Sunday, February 26, 2012
အာဖဂန်ရှိ နေတိုးအကြံပေးအရာရှိနှစ်ဦး အသတ်ခံရ
ကဘူးလ်မြို့ရှိ နေတိုးအကြံပေးအရာရှိများကို ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးက ကြေငြာချက် ထုတ်ပြန်လိုက်သည်။
စနေနေ့က အာဖဂန်နစ္စတန်ကဘူးလ်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် အပြည်ပြည်ဆိုင်ရာလုံခြုံရေးအကူအညီပေးရေး တပ်ဖွဲ့ (ISAF) မှ အကြံပေးအရာရှိနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး မကြာမီ ၎င်းတို့၏ စစ်ဘက်၊ အရပ်ဘက် အကြံပေးအရာရှိများအားလုံးကို ပြန်လည်ခေါ်ဆောင်သွားတော့မည်ဖြစ်ကြောင်း နေတိုးက ကြေငြာခဲ့ခြင်းဖြစ်သည်။
ISAF တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂျွန်အာရ်အလန်က `လုံခြုံရေးအခြေအနေအရ ၀န်ကြီးဌာနတွေနဲ့ ကဘူးလ် တစ်ခွင်မှာ အလုပ်လုပ်နေတဲ့ ISAF အဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ ကျွန်တော်အမြန်ဆုံးလုပ်ဆောင်သွားမှာပါ။´ ဟု ပြောကြားခဲ့သည်။
ISAF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးချုပ် ကာစတန်ဂျက်ကော့ဆန်က အာဖဂန်မြို့တော်ကဘူးလ်ရှိ နေတိုး အကြံပေးအရာရှိများအားလုံးကို လုံခြုံစိတ်ချရသည့် နေရာများသို့ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း အယ်လ်ဂျာဇီယာ သတင်းဌာနနှင့် မေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။
အသတ်ခံရသည့် အကြံပေးအရာရှိနှစ်ဦးသည် ၀န်ကြီးဌာန၏ နိုင်ငံခြားသားအရာရှိများသာ အသုံးပြုနိုင်သော အခန်း တွင်း ရှိနေခဲ့ပြီး ယင်းအခန်းတွင်းသို့ အာဖဂန်နိုင်ငံသား စကားပြန်များသာ ၀င်ရောက်ခွင့်ရှိသည်။ ၀န်ကြီးဌာနရှိ ယင်း အကြံပေးနှစ်ဦး အသတ်ခံရလိုက်ကြောင်း သက်ဆိုင်ရာက အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တာလီဘန်ဝက်ဘ်ဆိုဒ်နှင့် တွစ်တာအကောင့်များတွင် အမေရိကန်လေတပ်အခြေစိုက်စခန်းတွင် ကိုရမ်ကျမ်းစာအုပ် များကို မီးရှို့ခဲ့သည့်အတွက် မိမိတို့လက်စားချေသတ်ဖြတ်ခြင်းဖြစ်ကြောင်း တာလီဘန်က ရေးသားဖေါ်ပြထားသည်။
သို့သော် အမေရိကန်ကာကွယ်ရေးပြောခွင့်ရ ကပ္ပတိန်ဂျွန်ကာရ်ဘီက ဒီနေ့ကဘူးလ်မှာသတ်ဖြတ်ခံရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။ အကြံပေးအရာရှိနှစ်ဦးကို ဘယ်သူက၊ ဘာကြောင့်သတ်တယ်ဆိုတာ ကျွန်တော်တို့ မသိ ရသေးပါဘူး။´ ဟု သူ့၏ တွစ်တာအကောင့်တွင် ရေးသားဖေါ်ပြထားသည်။
အမေရိကန်အခြေစိုက်စခန်းတွင်း ကိုရမ်ကျမ်းစာအုပ်များမီးရှို့ခဲ့ခြင်းကြောင့် အာဖဂန်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ငါးရက်အကြာတွင် ယခုကဲ့သို့ သတ်ဖြတ်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ကိုရမ်ကျမ်းစာအုပ် ဆန္ဒပြမှုများလည်း ငါးရက်ဆက်တိုက်လုံးဖြစ်ပွားနေလာခဲ့ရာ စနေနေ့က လေးဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက အယ်လ်ဂျာဇီယာသို့ပြောသည်။
သေဆုံးသူများထဲမှ သုံးဦးမှာ စနေနေ့က ကွန်ဒုဇ်ပြည်နယ် ကုလသမဂ္ဂအဆောက်အဦရှေ့တွင် ဆန္ဒပြကြစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆန္ဒပြပွဲများသည် ပထမတွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆန္ဒပြခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဆန္ဒပြသူများက အစိုးရအဆောက်အဦများနှင့် ကုလသမဂ္ဂအဆောက်အဦများကို ခဲများဖြင့်ပစ်ခတ်ခြင်းကြောင့် အကြမ်းဖက်အသွင် ဆောင်သွားပြီး ရဲများက လူစုခွဲရန် ပစ်ခတ်ခဲ့ကြကြောင်း ပြည်နယ်ရဲဌာန တာဝန်ရှိသူတစ်ဦးဖြစ်သော ဆာဝါဟူစိန်နီက ပြောသည်။
Source: Al Jazeera
0 comments:
Post a Comment