Sunday, March 11, 2012
ဆီးရီးယားသို့ ကိုဖီအာနန်ရောက်သော်လည်း တိုက်ပွဲပြင်းထန်နေဆဲ
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစ်ဒလစ်မြို့တွင် အစိုးရစစ်တပ်များက နောက်ထပ်ထိုးစစ်များဆင်နွှဲလျက်ရှိသည်။ အတိုက်အခံတပ်ဖွဲ့များက ၎င်းတို့၏မိသားစုဝင်များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးပြီးနောက် အစိုးရထိုးစစ်ကို ခုခံတိုက်ခိုက်လျက်ရှိလေသည်။
အစ်ဒလစ်မြို့မှ အတိုက်အခံတစ်ဦးဖြစ်သူ အဘူဟာနီက စနေနေ့နံနက်ပိုင်းမှ စတင်၍ အစိုးရတင့်ကားများသည် မြို့၏ပတ်ပတ်လည်မှ နေ၍ မြို့တွင်းရှိအဆောက်အဦများကို နှစ်မိနစ်လျင်တစ်ကြိမ်ကျ အမြောက်များဖြင့် ပစ်ခတ်နေကြောင်း ဆိုသည်။
အစိုးရစစ်တပ်များက အတိုက်အခံတပ်ဖွဲ့မှ တပ်သား ၁၆ ဦးကို သတ်ဖြတ်ခဲ့ပြီး အတိုက်အခံတပ်များက အစိုးရတပ် ဖွဲ့မှ စစ်သား ၄ ဦးကို သတ်ဖြတ်နိုင်ခဲ့ကာ ၅ ဦးကို ဖမ်းဆီးရမိထားကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ဆိုသည်။ တစ်နိုင်ငံလုံးအတိုင်း အတာအရတွင် ၃၁ ဦးသေဆုံးကြောင်း သိရသည်။
လွန်ခဲ့သောလက ဟုမ်းစ်မြို့ကို အစိုးရစစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် အသေအပျောက်များခဲ့ပြီး ယခုအခါ အစ်ဒလစ်မြို့ကိုလည်း ဤပုံစံအတိုင်း ထိုးစစ်ဆင်တိုက်ခိုက်ပြီး အသေအပျောက်များမည့် အရေး အများက စိုးရိမ်ပူနေကြသည်။
တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့မှ နိုင်ငံတကာဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကြီးများ ဆီးရီးယားသမ္မတအာဆက်နှင့် တွေ့ဆုံကာ အကြမ်းဖက်မှုများ နိုင်ငံတွင်းရပ်တန့်နိုင်ရေး ဆွေးနွေးခဲ့ကြ သည်။
`ကိုဖီအာနန် ဒမတ်စကတ်ကို ရောက်ပြီး နာရီပိုင်းလောက်အကြာမှာပဲ အစ်ဒလစ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွား ခဲ့တာပါ။´ ဟု အယ်ဂျာဇီယာသတင်းထောက် ဆူးတာတန်က အိမ်နီးချင်းဘေရွတ်မှ နေ၍ သတင်းပေးပို့ခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုဖီအာနန်သည် ဆီးရီးယားအရေးအတွက် အထူးခန့်အပ်ထားသော ကြားဝင်စေ့စပ်ညှိုနှိုင်းရေး ကိုယ်စားလှယ်ဖြစ်သည်။
`ဗုံးကြဲတိုက်ခိုက်မှုတွေ နာရီအတော်ကြာအောင် ပြုလုပ်ခဲ့ပြီး မြို့ကိုသိမ်းပိုက်ဖို့အတွက် ခြေလျင်တပ်တွေ ၀င်ရောက်သွားရာမှာ နောက်ကနေ ကူပစ်ပေးနေတယ်လို့ သိရပါတယ်။´ ဟု သတင်းထောက်က ပြောသည်။
Source: Al Jazeera




















10:40 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment