Friday, December 23, 2011
ဆီးရီးယားသို့ စောင့်ကြည့်ရေးအဖွဲ့များရောက်ရှိသော်လည်း အကြမ်းဖက်မှုများဖြစ်ပွားဆဲ
လွန်ခဲ့သော အပတ်အတွင်း ဆီးရီးယားအစိုးရနှင့် အာရပ်အဖွဲ့ချုပ်တို့သဘောတူညီလက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်အရ အာရပ်အဖွဲ့ချုပ်မှ အဖွဲ့ဝင်ခုနှစ်ဦးပါဝင်သော လေ့လာစောင့်ကြည့်ရေးရှေ့ပြေးအဖွဲ့တစ်ဖွဲ့ ဆီးရီးယားသို့ ကြာသပတေးနေ့က ရောက်ရှိပြီးဖြစ်သည်။ အဆိုပါရှေ့ပြေးအဖွဲ့သည် စနေနေ့တွင် ထပ်မံရာက်ရှိ လာမည့် လေ့လာရေးအဖွဲ့ပထမအသုတ်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန်နှင့် နိုင်ငံတွင်းသို့သတင်းသမား များဝင် ရောက်ခွင့်ရရေးအတွက် ဆောင်ရွက်မည်ဖြစ်သည်။
ဒမတ်စကတ်သို့ သတင်းသမားအရေအတွက် မည်၍မည်မျှဝင်ရောက်ခွင့်ရမည်ကိုမူ ဆုံးဖြတ်ချက်မချရသေးပေ။
အာရပ်အဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး ဆမားဆာအစ်အယ်ယာဇယ်လ် ဦးဆောင်သော ပထမ အသုတ်တွင် လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် အတူအဖွဲ့ဝင် ၃၀ မှ ၅၀ အထိပါဝင်နိုင်ကြောင်း အယ်ဂျာဇီယာ သတင်းသမား များမှ သုံးသပ်ထားသည်။
လုံခြုံရေး၊ တရားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုလေ့လာစောင့်ကြည့်မည့် အဖွဲ့ဝင်များနှင့် အတူ လူ့အခွင့် အရေးဆိုင်ရာကျွမ်းကျင်သူ လေ့လာသူများလည်း ပါဝင်မည်ဖြစ်သည်။
အဖွဲ့ဝင်များရောက်လာသည်နှင့် သူတို့လေ့လာလိုသည့်မြို့ကို သွားရောက်ကြမည်ဖြစ်သည်။ အာရပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ နာဘီလ်အယ်လ်အာရဘီက အဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် ဆီးရီးယားအစိုးရမှ တာဝန်ယူစောင့်ရှောက်ပေးရမည် ဟု ဆိုသည်။
ထို့နောက် အခြေအနေများကိုပြည်လည်သုံးသပ်ရန် လာမည့်ဇန်နဝါရီလတွင် နိုင်ငံခြားရေးဝန်ကြီးများအဆင့် အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံများအစည်းအဝေးကို ကိုင်ရိုမြို့တွင် ကျင်းပမည်ဖြစ်သည်။ ယင်းအစည်းအဝေးသို့ ဆီးရီးယား အတိုက်အခံအဖွဲ့ဝင်များလည်းတက်ရောက်ကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အတိုက်အခံတို့က အာရပ်အဖွဲ့ ချုပ်ထံသို့ အစီရင်ခံစာတင်သွင်းမည်ဖြစ်သည်။ ယင်းအစီရင်ခံစာသည် ဇန်နဝါရီလ အစည်းအဝေးအတွက် ကျောရိုး ဖြစ်လာမည်။
အကြမ်းဖက်သတ်ဖြတ်မှုများလည်း ဆက်လက်ဖြစ်ပွားနေပြီး ဟုမ်းစ်မြို့တွင် ကြာသပတေးနေ့က ၁၂ ဦးနှင့် အနောက်မြောက်ဘက်မြို့တော် အစ်ဒလစ်တွင် ၃ ဦးသေဆုံးခဲ့ရသည်။
ကြာသပတေးနေ့က အစ်ဒလစ်မြို့နှင့် ဂျာဘယ်လ်အယ်ဂျော်ယာမြို့ အနှံ့စစ်တပ်များထူထပ်စွာချထားကြောင်း တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ အယ်ဂျာဇီယာသတင်းထောက် ဇီနာခိုဒါက တူရကီတောင်ပိုင်းနယ်စပ်မှ သတင်းပေးပို့ခဲ့သည်။
“တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ အပြောအရ ဂျာဘယ်လ်အယ်ဂျော်ယာမြို့ကို ဆီးရီးယားစစ်တပ်က လုံးဝ ထိန်းချုပ်ထားပါတယ်။ အဲဒီဒေသက လူအများအပြား ထွက်ပြေးလာကြပါတယ်။ မြို့ထဲကနေထွက်ပြီးကွင်းတွေထဲမှာ သွားရောက်ခိုအောင်းနေကြရပါတယ်။” ဟု ခိုဒါက သတင်းပေးပို့ခဲ့သည်။
“တူရကီထဲကို ထွက်ပြေးလို့မရအောင်လည်း ဆီးရီးယားစစ်တပ်က နယ်စပ်တစ်လျှောက်ပိတ်ဆို့စောင့်ကြပ် နေပါတယ်။”
ဆီးရီးယားအစိုးရကလည်း လွန်ခဲ့သော ခြောက်ပတ်အတွင်း မြို့များအတွင်းမှ စစ်တပ်များကိုပြန်လည်ရုပ်သိမ်းခဲ့ပြီး အကျဉ်းသား ၁,၀၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ကြောင်းဆိုသည်။ နောက်နှစ်အစောပိုင်းတွင် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း၊ အာဏာရဘာ့သ်ပါတီ၏ ချုပ်ကိုင်မှုများကိုလျှော့ချနိုင်ရန် အခြေခံဥပဒေကိုပြန်လည် ပြင်ဆင်ပေးမည်ဖြစ်ကြောင်းများလည်း အစိုးရက ကတိပေးခဲ့သည်။
ထို့ပြင် ဆီးရီးယားလုံခြုံရေးတပ်သား ၂,၀၀၀ ကျော် ကိုးလတာ ဆူပူအုံကြွမှုအတွင်းသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်ဆာနား ရုပ်သံက ကြေငြာခဲ့သည်။
“ဆီးရီးယားမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ကုလသမဂ္ဂမှာ လုပ်ကြံပြောဆိုနေကြပါတယ်။ ဒါကြောင့် ဆီးရီးယားစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အာဇာနည်သူရဲကောင်း ၂,၀၀၀ ကျော်ကျဆုံးသွားပြီးဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာဝန်ရှင်တော်မင်းကြီးရုံးကို အစီရင်ခံစာတင်ထားပါတယ်။” ဟု ဆိုသည်။
ကုလသမဂ္ဂကမူ အဓိကရုဏ်းအတွင်း အရပ်သား ၅,၀၀၀ ကျော်သေဆုံးခဲ့ရကြောင်း မှတ်တမ်းမှတ်ရာထားရှိသည်။
ဆီးရီးယားဒီမိုကရေစီရေးလိုလားသူ အတိုက်အခံများက အာဆက်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကတိကဝတ်များကို အပြင်းအထန်ဝေဖန်လျက်ရှိပြီး ၎င်း၏ဖခင်ဖြစ်သူက နိုင်ငံတော်အာဏာကို နှစ်သုံးဆယ်ချုပ်ကိုင်ခဲ့ပြီး အာဆက်၏ ၁၁ နှစ်ကြာအုပ်စိုးမှု အဆုံးသတ်ပေးရန် တောင်းဆိုကြသည်။
Source: Al Jazeera




















11:27 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment