Monday, February 6, 2012
ဆီးရီးယားတွင် စစ်တပ်မှ ဆက်လက်ချေမှုန်း၊ အသေအပျောက်တိုးတက်
ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့တွင် အတိုက်အခံများကို အစိုးရက ထပ်မံနှိပ်ကွပ်လျက်ရှိကြောင်း လုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှက ဆီးရီးယားအရေးဆုံးဖြတ်ချက်ကို ဗီတိုသုံးပယ်ချလိုက်ပြီး နောက်နေ့တွင် မျက်မြင်သက်သေများ ကပြောသည်။
ဟုမ်းစ်မြို့မှ အယ်ဂျာဇီယာသို့တနင်္ဂနွေနေ့ကပေးပို့လာသော ဗွီဒီယိုမှတ်တမ်းအရ ဟုမ်းစ်မြို့အနီး ဘက်အမ္မာတွင် စစ်တပ်မှတိုက်ခိုက်နေသည်ကို တွေ့မြင်ရလေသည်။ တနင်္ဂနွေနံနက်မှ စ၍ စစ်တပ်မှ မြင်မြင်သမျှ ပစ်ခတ်တိုက်ခိုက် နေကြောင်း မျက်မြင်သက်သေများက ဆိုသည်။
ဗွီဒီယိုတွင် ပါဝင်သော ရုပ်ပုံများအရ လူများသည် ပြတ်ရှထိခိုက်ဒဏ်ရာများရရှိထားကြောင်းတွေ့ရှိရပြီး ကလေး သူငယ်များလည်း အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း တွေ့မြင်ရသည်။
ဟုမ်းမြို့ခံတစ်ဦးဖြစ်သူ ဒန်နီအဘ္ဘဒူလ်ဒေယမ်က `အရမ်းကို ဆိုးရွားပါတယ်။ အမြောက်တွေ၊ မော်တာကျည်တွေ၊ တင့်ကားတွေနဲ့ အဆက်မပြတ်ကို ပစ်ခတ်နေပါတယ်။ ဒီနေ့တစ်နေ့တည်း ဘက်အမ္မာမှာ လူ ၅၀ လောက်ဒဏ်ရာရ ရရှိခဲ့ပါတယ်။ ကလေးတစ်ယောက် ခြေထောက်ပြတ်သွားတာ ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ နောက်ကလေး တစ်ယောက်က အောက်မေးရိုးပြုတ်ထွက်သွားတယ်။´ ဟု ပြောပြသည်။
နိုင်ငံအရှေ့မြောက်ဘက်တွင် စစ်တပ်မှ ခွဲထွက်ပုန်ကန်သူများက စစ်တပ်ထိန်းချုပ်စခန်းတစ်ခုကို တနင်္လာနေ့ အစောပိုင်းက သိမ်းပိုက်ခဲ့ပြီး အရာရှိသုံးဦးသေဆုံးကာ စစ်သား ၁၉ ဦးကို ဖမ်းဆီးထားနိုင်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။
ယခုပတ် အတွင်း လူပေါင်း ၈၈ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း ၊ ၁၁ လကြာ အစိုးရဆန့်ကျင်ဆန္ဒပြမှုများအတွင်း အသေအပျောက်အများဆုံးဖြစ်သည့် ရက်သတ္တပတ်ဖြစ်ကြောင်း ဆိုသည်။ စုစုပေါင်း သေဆုံးသူ ၆,၀၀၀ ကျော်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ပြောသည်။
Source: Al Jazeera




















12:45 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment