Monday, February 6, 2012
အစ္စရေးလ်က အီရန်ကို တိုက်လျှင် ပါကစ္စတန် အီရန်ဘက် ရပ်တည်မည်
အစ္စလာမ္မာဘက် အခြေစိုက် သံတမန်ရပ်ကွက်မှ သံတမန်တစ်ဦး၏တနင်္ဂနွေနေ့ ပြောကြားချက်အရ အစ္စရေးလ်က အီရန်ကို တိုက်ခိုက်မည်ဆိုလျှင် ပါကစ္စတန်က အီရန်ဘက်မှ ရပ်တည်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အစ္စရေးလ် အခြေစိုက်ဝက်ဘ်ဆိုက် Ynetnews.com တွင်ဖေါ်ပြထားသည်။
သို့သော် သံတမန်ရေးရာအကူအညီပေးခြင်း၊ စစ်ရေးအရ၊ သို့မဟုတ် နျူကလီးယားအကူအညီပေးခြင်း စသည်တို့ တွင် မည်သို့မည်ပုံအကူအညီပေးမည်ဆိုသည့် အကြောင်းကိုမူ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။
ပါကစ္စတန်တွင် နျူကလီးယားလက်နက် မည်၍မည်မျှရှိသည်ဟူသော တွက်ချက်မှုများ မျိုးစုံထွက်ပေါ်နေသော်လည်း နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည် ၇၀ မှ ၉၀ ကြားရှိ မည်ဟု ခန့်မှန်းထားကြသည်။
၂၀၀၀ ခုနှစ်အတွင်းက အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးက ပါကစ္စတန်နျူကလီးယားထိပ်ဖူးအရေအတွက် ၁၀၀ အထိ ရှိကြောင်း ပြောဆိုခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ပါကစ္စတန် အငြိမ်းစားဗိုလ်ချုပ်ကြီး ဖာရောက်ခန်းက ပါကစ္စတန် တွင် နျူကလီးယားထိပ်ဖူး ၈၀ မှ ၁၂၀ အထိရှိကြောင်း ပါကစ္စတန်သတင်းစာတစ်စောင်သို့ ပြောကြားခဲ့ဖူးသည်။
ထို့ပြင် ပါကစ္စတန်တွင် MIRV ( ဒုံးကျည်တစ်ခုတည်းတွင် ထိပ်ဖူးများစွာတပ်ဆင်ပြီး ပစ်မှတ်များစွာကို ပစ်ခတ်နိုင်စွမ်းသည့်) စံနစ်တပ်ဆင်ထားသော မိုင် ၂၅၀၀ အကွာအဝေးအထိပစ်ခတ်နိုင်သည့် တာလတ်ပစ်ဒုံးကျည် များအပါအ၀င် နျူကလီးယားထိပ်ဖူးသယ်ဆောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်နည်းစံနစ်မျိုးစုံပိုင်ဆိုင်ထားကြောင်း ဆိုသည်။ ခရုစ်ဒုံးကျည်များလည်း ပိုင်ဆိုင်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်ခတ်သည့် နည်းစံနစ်ရှိကြောင်း သိရသည်။
၂၀၁၁ သြဂုတ်လအတွင်းက အမေရိကန်က ပါကစ္စတန်နျူကလီးယားလက်နက်များကို ခြိမ်းခြောက်မှုတစ်ရပ်သဖွယ် ရှုမြင်ခဲ့ပြီး အခြေအနေပိုမိုဆိုးရွားလာမည်ဆိုပါက နျူကလီးယားလက်နက်များကို လုယက်သိမ်းပိုက်ရန် အကြံအစည် တစ်ရပ်ကို စဉ်းစားခဲ့ကြောင်း သိရသည်။
ရုရှနှင့် တရုတ်တို့ကလည်း အီရန်ကိုတိုက်ခိုက်မည်ဆိုပါက မိမိတို့ အမျိုးသားလုံခြုံရေးကို ထိပါးသည်ဟု ယူဆမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
`ကော့ကေးဆပ်တောင်ဘက်မှာ ကပ်နေတဲ့ အီရန်က ကျွန်တော်တို့ရဲ့ အိမ်နီးချင်းပါ။ အီရန်မှာ တစ်ခုခုဖြစ် ရင်၊ ဒါမှမဟုတ် နိုင်ငံရေး၊ စစ်ရေးအရ အီရန်မှာ ဒုက္ခရောက်နေပြီဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။´ ဟု ရုရှဒုတိယ၀န်ကြီးချုပ်နှင့် နေတိုးဆိုင်ရာရုရှ ကိုယ်စားလှယ်ဟောင်း ဖြစ်သူ ဒမစ်ထရီရိုဂိုဇင်က ဇန်န၀ါရီလလယ်ပိုင်းလောက်တွင် ပြောကြားခဲ့ဖူးသည်။
`တတိယကမ္ဘာစစ်ဖြစ်ချင်ဖြစ်သွားပါစေတော့ ၊ တရုတ်က အီရန်ကို ကာကွယ်ပေးဖို့ လက်နှေးနေမှာ မဟုတ်ပါဘူး။´ ဟု ဒီဇင်ဘာလအတွင်းက တရုတ်ဗိုလ်မှူးချုပ် ချန်ချာအိုချောင်းက ပြောဆိုလိုက်သည်။
Source: inforwars.com
0 comments:
Post a Comment