Sunday, December 25, 2011
ရုရှနိုင်ငံအဝှမ်းဆန္ဒပြ
ရုရှပါလီမန်ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လူပေါင်းသောင်းနှင့်ချီ၍ ရုရှတွင် ဆန္ဒပြခဲ့ကြသည်။ ထို့ကြောင့် ရုရှသမ္မတကိုယ်တိုင်ဖွဲ့စည်းပေးထားသော လူ့အခွင့်အရေးအဖွဲ့က ကြားဖြတ်ရွေး ကောက်ပွဲ တစ်ခုကျင်းပပေးမည်ဟု အာမခံလိုက်သည်။
ဒီဇင်ဘာ ၄ ရက်ရွေးကောက်ပွဲသည် မသမာမှုများဖြင့်ပြည့်နှက်နေသည်ဟုဆိုသော အတိုက်အခံများက နိုင်ငံအဝှမ်း ဆန္ဒပြကြရန် ဒုတိယအဆင့်အနေဖြင့် လှုံ့ဆော်ခဲ့လေသည်။
ရှာခါရော့ဗ်ရိပ်သာတွင် စုဝေးနေသော ဆန္ဒပြသူများသည် အတိုက်အခံခေါင်းဆောင်များအား လှိုက်လှဲစွာအားပေး နှုတ်ဆက်ကြပြီး လက်ရှိသမ္မတ ဒီမီဒရီမက်ဒီဗက်နှင့် ဝန်ကြီးချုပ်ဗလာဒီမာပူတင်တို့အား ဆန့်ကျင်သည့်ကြွေးကြော် သံများကို အော်ဟစ်ကြသည်။
ရဲများက ဆန္ဒပြသူများစုဝေးနေသည့် နေရာကိုကြိုးများဖြင့် ဝိုင်းပတ်ထားသော်လည်း နှောက်ယှက်ခြင်းမရှိပေ။
“ငါတို့မှာသာ အာဏာရှိတယ်။” “ငါတို့ပြန်လာဦးမယ်” စသည်ဖြင့် ကြွေးကြော်သံများကိုကြွေးကြော်ကြသည်။
“ကရင်မလင်ကို သိမ်းပိုက်ဖို့အတွက် ကျုပ်တို့မှာ အင်အားအလုံအလောက်ရှိတယ်။” ဟု အတိုက်အခံနိုင်ငံ ရေး တက်ကြွလှုပ်ရှားသူ အဲလက်ဇီနာဗာလင်က အော်ဟစ်နေသည်။ နာဗာလင်သည် ရွေးကောက်ပွဲစတင်ကတည်း က ဆန္ဒပြပွဲများကို စည်းရုံးလှုပ်ရှားခဲ့သူဖြစ်သည်။
“ဒါပေမယ့် ကျုပ်တို့အခုထိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲဆန္ဒပြနေကြသေးတယ်။ ဘာမှမလုပ်သေးပါဘူး။ ဒီလူလိမ်တွေ၊ သူခိုးတွေက ကျုပ်တို့ကိုဆက်ပြီးလိမ်နေဦးမယ်ဆိုရင်တော့ ကျုပ်တို့သိမ်းပိုက်ရလိမ့်မယ်။” ဟု ဆန္ဒပြ လူထုကြီးသို့ အော်ဟစ်ပြောနေခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဟောင်း အဲလက်ဇီကက်ဒရင်ကလည်း လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ရာတွင် ဆန္ဒပြသူများ အနေနှင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းခြင်းမလုပ်ပါက နောက်ထပ်တော်လှန်ရေးကြီးတစ်ခုပေါ်ပေါက်လာနိုင်ကြောင်း ဆိုသည်။ သို့သော် ဆန္ဒပြသူများက သူ့စကားကိုလက်မခံကြပေ။
ရုရှဒုတိယမြို့တော်ဖြစ်သော စိန့်ပီတာစဘတ်အပါအဝင် နိုင်ငံအနှံ့မြို့များတွင်လည်း ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည်။
“ဒီနှစ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို လူထုကကျေနပ်မှုမရှိတဲ့အကြောင်း ဆန္ဒပြသူတွေကရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြသလိုက်ပါပြီ။” ဟု အယ်ဂျာဇီယာသတင်းထောက် နီအေ့ဗ်ဘာကာ မော်စကိုမှ သတင်းပေးပို့ခဲ့သည်။
Source: Al Jazeera




















10:54 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment