Monday, January 16, 2012
နိုင်ဂျီးရီးယားတွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ခေတ္တရပ်တန့်
နိုင်ဂျီးရီးယားနိုင်ငံတွင် လမ်းမပေါ်ထွက်ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး သမဂ္ဂများက လုံခြုံရေးအခြေအနေစိုးရိမ်ရမှု ကြောင့် လမ်းပေါ်မထွက်ကြရန်၊ သို့သော် သပိတ်ကိုဆက်လက်ဆင်နွှဲသွားရန်ပြောကြားလိုက်သည်။ နိုင်ဂျီးရီးယားတွင် လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကြောင့် နိုင်ငံအဝှမ်းဆန္ဒပြသပိတ်မှောက်မှုများဖြစ်ပွားနေသည်။
“လုံခြုံရေးအခြေအနေကြောင့် အိမ်ထဲကနေ အပြင်မထွက်ကြဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်။” ဟု နိုင်ဂျီးရီးယားအလုပ်သမားသမဂ္ဂခေါင်းဆောင် အဘ္ဘဒူလ်ဝါဟက်အိုမာက တနင်္လာနေ့က ပြောကြားခဲ့သည်။
သို့သော် သပိတ်ကိုဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း၊ လမ်းပေါ်ထွက်ဆန္ဒပြခြင်းမပြုရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။
နိုင်ဂျီးရီးယားသည် အာဖရိကတွင် လူဦးရေအများဆုံးနှင့် လောင်စာဆီအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ တနင်္ဂနွေနေ့က သမ္မတ ဂွတ်လပ်ဂျွန်နသန် အလုပ်သမားခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် လုံခြုံရေးကို တင်းကြပ်ထားခဲ့သည်။
အလုပ်သမားသမဂ္ဂအဖွဲ့များအတွင်း မပါဝင်သောလူများက လမ်းမပေါ်ထွက်ဆန္ဒပြမှုများအကြားရောနှောဝင်ရောက် ကာ လုံခြုံရေးကိုထိပါးနိုင်ကြောင်း သမ္မတက ပြောကြားခဲ့သည်။
သမ္မတ၏ အနေအထားသည် သပိတ်များရပ်တန့်ပစ်ရလောက်အောင် အားရကျေနပ်ဖွယ်ရာမရှိသေးကြောင်း၊ ရှေ့ဆက် ဆွေးနွေးညှိနှိုင်းမှုများမပြုမီ လောင်စာဆီဈေးနှုန်းကို ဇန်နဝါရီလ တစ်ရက်နေ့မတိုင်မီဈေးနှုန်းသို့ ပြန်လည် လျှော့ချပေးရန် တောင်းဆိုထားကြောင်း အလုပ်သမားခေါင်းဆောင် အိုမာက ဆိုသည်။
နိုင်ငံအဝှမ်းသပိတ်မှောက်မှုများ ဇန်နဝါရီလ ကိုးရက်နေ့မှ စတင်ခဲ့ပြီး လမ်းမများပေါ်သို့ ထောင်သောင်းချီသော လူအများ ထွက်ဆန္ဒပြခဲ့ကြသည်။
စနေ၊ တနင်္ဂနွေနှစ်ရက် သပိတ်နားခဲ့ပြီး အကယ်၍ တောင်းဆိုချက်များမရရှိပါက တနင်္လာနေ့တွင် ပြန်လည်စတင် မည်ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ပြောသည်။ အစောပိုင်းက ရေနံထုတ်လုပ်ရေးလုပ်ငန်းများ ရပ်တန့်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။
နိုင်ဂျီးရီးယားအစိုးရသည် အစိုးရမှလောင်စာဆီဖြည့်တင်းပေးနေသော စံနစ်ကို ရပ်ဆိုင်းလိုက်ပြီး ဈေးနှုန်းသက်သက် သာသာဖြင့် ရောင်းချမပေးတော့သဖြင့် လောင်စာဆီဈေးနှုန်းများ ညတွင်းချင်း နှစ်ဆမြင့်တက်သွားခဲ့ခြင်းကြောင့် အလုပ်သမားသမဂ္ဂများက သပိတ်မှောက်ကြခြင်းဖြစ်သည်။
Source: Al Jazeera
0 comments:
Post a Comment