Tuesday, March 20, 2012
ဆီးရီးယား အစိုးရ လျှို့ဝှက်စာရွက်စာတမ်းများပေါက်ကြား
ဆီးရီးယားထောက်လှမ်းရေးနှင့် လုံခြုံရေးအကြီးအကဲများက သမ္မတအာဆက်ထံတင်ပြသော လျှို့ဝှက်စာရွက် စာတမ်းများအား အယ်ဂျာဇီယာသတင်းဌာနမှ ရရှိခဲ့လေသည်။
အဆိုပါလျှို့ဝှက်စာရွက်စာတမ်းများတွင် သမ္မအာဆက်၏ ဆန္ဒပြမှုများကို နှိမ်နင်းဖြိုခွင်းရန်အစီအမံများနှင့် အစိုးရ အမာခံနေရာများကို ကာကွယ်ရန် အစီအမံများပါဝင်လေသည်။
စာရွက်စာတမ်းပါ အချက်အလက်များအရ ဆီးရီးယားအစိုးရသည် မြို့တော်ဒမတ်စကက် အတွင်းဆန္ဒပြမှုများပေါ် ပေါက်ခြင်းမရှိစေရန် အမိန့်ပေးထားပြီး မြို့တော်ကို ထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေရကြောင်းသိရသည်။
အလီပိုနှင့် အစ်ဒလစ်မြို့များရှိ ဆန္ဒပြမှုများကို နှိမ်နင်းရန် လုံခြုံရေးအသေးစိတ်အစီအမံများကိုလည်း ဖေါ်ပြထား လေသည်။ ထို့နောက် ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော အလီပိုမြို့ရှိ အာဆက်ထောက်ခံသူများအား ငွေကြေး ထောက်ပံ့မှုများပေးရန်၊ စိတ်ဓါတ်ရေးရာအားပေးမြှင့်တင်မှုများပြုလုပ်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထား ကြောင်း ရေးသားထားလေသည်။
ယင်းလျှို့ဝှက်စာတမ်းများကို ယူဆောင်လာသူမှာ မကြာသေးမီအချိန်ကအထိ အစိုးရအဖွဲ့အတွင်း ယုံကြည်စိတ်ချရ သော အရာရှိတစ်ဦးဖြစ်သည့် အဘ္ဘဒယ်မာဂျစ်ဘာရာကက် ဖြစ်ပြီး အယ်ဂျာဇီယာသို့ ပေးအပ်ခဲ့သည်။
သူသည် ယခင်ကလည်း ဘားသ်ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆီးရီးအနှံ့ချိတ်ဆက်အလုပ်လုပ်နေသော လျှို့ဝှက် သတင်းစုဆောင်းရေး အဖွဲ့ငယ်များတွင် ဒမတ်စကက် အဖွဲ့ခွဲမှဖြစ်သည်။ ယခုအခါ တူရကီသို့ ထွက်ပြေးရောက်ရှိ နေပြီဖြစ်သည်။
`တစ်နိုင်ငံလုံးအနှံ့အပြားချိတ်ဆက်အလုပ်လုပ်နေတဲ့ လုံခြုံရေးဆိုင်ရာဌာနမျိုးမှာ အတိုက်အခံတွေဟာ လပေါင်းများစွာကြာအောင် သူလျှိုတစ်ယောက်ကို ထည့်ထားနိုင်ခဲ့ပါတယ်။´ ဟု အယ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေးက တူရကီမှ သတင်းပေးပို့ခဲ့သည်။
`ဒီလူဟာ အစိုးရသတင်းတွေကို အတိုက်အခံတွေဆီ ပို့ပေးနေခဲ့ပါတယ်။ နောက်ဆုံးတော့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ဆီးရီးယားကနေထွက်ပြေးလာခဲ့ရပါတယ်။ အဲဒီလိုထွက်ခွါလာရာမှာ သူနဲ့အတူ လျှို့ဝှက်စာရွက်စာတမ်းတွေ ယူဆောင်လာခဲ့ပါတယ်။´ ဟု သတင်းထောက်က ပြောပြခဲ့သည်။
စာရွက်တစ်ခုတွင် အစိုးရသံအမတ်များအား နိုင်ငံခြားတိုင်းပြည်များက သွေးဆောင်နေခြင်းများရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးကို သတိပေးထားသည့် အကြောင်း ဖေါ်ပြထားသည်။
`ဒမတ်စကက်နာရီ ညနေ ၇ နာရီဆိုရင် ထောက်လှမ်းရေး၊ လုံခြုံရေးအကြီးအကဲတွေ အစည်းအဝေးထိုင်ပြီး ဒီနေ့နိုင်ငံတွင်းဘာတွေဖြစ်ခဲ့သလဲဆိုတာပြန်လည်သုံးသပ်ကြပါတယ်။ နောက်နေ့အတွက် အစီအစဉ်တွေဆွဲပြီး အမိန့် တွေ ထုတ်ပြန်ပါတယ်။´ ဟု သတင်းထောက်က ဆိုသည်။
`နောက်နေ့မနက်မှာ အဲဒီအမိန့်စာတွေကို သမ္မတရုံးခန်းကိုပို့ပြီး သမ္မတက လက်မှတ်ရေးထိုးပေးလိုက်ပါ တယ်။ ပြီးတော့ အဲဒီအတိုင်းဆက်လက်ဆောင်ရွက်ကြပါတယ်။´
လွန်ခဲ့သောနှစ် နှစ်ကုန်ပိုင်းက အစိုးရက အာရပ်အဖွဲ့ချုပ်မှ စေလွှတ်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို သူလျှို လုပ် ထောက်လှမ်းခဲ့ကြောင်း စာရွက်စာတမ်းများအရ သိရသည်။ ဆန္ဒပြပွဲများမည်သည့်နေရာတွင် ဖြစ်ပွားသည်၊ လူဦးရေမည်မျှပါဝင်သည် စသည်ဖြင့် မှတ်တမ်းမှတ်ရာများဖေါ်ပြထားသည်။ အစ်ဒလစ်မြို့တွင် ဖြစ်ပွားခဲ့သော ကြီးမားသော ဆန္ဒပြပွဲများအကြောင်းလည်းပါဝင်သည်။
စာရွက်စာတမ်းများယူဆောင်လာသူ ဘရာကက်က `ဒီစာရွက်စာတမ်းတွေကို ဖတ်မိတဲ့ဘယ်သူမမဆို အံ့သြတုန်လှုပ်သွားမှာပါပဲ။ ပြီးတော့ ဆီးရီးယားမှာ သတ်ဖြတ်မှုတွေ၊ ရာဇ၀တ်မှုတွေ၊ နှိမ်နင်းဖြိုခွင်းမှုတွေနဲ့ တကယ်ပဲ အကြပ်အတည်းဆိုက်နေတယ်ဆိုတာ နားလည်သွားပါလိမ့်မယ်။´ ဟု အယ်ဂျာဇီယာသို့ပြောသည်။
`ဒါပေမယ့် သမ္မတကိုတင်ပြတဲ့နေရာမှာ အခြေအနေအဖြစ်အပျက်အမှန်တွေကို ဖယ်ရှားပြီး သမ္မတစိတ်သက်သာရာရအောင် လျှော့ပေါ့ပြီး၊ စကားလှလှလေး တွေ သုံးပြီး တင်ပြထားတာတွေရှိပါတယ်။´
အယ်ဂျာဇီယာသတင်းထောက်ဂျိမ်းစ်ဘေးက အဆိုပါစာရွက်စာတမ်းများ စစ်မှန်ကြောင်းနှင့် ပတ်သက်ပြီး
`ကျွန်တော်တို့ ဒီစာရွက်စာတမ်းပါ အချက်အလက်အသေးစိတ်အားလုံးကို လေ့လာရုံမျှမက၊ စာရွက်ခေါင်းစည်းတွေကအစ၊ လက်မှတ်တွေကအစ လေ့လာကြည့်ပြီးပါပြီ။ ဆီးရီးယားလူမျိုးတွေ ၊ ဆီးရီးယား အတိုက်အခံတွေနဲ့လည်း စကားပြောကြည့်ပြီးပါပြီ။´
`အစစ်အမှန်တွေပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။´ ဟု ဂျိမ်းစ်ဘေးက တင်ပြသွားသည်။
Source: Al Jazeera
0 comments:
Post a Comment