီရန်စစ်သင်္ဘောများ ဆူးအက်တူးမြောင်းကို ဖြတ်ကာ ဆီးရီးယား၏ တာတပ်စ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခြင်းကြောင့် အမေရိကန်နှင့် ဗြိတိန်တို့က အီရန်နှင့် ၎င်း၏နျူကလီးယား ဓါတ်ပေါင်းဖိုများကို တိုက်ခိုက်ခြင်းမပြုရန် အစ္စရေးလ်အား တားမြစ်ပြောကြားလိုက် သည်။
အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်ကော်မီတီဥက္ကဋ္ဌ မာတင်ဒမ်ဆီနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟေ့ဂ် နှစ်ဦးစလုံးက အစ္စရေးလ်သာ အီရန်ကိုတိုက်ခိုက်မည်ဆိုလျှင် ဒေသတွင်းအခြေအနေများ အလွန်ဆိုးဝါးသွားမည် ဖြစ်ကြောင်း၊ တီဟီရန်ကို နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုများဆောင်ရွက်ထားရှိခြင်းကြောင့် အစ္စရေးလ်အနေနှင့် အချိန်အနည်းငယ်ပိုပေးစောင့်ကြည့်သင့်ကြောင်းဆိုသည်။
တနင်္ဂနွေနေ့က အသီးသီးပြောကြားခဲ့ကြရာတွင် ဒမ်ဆီက အစ္စရေးလ်က အီရန်ကို တိုက်ခိုက်မည်ဆိုလျှင် `အမြော်အမြင်မရှိသောလုပ်ဆောင်မှု´ဖြစ်သည်ဟု ဆိုလိုက်ပြီး ၀ီလီယံဟေ့ဂ်ကလည်း `အဓိပ္ပါယ်ရှိသော လုပ်ရပ် မဟုတ်´ ဟု ပြောလေသည်။
တနင်္ဂနွေနေ့က စီအင်အင်သတင်းဌာနနှင့် အင်တာဗျူးတွင် ဒမ်ဆီက အစ္စရေးလ်အနေနှင့် အီရန်ကိုတိုက်ခိုက်နိုင် သည့် အင်အားရှိကြောင်း၊ သို့သော် တိုက်ခိုက်လိုက်ခြင်းကြောင့် အီရန်ကို နှစ်နှစ်ခန့်သာ နှောင့်နှေးသွားစေမည် ဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုအားကောင်းသွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အီရန်က ဒေသတွင်းအမေရိကန်အခြေစိုက်စခန်းများကို လက်တုံ့ပြန်သည့်အနေနှင့် တိုက်ခိုက်လာနိုင်ကြောင်း၊ ယင်းအချက်ကို အလေးအနက်ထားထည့်သွင်းစဉ်းစားနေကြောင်း၊ ထို့ကြောင့် ယခုအချိန် အခါသည် အီရန်ကိုတိုက်ခိုက်ရန် အချိန်အခါကောင်းတစ်ခုမဟုတ်ဟု ယူဆသည့်အကြောင်း ဒမ်ဆီက ပြောဆိုသွား ခဲ့သည်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး တွမ်ဒိုနီလွန်နှင့် အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟုတို့ တွေ့ဆုံမည်ဟု သိရှိရသော်လည်း အတည်မပြုနိုင်သေးပေ။ ဒိုနီလွန်သည် တနင်္လာနေ့တွင် အစ္စရေးလ်ကာကွယ်ရေး ၀န်ကြီး အီဟွတ်ဘာရက်နှင့် တွေ့ဆုံမည်ဖြစ်သည်။
ယခုကဲ့သို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတစ်ဦး နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းသည် အလွန်ဖြစ်တောင့်ဖြစ်ခဲဖြစ် ပြီး အီရန်ကို တိုက်ခိုက်ခြင်းမပြုရန် အစ္စရေးလ်အားတိုက်တွန်းလိမ့်မည်ဟု ယူဆရကြောင်း အယ်ဂျာဇီယာသတင်း ထောက် ဂျွန်တားရက်က ၀ါရှင်တန်ဒီစီမှ သတင်းပေးပို့ခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘီဘီစီနှင့် တွေ့ဆုံခန်းတွင် ဗြိတိန်အနေနှင့် ပိတ်ဆို့အရေးယူမှုနှင့် သံတမန်ရေးအရသာ ဖြေရှင်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
`ခုအချိန်မှာ အစ္စရေးလ်က အီရန်ကို တိုက်ခိုက်ဖို့ မသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတကာက ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေချထားတယ်၊ ဖိအားပေးတိုက်တွန်းမှုတွေလုပ်ဆောင်ပြီး အီရန်နဲ့ဆွေးနွေး ဖို့ လုပ်နေတာကို အချိန်ပေးပြီး စောင့်ကြည့်ဖို့လိုပါတယ်။´ ဟု ဆိုသည်။
Source: Al Jazeera
Friday, January 20, 2012
ဆီးရီးယား ဇဘာဒါနီတွင် အပစ်ရပ်ရေးသဘောတူ
ဆီးရီးမြို့တော်နှင့် အနီး ဇာဘာဒါနီမြို့တွင် အတိုက်အခံလက်နက်ကိုင်များနှင့် အစိုးရစစ်တပ်ကြား အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်တစ်ရပ်ရရှိခဲ့သည်။
အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သမ္မတအာဆက်၏ ယောက်ဖတော်သူလည်းဖြစ်၊ လက်ထောက် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ အာဆက်ဖ်ရှော်ကက်နှင့် မြို့ခေါင်းဆောင်များကြားပြုလုပ်ခဲ့ကြောင်း လွန်ခဲ့သော နှစ်ပတ်ခန့်က ဂျော်ဒန်သို့ထွက်ပြေးသွားခဲ့သည့် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ခါမဲလ်လက်ဘ်ဝါနီက ဆိုသည်။
လွတ်လပ်သော ဆီးရီးယားစစ်တပ်ဟု အမည်ရသော အတိုက်အခံလက်နက်ကိုင်များနှင့် မြို့တွင်းရှိ လှုပ်ရှားတက် ကြွသူများအား မြို့ခေါင်းဆောင်များက စည်းရုံးဆွေးနွေးခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီ ချက်ရရှိခဲ့ကြောင်း လက်ဘ်ဝါနီက ဆက်လက်ပြောကြားသည်။
သဘောတူညီချက်အရ အစိုးရစစ်တပ်များနှင့် တင့်ကားများမြို့တွင်းမှ ထွက်ခွါသွားပေးရန်နှင့် အတိုက်အခံလက်နက် ကိုင်များလည်း လမ်းမများပေါ်မှ ဆုတ်ခွာပေးရန် သဘောတူညီခဲ့ကြသည်ဟု လက်ဘဝါနီက ပြော၏။ ဇဘာဒါနီမြို့ တွင် လူဦးရေ ၄၀,၀၀၀ ခန့်နေထိုင်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆီးရီးယားအစိုးရမှ တစ်စုံတစ်ရာပြောကြားခြင်းမရှိခဲ့ပေ။
“အခုက စပြီး အမြောက်ပစ်သံ၊ သေနတ်သံတွေ မကြားရတော့ပါဘူး။ တိတ်ဆိတ်နေပါတယ်။ ဒါပေမယ့် စစ်တပ်ကတော့ မြို့ကိုဝိုင်းထားတုန်းပါပဲ။” ဟု ရီတာအမည်ရှိသူ မြို့ခံတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောသည်။
“သဘောတူညီချက်အရတော့ စစ်တပ်ကလည်း မြို့တွင်းကနေ ဆုတ်ခွါပေးရမယ်။ အတိုက်အခံသူပုန်တွေ ကလည်း လမ်းတွေပေါ်ကနေဆုတ်ခွါပြီးတော့ လမ်းတားတုန်းတွေကို ဖယ်ပေးရပါမယ်။”
ဇဒါဘာနီမြို့သည် ဒမတ်စကတ် အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ အကွာတွင်တည်ရှိပြီး လက်ဘနွန်နှင့် ဆီးရီးယားကို ပိုင်းခြားထားသော တောင်များ၏ အောက်ခြေတွင် တည်ရှိသည်။ ထိုမြို့သည် အာဆက် ရာထူးမှ ဆင်းပေးရေးအတွက် အလုံးအရင်းဖြင့် ပုံမှန်ဆန္ဒပြနေသော မြို့ဖြစ်သည်။
လွန်ခဲ့သော သောကြာနေ့က တင့်ကားများဖြင့် စစ်တပ်က မြို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ လွန်ခဲ့သောလက အာရပ်အဖွဲ့ချုပ် လေ့လာရေးအဖွဲ့များနိုင်ငံတွင် ဝင်ရောက်လေ့လာချိန်မှ စ၍အကြီးဆုံးထိုးစစ်တစ်ခုဖြစ်ခဲ့သည်။
နှစ်ရက်ကြာစေ့စပ်ညှိနှိုင်းမှုများအပြီး အပစ်ရပ်သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဇဘာဒါနီမြို့မှ တက်ကြွလှုပ်ရှားသူများက ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရေးသားဖေါ်ပြကြသည်။
“ကျွန်ုပ်တို့ရဲ့ ဂုဏ်ယူဖွယ်ရာမြေပေါ်ကနေ သူတို့ မနက်ဖြန်မနက်ဆုတ်ခွါသွားမယ့် အချိန်ကို ကျွန်ုပ်တို့ စောင့်နေကြပါတယ်။” ဟု စာမျက်နှာတစ်ခုတွင် ရေးသားထားသည်။
ဆီးရီးယားတွင် ပစ်ခတ်နှိမ်နင်းမှုများရပ်တန့်ရန် နိုင်ငံတကာမှတောင်းဆိုဖိအားပေးလျက်ရှိပြီး အချို့သော အတိုက် အခံများက နိုင်ငံတကာဝင်ရောက်ဖြေရှင်းရန် တောင်းဆိုလျက်ရှိသည်။
သို့သော် ရုရှအနေနှင့် အနောက်နိုင်ငံများက ဆီးရီးယားအရေးတွင် အင်အားသုံးဝင်ရောက်စွက်ဖက်ခွင့်ရရေးအတွက် ကုလသမဂ္ဂ၏ သဘောတူညီချက်ရရှိရန် ကြိုးပမ်းမည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ပိတ်ပင်တားဆီးသွားမည် ဖြစ်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
“အချို့နိုင်ငံတွေက ဆီးရီးယားအရေးမှာ အင်အားသုံးပြီး ကြားဝင်မယ်ဆိုရင် ရုရှကလုံးဝလက်ခံမှာမဟုတ် ပါဘူး။” ဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်က ပြောသည်။
“ဒါပေမယ့် သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူတို့ဘာသာလုပ်ရင်တော့ လုပ်လေ။ ကုလသမဂ္ဂရဲ့ သဘောတူ ညီချက်ကိုတော့ ရမှာမဟုတ်ဘူး။”
ရုရှကတင်ပြသော ဆီးရီးယားအရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အပေါ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အချိန်ကြာမြင့်စွာဆွေးနွေးညှိနှိုင်းပြီးနောက် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှက တင်ပြသော ဆုံးဖြတ်ချက်မူကြမ်းတွင် မည်သည့်နိုင်ငံခြားတပ်မှ ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ရန် ရှင်းလင်းစွာဖေါ်ပြထားကြောင်း လက်ဗရော့ဗ် ကပြောသည်။
Source: Al Jazeera
Sunday, January 15, 2012
နျူကလီးယားပညာရှင် လုပ်ကြံခံရမှု စီအိုအေလက်ချက်ဖြစ်ကြောင်း အီရန်ပြော
အီရန်နျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ အမေရိကန်လက်ချက်ဖြစ်ကြောင်း အထောက် အထားများ အီရန်အစိုးရတွင် ရှိနေသည်ဟု အီရန်သတင်းဌာနက ကြေငြာသွားသည်။
လွန်ခဲ့သည့် အပတ်က အမေရိကန်တာဝန်ရှိသူများက အီရန်သိပ္ပံပညာရှင် မော့စတာဖာအမာဒီရို့စ်ဟန် အသတ်ခံရခြင်းတွင် သူတို့ပါဝင်မှုမရှိ ကြောင်းငြင်းဆိုထားခဲ့သည်။
သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကိုယ်စားလှယ် ဆွစ်သံရုံးသို့ပေးပို့ခဲ့သည့် စာတွင် “အသေအချာ အကွက်ချ၊ ညွှန်ကြားပြီးလုပ်ဆောင်ခဲ့တဲ့ ဒီအကြမ်းဖက်မှုကို စီအိုင်အေကလုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့မှာ အထောက်အထား အခိုင်အမာရှိနေပါတယ်။” ဟု ရေးသားဖေါ်ပြထားသည်။
“ကျွန်တော်တို့ရဲ့ရန်သူတော်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးလ်တို့ဟာ သူတို့လုပ်ခဲ့တဲ့ကိစ္စအတွက် တာဝန်ရှိပါတယ်။” ဟု အီရန်စစ်တပ် ပြောခွင့်ရ မာဆွတ်ဂျာဇာယီရီက ပြောသည်။
အီရန်နျူကလီးယားသိပ္ပံပညာရှင် ရို့စ်ဟန် အသက် ၃၂ နှစ်၏ ကားတွင်သံလိုက်ဗုံးကပ်၍ ဖေါက်ခွဲလုပ်ကြံခဲ့ခြင်း ဖြစ်ပြီး ကားဒရိုင်ဘာဖြစ်သူပါသေဆုံးခဲ့သည့် လုပ်ကြံမှုသည် အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် နှစ်နှစ်အတွင်း ငါးကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။
ယင်းလုပ်ကြံမှုတွင် မိမိတို့ပါဝင်ပတ်သက်မှုမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရော၊ အစ္စရေးလ်သမ္မတ ရှီမွန်ပီရက်စ်တို့ကပါ ငြင်းဆိုကြသည်။
အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ယခင်လုပ်ကြံခံရမှုများတွင် အစ္စရေးလ်ကို စွပ်စွဲခဲ့သည်။ သို့သော် အစ္စရေးလ်က စွပ်စွဲမှုများအပေါ် မည်သို့မျှ တုံ့ပြန်မှုမပေးခဲ့သော်လည်း တစ်ခါတစ်ရံတွင် ကျေနပ်အားရ မှုရှိကြောင်း လူသိရှင်ကြားထုတ်ဖေါ်ပြောကြားခဲ့ဖူးသည်။
အီရန်က ဗြိတိန်သို့လည်း ရှုံ့ချသည့်အကြောင်း စာပေးပို့ခဲ့သည်။ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြံစည်နေ သည့် နိုင်ငံများကို စုံစမ်းထောက်လှမ်းသွားမည့် ဗြိတိန်၏ MI6 သူလျှိုအစီအစဉ်ကို ကြေငြာပြီးနောက်မှာပင် မိမိတို့ နျူကလီးယားသိပ္ပံပညာရှင် အသတ်ခံခဲ့ရကြောင်း ထည့်သွင်းရေးသားဖေါ်ပြခဲ့သည်။
အီရန်၏နျူကလီးယားအစီအစဉ်သည် လက်နက်ထုတ်လုပ်ရန် ရည်ရွယ်ကြောင်း အနောက်က စွပ်စွဲထားပြီး၊ အီရန်ကမူ ငြိမ်းချမ်းစွာအသုံးချရေး လမ်းစဉ်အရ စွမ်းအင်ထုတ်လုပ်ရန်သာ ရည်ရွယ်ကြောင်း ငြင်းဆိုထားသည်။
နျူကလီးယားပညာရှင် အသတ်ခံရခြင်းနှင့် ပတ်သက်၍ ပြစ်တင်ရှုံ့ချပေးရန် အီရန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကို တောင်းဆိုထားသည်။
အမေရိကန်ပြည်ထောင်စုက အီရန်၏ နျူကလီးယားအစီအစဉ်ကြောင့် ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့် ချင်းဆောင်ရွက်နေပြီး ရေနံအပေါ်အဓိကမှီခိုနေရသော အီရန်စီးပွားရေးရပ်တန့်သွားစေရန် ရေနံတင်သွင်းမှုပိတ်ဆို့ ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် အီရန်ကလည်း မိမိတို့ ဟော်မျူဇ်ရေလက်ကြားကို ပြန်လည်ပိတ်ဆို့ ပစ်မည်ဟု ခြိမ်းခြောက်မှုများဖြင့် နှစ်ဘက် စစ်ရိပ်စစ်ငွေ့များသန်းနေစဉ်တွင် အီရန်နျူကလီးယားပညာရှင် လုပ်ကြံခံ ရမှုကြောင့် အခြေအနေပိုမိုတင်းမာသွားစေခဲ့သည်။
အမေရိကန်သမ္မတအိုဘားမားက နှစ်သစ်ကူးတွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုဥပဒေတစ်ရပ်ကို လက်မှတ်ရေး ထိုးပေးလိုက်ပြီး ဥပဒေအတိုင်း အတိအကျဆောင်ရွက်မည်ဆိုပါက အီရန်နိုင်ငံမှ မည်သူမျှရေနံဝယ်ယူ၍ရတော့မည် မဟုတ်ချေ။
ဥရောပသမဂ္ဂကလည်း အလားတူပိတ်ဆို့အရေးယူခြင်းတစ်ရပ် ဆောင်ရွက်ရန်အလားအလာရှိပြီး အဖွဲ့ဝင်နိုင်ငံများ ကြားအီရန်ရေနံတင်ပို့မှု တဖြည်းဖြည်းချင်းလျှော့ချပိတ်ဆို့သွားရန် အစီအစဉ်ရှိသည်။
ထို့ကြောင့် အီရန်ကလည်း ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းစီးဆင်းရာ ဟော်မျုဇ်ရေလက်ကြားကို ပိတ်ဆို့ပစ် မည်ဟု ပြန်လည်ခြိမ်းခြောက်ထားလေသည်။
အကယ်၍ သံတမန်နည်းဖြင့်ဖြေရှင်း၍မရပါက စစ်ရေးဖြင့်ဖြေရှင်းသွားမည်ဟု အမေရိကန်နှင့် အစ္စရေးလ်တို့က ပြောကြားလိုက်ပြီး အီရန်ကလည်း တုံ့ပြန်တိုက်ခိုက်သွားမည်သာဖြစ်ကြောင်း ဆို၏။
Source: Al Jazeera
Saturday, January 14, 2012
အစ္စရေးလ်သူလျှိုများ စီအိုင်အေ အယောင်ဆောင်လှုပ်ရှား
အစ္စရေးလ်ထောက်လှမ်းရေးမှ သူလျှိုများကအမေရိကန်စီအိုင်အေအယောင်ဆောင်ကာ ပါကစ္စတန်ဂျန်ဒါလာ အဖွဲ့ဝင်များအား စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးမူဝါဒမဂ္ဂဇင်းတွင် ရေးသားဖေါ်ပြခဲ့သည်။
အမေရိကန်ဒေါ်လာများနှင့် အမေရိကန်ပတ်စ်ပို့များကို အသုံးပြု၍ အစ္စရေးစုံထောက်များက အမေရိကန်ဗဟို ထောက်လှမ်းရေးအဖွဲ့ဝင်များ (စီအိုအေ) အဖြစ်ဆောင်ရွက်ခဲ့သည့် ၂၀၀၇၊ ၂၀၀၈ ခုနှစ်များအတွင်း အဖြစ်အပျက် များရှိခဲ့သည်ဟု သောကြာနေ့က မဂ္ဂဇင်းတွင်ပုံနှိပ် ဖေါ်ပြထားသည်။ လက်ရှိအချိန်အထိ ဆက်လက်လုပ်ဆောင်နေ ခြင်းရှိမရှိကိုမူ သေချာမသိရပေ။
“အစ္စရေးလ်က အရင်ကဒီလိုလုပ်ခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အမေရိကန်မွတ်စလင် တွေကိုစည်းရုံးဖို့ အမေရိကန်မှာ အစ္စရေးလ်မော့ဆက် သူလျှိုတွေရှိနေတယ်ဆိုတဲ့ အချက်ကို အမေရိကန်မှာ လက်ခံကြပါတယ်။” ဟု သတင်းရေးသားသူ မာ့ခ်ပယ်ရီက အယ်ဂျာဇီယာသို့ပြောသည်။
“အစ္စရေးလ်နဲ့ အနီးကပ်လုပ်ဆောင်နေရတဲ့ သူလျှိုဆိုင်ရာလုပ်ငန်းတွေရှိပါတယ်။ အစ္စရေးလ်က ဒီလိုလုပ်ရပ် မျိုးအတွက် အမေရိကန်က ခွင့်လွှင့်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တော့ မထင်ပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလိုကိစ္စမျိုးကို သီးမခံနိုင်ပါဘူး။”
ဆက်လက်၍ “တကယ်လို့ အဲဒီလိုလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ အမေရိကန်တွေရှိနေတယ်လို့ အီရန်ကထင်နေ မယ်ဆိုရင် ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရပ်ခြားမှာ ရှိနေတဲ့အမေရိကန်နိုင်ငံသားတွေကို အီရန်က ပြန်ပြီး အန္တရာယ်ပြုသတ်ဖြတ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံသားတွေကို အန္တရာယ်ကျရောက်အောင် တွန်းပို့ တတ်တဲ့ မိတ်ဆွေမျိုးကျွန်တော်တို့ မလိုချင်ပါဘူး။” ဟု အစ္စရေးလ်၏ လုပ်ရပ်ကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ် များအတွက်လည်း သတိပေးပြောကြားခဲ့သည်။
ဂျန်ဒါလာဆိုသည်မှာ “ဘုရားသခင့်စစ်သည်တော်များ” ဟု အဓိပ္ပါယ်ရပြီး အရှေ့မြောက်ဘက် ပြည်နယ်၏ ကြီးမား သော ဘာလုခ်ျတိုင်းရင်းသားများအရေးအတွက် တိုက်ခိုက်နေကြောင်း ဆိုသည်။ အီရန်တို့နှင့်မတူဘဲ ဆွန်နီမွတ်စလင်ဘာသာဝင်များဖြစ်ကြသည်။
ဘာလုခ်ျတိုင်းရင်းသားများသည် အိမ်နီးချင်းပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်များပေါ်တွင် ခွနေထိုင်ကြပြီး ဒေသတွင်းမတည်မငြိမ်ဖြစ်နေမှုများကို အခွင့်ကောင်းယူကာ ဂျန်ဒါလာသူပုန်များသည် ယင်းနယ်စပ်ဒေသ တစ်လျှောက်တွင် ၎င်းတို့အတွက် ခိုအောင်းရာနေရာအဖြစ် ခြေကုပ်ယူထားလေသည်။
အမေရိကန်အစိုးရ၏ အဆိုအရ ဂျန်ဒါလာအုပ်စုသည် အီရန်အစိုးရအဖွဲ့ဝင်များကို ပစ်မှတ်ထားပြီး၊ အမျိုးသမီးများ၊ ကလေးများကို သတ်ဖြတ်လျက်ရှိကြောင်း နိုင်ငံခြားရေးမူဝါဒ မဂ္ဂဇင်းက ဖေါ်ပြခဲ့သည်။
ဇူလိုင်လအတွင်းက ပါကစ္စတန်နိုင်ငံ၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားကာ ဇဟီဒန်မြို့ရှိ ဗလီကြီးကို တိုက်ခိုက်ခဲ့ရာ ၂၈ ဦးသေဆုံးခဲ့သည့်ဖြစ်ရပ်တွင် သူတို့လက်ချက်ဖြစ်ကြောင်း ဂျန်ဒါလာတို့က ကြေငြာခဲ့ သည်။
“အစ္စရေးလ်တွေက သူတို့လုပ်ပြီးတော့ လူမသိ၊ သူမသိပြီးသွားမယ်လို့ ထင်နေတာ အံ့စရာပဲဗျာ။” ဟု အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးက မဂ္ဂဇင်းသို့ပြောခဲ့သည်။
“သူတို့က အမေရိကန်စီအိုင်အေယောင်ဆောင်ပြီး လိုက်စည်းရုံးအသုံးချနေတာ အတော်လေးကို ပေါ်တင် ဖြစ်နေပြီ။ ကျွန်တော်တို့ ဘယ်လိုထင်ထင် လုံးဝဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးလုပ်နေတာဗျ။”
“ဒီသတင်းကြောင့် အမေရိကန်တွေမှာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုတဲ့ ကိစ္စက အိမ်ဖြူတော်မှာ ရိုက်ခတ် နေပြီ။ အမေရိကန်နဲ့ အစ္စရေးလ် ထောက်လှမ်းရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့လားဆိုတဲ့ မေးခွန်းမျိုးတော့ မရှိဘူး။ ဒါပေမယ့် မတူဘူးဗျ။ ဘယ်သူတွေ ဘယ်လိုထင်ထင်ဗျာ၊ အီရန်သိပ္ပံပညာရှင်တွေ၊ အီရန် အရပ်သားတွေကို သတ်တဲ့ကိစ္စတွေမှာတော့ ကျွန်တော်တို့ မပါဘူး။” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြော ကြားသွားလေသည်။
မော့ဆက်လုပ်ရပ်များကြောင့် ယခင်က အယ်လ်ကေဒါချေမှုန်းရေးတွင် လက်တွဲလုပ်ကိုင်လာခဲ့သော ပါကစ္စတန်နှင့် အမေရိကန်ကြားတင်းမာမှုများ ပိုမိုကြီးထွားအန္တရာယ်ရှိလာစေကြောင်း ဆိုသည်။
အီရန်နျူကလီးယားသိပ္ပံပညာရှင်တစ်ဦး ကားဗုံးခွဲအသတ်ခံရမှုနောက်ဆုံးဖြစ်ပွားခဲ့ပြီး အီရန်-အမေရိကန်တင်းမာမှု အမြင့်ဆုံးဖြစ်လာခဲ့သည်။
သိပ္ပံပညာရှင် အသတ်ခံရခြင်းနှင့် ဂျန်ဒါလာသူပုန်များကြား အဆက်အစပ်ရှိသည့် သက်သေအထောက်အထားမတွေ့ ရကြောင်း မဂ္ဂဇင်းက ဖေါ်ပြထားသည်။
Source: Al Jazeera
Friday, January 13, 2012
အမေရိကန်စစ်သားများ အာဖဂန်တွင် မလျှော်မကန်ပြုမူပုံ ဗွီဒီယိုဖိုင်ထွက်ပေါ်လာ
အမေရိကန်စစ်သားများက သေဆုံးနေသော အာဖဂန်အလောင်းများကို ကျင်ငယ်စွန့်နေသော ဗွီဒီယိုဖိုင်တစ်ခုပေါ်ထွက် လာပြီး အဆိုပါဗွီဒီယိုမှာ အစစ်အမှန်ပင်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ဝန်ခံလိုက်သည်။
စုံစမ်းစစ်ဆေးသူများမှ မရင်းစစ်သားလေးယောက်တွင် အနည်းဆုံးနှစ်ယောက်ကို ဖေါ်ထုတ်ပြီး အင်တာဗျူးလုပ်ရန် ဆောင်ရွက်ခဲ့ကြောင်း AP သတင်းဌာနက ရေးသားဖေါ်ပြခဲ့သည်။ ၎င်းတို့သည် အာဖဂန်တောင်ပိုင်း တာလီဘန် အခြေစိုက်စခန်းများကို ခုနှစ်လကြာတိုက်ခိုက်ခဲ့သော တပ်ရင်းကြီးမှ တပ်သားများဖြစ်သည်။
နှစ်ယောက်မှာ မြောက်ကာရိုလိုင်းနား လဲယွန်းစခန်းတွင် ရှိသော အမှတ် ၃ တပ်ရင်းနှင့် အမှတ် ၂ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်ကြောင်း မရင်းတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဗွီဒီယိုအတွင်းပါဝင်ခဲ့သော တပ်ဖွဲ့ဝင်များသည် ၂၀၁၁ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ အာဖဂန်နစ္စတန်၊ ဟဲလ်မန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်စိပ်မှဖြစ်ပြီး အခြားတပ်သားနှစ်ဦးမှာ အခြားတပ်စိပ်များသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ဗွီဒီယိုအတွင်း၌ စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားသော တပ်သားလေးဦးက သွေးအလိမ်းလိမ်းသေဆုံးနေသော အလောင်း၃ လောင်းပေါ်သို့ ကျင်ငယ်စွန့်နေသည့် မြင်ကွင်းကို ဗွီဒီယို အရိုက်ခံနေသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ဗွီဒီယိုဖိုင်မှာ အစစ်အမှန်ပင်ဖြစ်ကြောင်း လက်ခံခဲ့ပြီး
“ဒီဗွီဒီယိုဖိုင်မှာ ပါဝင်ခဲ့တဲ့သူတွေကို အပြည့်အဝစုံစမ်းဖေါ်ထုတ်သွားမှာပါ။” ဟု ပြောကြားခဲ့သည်။
ထို့နောက် အာဖဂန်သမ္မတ ခါဇိုင်းထံသို့ ဖုန်းဆက်၍ ဗွီဒီယိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ စိတ်မကောင်းကြောင်း၊ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် ဗွီဒီယိုကိုကြည့်ပြီးပါပြီ။ ကြည့်ရတာ လုံးဝစိတ်မကောင်းစရာပါပဲ။ လုံးဝအပြင်းထန်ဆုံးစကားလုံး တွေနဲ့ ရှုံ့ချပါတယ်။” ဟု ပန်နက်တာက ပြောကြားခဲ့သည်။
“ဒီလိုအပြုအမူမျိုးတွေဟာ အမေရိကန်တပ်ဖွဲ့ဝင်များအနေနဲ့ လုံးဝမသင့်လျှော်တဲ့လုပ်ရပ်မျိုးဖြစ်ပါတယ်။”
ပန်နက်တာက မရင်းတပ်ဖွဲ့နှင့် အာဖဂန်ရှိ အပြည်ပြည်ဆိုင်ရာအမေရိကန်တပ်ဖွဲ့ဗိုလ်ချုပ် ဂျွန်အလန်တို့ကို ချက်ခြင်း စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း “စိတ်မကောင်းဖြစ်မိကြောင်း” ပြောကြားခဲ့ပြီး “မလုပ် သင့်သော အပြုအမူ” ဖြစ်ကြောင်း ရှုံ့ချပြောဆိုခဲ့သည်။
Source: Al Jazeera
Thursday, January 12, 2012
အီရန်နျူကလီးယား သိပ္ပံပညာရှင်တစ်ဦး ဗုံးခွဲလုပ်ကြံခံရ
အီရန်နိုင်ငံတီဟီရန် မြောက်ဘက် နာတန်ဇ်ယူရေနီယံသန့်စင်စက်ရုံတွင် ကြီးကြပ်ကွပ်ကဲနေသော အီရန်နျူကလီးယား သိပ္ပံပညာရှင်တစ်ဦး သံလိုက်ကားဗုံးပေါက်ကွဲလုပ်ကြံခံရသဖြင့်သေဆုံးခဲ့ရကြောင်း အီရန် သတင်းဌာနက ကြေငြာခဲ့သည်။
ယခုလုပ်ကြံမှုမျိုး ယခင်ကလည်း နျူကလီးယားသိပ္ပံပညာရှင်များ အီရန်တွင် လုပ်ကြံခံရဖူးသည်။
သေဆုံးသူ သိပ္ပံပညာရှင်မှာ အသက် ၃၂ နှစ်အရွယ်ရှိ မော့စတာဖာ အမာဒီရို့စ်ဟန်ဖြစ်ပြီး နာတန်ဇ်စက်ရုံတွင် ဓါတုဗေဒဆိုင်ရာ ဒါရိုက်တာဖြစ်ကြောင်း အီရန် ဖားစ်သတင်းဌာနကပြောကြားခဲ့သည်။
သူနှင့်အတူ အခြားနှစ်ဦးတို့သည် အီရန်နိုင်ငံထုတ် ဖူးဂျော့ ၄၀၅ ကားအတွင်း၌ ဂေါလ်နာဘီလမ်းအနီးတွင် ဗုံးပေါက် ကွဲခဲ့ခြင်းဖြစ်သည်။ ရို့စ်ဟန်သည် နာမည်ကျော်တီဟီရန် ရှာရစ်နည်းပညာတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး လုပ်ကြံမှုကို အကြမ်းဖက်မှုဖြစ်ကြောင်း ဖားစ်သတင်းဌာနက ပြောသည်။
“တီဟီရန်ဒုတိယမြို့တော်ဝန်က ဒီလုပ်ကြံမှုအတွက် အစ္စရေးလ်ကို အပြစ်တင်ပြောကြားခဲ့ပါတယ်။ မတ်လမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို အနှောက်အယှက်ဖြစ်အောင် အစ္စရေးလ်က လုပ်ဆောင်ခြင်းဖြစ် တယ်လို့ သူက ဆိုပါတယ်။” ဟု အယ်ဂျာဇီယာတင်းထောက် ဒေါ်ဆာဂျက်ဘရီက ပြောသည်။
“ဒါပေမယ့် ဘယ်လိုဖြစ်ပွားခဲ့တယ်ဆိုတာတော့ အသေအချာမသိရသေးပါဘူး။ လုံခြုံရေးတင်းကြပ်တဲ့ တီဟီရန်လို မြို့ကြီးမှာ ဒီလိုအဖြစ်အပျက်တွေ မကြာခဏဖြစ်ပွားနေပါတယ်။”
ရှာရစ်ဖ်တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် အမာဒီရို့စ်ဟန်သည် နာတန်ဇ်ယူရေနီယံစက်ရုံတွင် လက်ထောက်တာဝန်ခံ အဖြစ် အလုပ်လုပ်နေကြောင်း ရေးသားထားသည်။ “ဓါတ်ငွေ့တွေကို သီးခြားခွဲထုတ်ဖို့အတွက် ပိုလီမာအလွှာတွေ ဖန်တီးတဲ့ စီမံကိန်းမှာ အလုပ်လုပ်နေပါတယ်။” ဟု တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
၂၀၁၀ ဇန်နဝါရီလ ၁၂ နေ့က အလားတူဗုံးမျိုးပေါက်ကွဲခဲ့ပြီး တီဟီရန်တက္ကသိုလ်အကြီးတန်းရူပဗေဒပါမောက္ခ မာဆွတ်အလီမိုဟာမာဒီ သေဆုံးခဲ့သည်။ အလုပ်သွားရန်ကားပေါ်သို့အရောက်တွင် သူ့ကားဘေးတွင် ကပ်ရပ်ထား သော မော်တော်ဆိုင်ကယ်မှ ဗုံးပေါက်ကွဲပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
၂၀၁၀ နိုဝင်ဘာလအတွင်းကလည်း တီဟီရန်၌ပင် ဗုံးပေါက်ကွဲမှုတစ်ခု၌ နျူကလီးယားသိပ္ပံပညာရှင်တစ်ဦးသေဆုံး ပြီး အခြားတစ်ဦးဒဏ်ရာရှိခဲ့သည်။ သေဆုံးသူသိပ္ပံပညာရှင်သည် တီဟီရန် ရှာဟစ်ဘဟက်ရှ်တီ တက္ကသိုလ် နျူကလီးယားအင်ဂျင်နီယာဌာနမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အီရန်နျူကလီးယားစွမ်းအင်ဌာနအတွက်လည်း အလုပ်လုပ် ပေးလျက်ရှိသည်။ ဒဏ်ရာရရှိခဲ့သော သိပ္ပံပညာရှင် ဖီရီဒိုအန်အား အီရန်နျူကလီးယားစွမ်းအင်ဌာန၏ ခေါင်းဆောင် အဖြစ်ချက်ခြင်းခန့်အပ်ခဲ့သည်။
ထို့နောက် ၂၀၁၁ ဇူလိုင်လတွင် ဆိုင်ကယ်စီးသေနတ်သမားများက လျှပ်စစ်ကျောင်းသား ဒါရီအုရှ်ရီဇေအီနီဂျက်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ နောက်ထပ်သတင်းတစ်ခုအရ သူသည်နျူကလီးယားလက်နက်ထုတ်လုပ်ရန် ကြိုးပမ်းနေ သော အီရန်သိပ္ပံပညာရှင်များနှင့် ဆက်နွယ်နေသည်ဟု ဆိုသည်။
“ဗုဒ္ဓဟူးနေ့လုပ်ကြံမှုက နိုင်ငံခြားတိုင်းပြည်တစ်ပြည်နောက်ကွယ်က ပါဝင်နေတဲ့ လုပ်ကြံမှုဖြစ်ပါတယ်။ ဒါပေမယ့် အီရန်နျူကလီးယားအစီအစဉ်ကိုတော့ ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး။” ဟု ဒုတိယသမ္မတ ရီဇာရာဟီမီက နိုင်ငံပိုင် ရုပ်မြင်သံကြားတွင်ပြောကြားသွားခဲ့သည်။
Source: Al Jazeera
Friday, December 30, 2011
အမေရိကန်နှင့် ဆော်ဒီ တိုက်လေယာဉ်အရောင်းအဝယ်သဘောတူစာချုပ်ချုပ်
F-15 တိုက်လေယာဉ်များ ၂၉.၄ ဘီလီယံတန်ဘိုးရောင်းချရန် သဘောတူညီလက်မှတ် ရေးထိုးပြီးကြောင်း အမေရိကန်ပြည်ထောင်စုမှ ပြောကြားလိုက်ပြီး အီရန်၏ခြိမ်းခြောက်မှုကို ကာကွယ်ရန်ဖြစ်နိုင်ကြောင်း သုံးသပ်ကြ သည်။
သဘောတူရောင်းချမှုတွင် ဘိုးရင်း F-15SA လေယာဉ်တစ်စင်း၊ ခေတ်မီတိုက်လေယာဉ် အစင်း ၇၀၊ လက်နက်တပ် ဆင်ပြီး၊ အပိုပစ္စည်းများ၊ လေ့ကျင့်ရေးဝန်ဆောင်မှုများနှင့် ပြင်ထိန်းဝန်ဆောင်မှုများလည်း အပါအဝင်ဖြစ်ကြောင်း အိမ်ဖြူတော် လက်ထောက်ပြောခွင့်ရ ဂျို့ရှ်အားနက်စ်က ပြောသည်။
“ဒီသဘောတူညီချက်က အမေရိကန်နဲ့ ဆော်ဒီနိုင်ငံတို့ကြား ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့အကြောင်း ပြသလိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသတွင်းလုံခြုံရေးအတွက် ဆော်ဒီရဲ့ ကာကွယ်ရေးအင်အားတောင့်တင်းရေးအတွက် အလေးထားတယ်ဆိုတာကို ဖေါ်ပြခြင်းဖြစ်ပါတယ်။”
ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ ယင်းအရောင်းအဝယ်စာချုပ်ကြောင့် အမေရိကန်တွင် အလုပ်အကိုင်အခွင့် အလမ်း ၅၀,၀၀၀ ခန့်ရရှိမည်ဖြစ်ပြီး အမေရိကန်စီးပွားရေးတစ်နှစ်တာ ဝင်ငွေတွင် ၃.၅ ဘီလီယံခန့် တိုးတက်လာ မည်ဖြစ်ကြောင်း ဆိုသည်။
ဟာဝိုင်အီကျွန်းသို့ သမ္မတအိုဘားမားအလည်အပတ်ရောက်ရှိနေစဉ်တွင် အရောင်းအဝယ်ကြေငြာချက်ကို တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၂၀၁၀ ခုနှစ်အတွင်းက ဆော်ဒီသို့ ဘီလီယံ ၆၀ ဖိုးလက်နက်ရောင်းချခဲ့ခြင်းမှ တစ်စိတ်တစ် ပိုင်းဖြစ်သော ယခုအရောင်းအဝယ်ကို ပထမဆုံးအကြိမ်အဖြစ် ကြေငြာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၅ နှစ် ၂၀ အတွင်းက အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် ဘလက်ဟော့ရဟတ်ယာဉ် များရောင်းချခဲ့ခြင်းများလည်း ယခုအရောင်းအဝယ်အတူ ထွက်ပေါ်လာနိုင်ကြောင်း ကာကွယ်ရေးတာဝန်ရှိသူများ အသိုင်းအဝိုင်းက ထင်ကြေးပေးသည်။
တီဟီရန်၏ နျူကလီးယားအစီအစဉ်အပြင် အမေရိကန်နှင့် ၎င်း၏ ပင်လယ်ကွေ့မဟာ မိတ်များနှင့် အီရန်ကြား တင်းမာနေစဉ်အချိန်အတွင်း ယခုကဲ့သို့ ဆော်ဒီသို့လက်နက်ရောင်းဝယ်သည့် ကြေငြာချက်ကို ထုတ်ဖေါ်လိုက်ခြင်း ဖြစ်သည်။
မိမိတို့အပေါ် အမေရိကန်နှင့် အနောက်အုပ်စုအပေါင်းအပါများက ပိတ်ဆို့အရေးယူမှုများဆောင်ရွက်မည်ဆိုလျင် ပင်လယ် ကွေ့ဒေသများမှ ရေနံများအဓိကသယ်ထုတ်ပို့ဆောင်နေရသော ဟော်မျုဇ်ရေလက်ကြားကို ပိတ်ဆို့မည်ဟု အီရန်က ပြောဆိုလိုက်ပြီး အမေရိကန်ကလည်း အနည်းငယ်မျှ သည်းခံလိမ့်မည်မဟုတ်ဟု တုံ့ပြန်မှုအပေါ် အီရန်က ပယ်ချခဲ့ သည်။
Source: Al Jazeera
ဆီးရီးယားရောက် အာရပ်လေ့လာရေးအဖွဲ့အပေါ် အယုံအကြည်မဲ့
ဆီးရီးယားဆန္ဒပြသူများက အာရပ်အဖွဲ့ချုပ်မှ စေလွှတ်လိုက်သော စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင်ကို ဖယ်ရှားပေးရန် တောင်းဆိုလျက်ရှိသည်။ နိုင်ငံတကာ ဖိအားများနှင့် အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ရန် သမ္မတအာဆက်က အချိန်ဆွဲလိုသောကြောင့် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း အတိုက်အခံများကဝေဖန်လိုက် ပြီး စောင့်ကြည့်လေ့လာရေးအဖွဲ့အပေါ် အယုံအကြည်နည်းပါးလျက်ရှိသည်။
ပထမနှစ်ရက်ကြာ ပြီးနောက် အင်္ဂါနေ့တွင် အဖွဲ့ဝင် ၆၀ သည် မငြိမ်မသက်ဖြစ်နေသော နယ်မြေများသို့သွားရောက် ခဲ့ကြသည်။ ဆီးရီးယားတွင် ကိုးလကြာဆန္ဒပြပွဲများဖြစ်ပေါ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်ပအဖွဲ့အစည်းကို ဝင်ရောက်ခွင့်ပြုခြင်းဖြစ်သည်။ အာရပ်အဖွဲ့ချုပ်နှင့် ဆီးရီးယားအစိုးရသဘောတူညီထားသော နိုင်ငံတွင်း မငြိမ်သက် မှုများကို အင်အားသုံးဖြိုခွင်းမှုများ ရပ်တန့်သွားခြင်းရှိ၊ မရှိသွားရောက်လေ့လာကြခြင်းဖြစ်သည်။
သို့သော် ဆီးရီးယားအရေးလှုပ်ရှားတက်ကြွသူများက အာရပ်အဖွဲ့ချုပ်လေ့လာရေးအဖွဲ့အား ဝင်ရောက်ကြည့်ရှုခွင့်ပြု ပြီး ကုလသမဂ္ဂမှ တွက်ချက်ထားသော သေဆုံးသူ ၅,၀၀၀ ကျော်အရေအတွက်အား သင့်တင့်အောင်ပြောင်းလဲ ပြောဆိုနိုင်ရေးအတွက်သာဖြစ်ကြောင်း သံသယရှိနေကြသည်။
ထို့ပြင် အဖွဲ့ဝင်များသည် အစိုးရနှင့်သာလက်တွဲဆောင်ရွက်နေပြီး သူတို့ကို လုံခြုံရေးလိုက်ပါဆောင်ရွက်နေသော ဆီးရီးယားစစ်တပ်ကလည်း လှုပ်ရှားတက်ကြွသူများ လေ့လာသူများအနားကပ်၍မရနိုင်အောင် ခြိမ်းခြောက်ထား ကြောင်း ဆိုသည်။
ဆီးရီးယားနိုင်ငံတွင်းအခြေအနေသည် အလွန်အန္တရာယ်များကြောင်း လေ့လာရေးအဖွဲ့ဝင်တစ်ဦးက အယ်ဂျာဇီယာသို့ ပြောသည်။ ဟုမ်းစ်မြို့တွင် အမြှောက်ပစ်ခတ်သံများဆက်တိုက်ကြားနေရပြီး အချို့နေရာများတွင် ဆီးရီးယားစစ်တပ် မှ ခွဲထွက် လွတ်လပ်သောဆီးရီးယားစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။ အာရပ်အဖွဲ့ချုပ်၏ လေ့လာရေး အစီအစဉ်မှာ အောင်မြင်မည်မဟုတ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသွားခဲ့သည်။
အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းများအောက်ရှိ ဆီးရီးယားဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကော်မီတီက အင်္ဂါနေ့ တွင် အစိုးရစစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၈ ဦးအထိရှိကြောင်း ဆို၏။ ယင်းနေရာများသို့ မကြာမီတွင် လေ့လာရေးအဖွဲ့သွားရောက်မည်ဖြစ်သည်။
လေ့လာရေးအဖွဲ့များ မကြာခင်ကမှရောက်ရှိသွားခဲ့သော ဟားမားမြို့တွင် ခြောက်ယောက်သေဆုံးခဲ့သည်။ သေဆုံးသူ အများစုမှာ ဆီးရီးယားစစ်တပ်မှ ပစ်ခတ်သောကြောင့် ဖြစ်သည်ဟု ဆီးရီးယားလူ့အခွင့်အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ ထို့ပြင် ဒူးမားမြို့တွင်လည်း ဆန္ဒပြသူများကို ပစ်ခတ်သောကြောင့် လေးဦးသေဆုံး ခဲ့သည်ဟု ဆိုသည်။ ထို့နောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများဆောင်ရွက်ခဲ့ပြီး မြို့လည်ရင်ပြင်သို့လူများ ထောင် ပေါင်းများစွာထွက်လာကြပြီး ဆန္ဒပြထိုင်နေခဲ့ကြသည်။
“တက်ကြွလှုပ်ရှားသူတွေက လုံးဝအာဏာဖီဆန်ရေးလှုပ်ရှားမှုဆောင်ရွက်ဖို့ လှုံ့ဆော်ထားပါတယ်။ လမ်းတွေ၊ ဈေးဆိုင်တွေလည်း ပိတ်ထားပြီး မြို့က လုံးဝ အသက်မဲ့နေပါတယ်။” ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌရာမီအဘ္ဘဒယ်ရာမန်က ဆိုသည်။
လေ့လာရေးအဖွဲ့များက ဒူးမားမြို့သို့သွားရောက်မည်ဟု အင်္ဂါနေ့က ကြေငြာထားခြင်းမရှိသော်လည်း အာရပ်အဖွဲ့ချုပ် တံဆိပ်ကပ်ထားသောကားများကို မြင်ခဲ့ရကြောင်း မြို့ခံများကဆိုသည်။ အကယ်၍ ဤသတင်းသာမှန်ကန်ခဲ့မည်ဆို လျင် လေ့လာအဖွဲ့များက လျပ်တပြက်ဝင်ရောက်လေ့လာခြင်းဖြစ်နိုင်ကြောင်းဆိုသည်။ သို့သော် သူတို့နှင့် မည်သည့် မြို့ခံတစ်ဦးမှ စကားသွားရောက်ပြောဆိုခြင်း၊ သတင်းပို့ခြင်းများမတွေ့ရဟု ဆိုသည်။
ဟုမ်းစ်မြို့ရှိ လှုပ်ရှားတက်ကြွသူတစ်ဦးဖြစ်သူ ဟာဒီအဘ္ဘဒူလာက လေ့လာရေးအဖွဲ့များသည် ဆီးရီးယားအစိုးရ၏ အင်အားသုံးနှိမ်နင်းမှုများ ကို မြင်တွေ့ခဲ့ရကြောင်း ၊ သို့သော် ယင်းအဖြစ်အပျက်များကို အစီရင်ခံစာတွင် ထည့်သွင်းရေးသားဖေါ်ပြလိမ့်မည် ဟု မထင်ကြောင်း အယ်ဂျာဇီယာသို့ပြောသည်။
“မြို့ထဲမှာ အကြမ်းဖက်မှုတွေကို သူတို့တွေ့ခဲ့ကြပါတယ်။ စစ်သားတွေက ဆန္ဒပြသူတွေကိုပစ်ခတ်နေပုံတွေ၊ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့အလောင်းတွေ ကိုလည်း သူတို့တွေ့ခဲ့ကြပါတယ်။”
“မြို့တွင်းမှာ အပျက်အစီးတွေကိုလည်း သူတို့တွေ့ပါတယ်။ လေ့လာရေးအဖွဲ့ဝင်တစ်ယောက်ကတောင် ဘာဘာအမ္မာ မြို့သားတစ်ယောက်ကို ခင်ဗျားတို့ ဒီလိုနေရာမျိုးမှာ ဘယ်လိုနေကြသလဲ လို့ မေးခဲ့ပါသေးတယ်။”
ဒူးမားမြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အာရမ်အယ် ဒူမီ၏ ပြောဆိုချက်အရ လေ့လာရေးအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများကြား မည်သည့်ပူးပေါင်းဆောင်ရွက်မှုမျှမရှိကြောင်း ဆိုသည်။
“မြို့တွင်းကို လေ့လာရေးအဖွဲ့တွေ ရောက်တဲ့အခါ သူတို့က မြို့တွင်းက လမ်းညွှန်ဆိုင်းဘုတ်တွေ၊ ဂြိုလ်တု လမ်းပြမြေပုံတွေကို ကြည့်ပြီးတော့ပဲသွားကြတယ်။” ဟု ဆိုသည်။
“စစ်သားတွေက လမ်းညွှန်ဆိုင်းဘုတ်တွေ လိုက်ချိတ်နေကြပါတယ်။ ဒီနေ့ ဗလီကြီးမှာကျင်းပတဲ့ အသုဘ အခမ်းအနားနဲ့ ဆန္ဒပြပွဲကို ကျွန်တော်တို့သွားခဲ့ပြီး လေ့လာရေးအဖွဲ့ကို သွားရောက်နှုတ်တဲ့အခါမှာ စစ်တပ်က ကျွန်တော်တို့ကို သေနတ်နဲ့ပစ်ပါတယ်။” ဟု ၎င်းကဆိုသည်။
Source: Al Jazeera




















4:46 PM
HRDP NEWS WORLD










