ဂျပန်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် နောင်နှစ်မှာ နိုင်ငံခြားသားခရီးသည် ၁၀,၀၀၀ ကိုလေယာဉ်ခရီးစဉ်များ အလကားပေးမယ်လို့ တနင်္လာနေ့ထုတ်သတင်းတစ်ခုမှာဖေါ်ပြထားပါတယ်။ နောက်နှစ်မှာ ဂျပန်ကိုလာလည်မယ့် ခရီးသည် တွေကို လေယာဉ်အလကားစီးရဖို့အတွက် မိမိသွားလိုတဲ့နေရာနဲ့တကွ ကိုယ်ရေးအချက်အလက်အပြည့်အစုံကိုဖြည့်ပြီး အွန်လိုင်း ကနေ လျှောက်လွှာတင်ရမယ်လို့ ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီ ကြေငြာထားတဲ့အကြောင်း တနင်္လာနေ့ထုတ် ယိုမီအူရီ ရှင်ဘန်းသတင်းစာမှာဖေါ်ပြထားပါတယ်။
အဲဒီနောက်မှာ လေယာဉ်ခရီးစဉ် အခမဲ့စီးခွင့်ရခဲ့တဲ့ ခရီးသည်တွေက သူတို့သွားခဲ့တဲ့ခရီးစဉ်အကြောင်း ရေးသားပြီး အေဂျင်စီကို ပို့ပေးရင် အွန်လိုင်းမှာ ထုတ်ဝေဖေါ်ပြပေးမယ်လို့လည်းပါဝင်ပါတယ်။ ဒီလိုရေးသားဖေါ်ပြမယ့် ခရီးစဉ်တွေဟာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေဖြစ်ပြီး နောက်ပိုင်းလာရောက်လည်ပတ်ချင်တဲ့နိုင်ငံခြားသားခရီးသွားတွေအတွက် စိတ်ချလက်ချနဲ့ဂျပန်ကို လာရောက်လည်ပတ်ရဲဖို့အတွက် အထောက်အကူဖြစ်ဖို့ ခရီးသွားအေဂျင်စီက ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်မှာ ဖြစ်တယ် လို့လည်း သတင်းစာကသုံးသပ်ထားပါတယ်။
အစိုးရရဲ့ အသုံးစားရိတ်ချမှတ်ပေးမယ့် အပေါ်မူတည်ပြီးတော့ တည်းခိုနေထိုင်စားရိတ်တွေကိုပါ ကုန်ကျခံပေးသွားမယ့် အစီအစဉ်ကို နောက်လာမယ့်နှစ် ဧပြီလကျရင်စတင်အကောင်အထည်ဖေါ်မယ်လို့ဆိုပါတယ်။
လွန်ခဲ့တဲ့မတ်လ ၁၁ ရက်သဘာဝဘေးအန္တရာယ်အပြီး ဖူကူရှီးမားနျူကလီးယားစက်ရုံပေါက်ကွဲမှု နောက်ဆက်တွဲ အကျိုးဆက် တွေကြောင့် ဂျပန်ကို နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု ၅၀% အထိကျဆင်းသွားခဲ့ပါတယ်။
ခရီးသည် အ၀င်တောက်လျှောက်ကျဆင်းလာနေရာကနေ နွေရာသီမှာတော့ ကျဆင်းမှုတဖြည်းဖြည်းနဲ့ ရပ်ဆိုင်းလာခဲ့ပါတယ်။
ဇွန်လနှင့် ဇူလိုင်လတွင် ယမန်နှစ်ကထက် ခရီးသည်ဦးရေ ၃၆% ကျဆင်းခဲ့ပြီး၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြန်လည် ပြင်ဆင်ဆောင်ရွက်ချက်များပြုလုပ်ခဲ့တာကြောင့် သြဂုတ်လအရောက်မှာကျဆင်းမှု ၃၂% ဖြစ်သွားပါတယ်။
ဖူကူရှီးမား နျူကလီးယားစက်ရုံနဲ့ အနီးပတ်ဝန်းကျင်မှလွဲပြီး ဂျပန်နိုင်ငံမှာအန္တရာယ်မရှိကြောင်း၊ စက်ရုံကိုလည်း ပိတ်ပစ် နိုင်ဖို့ကြိုးပမ်းနေတဲ့အကြောင်း အစိုးရကပြောခဲ့ပါတယ်။
Source: The Telegraph
0 comments:
Post a Comment