
အာဖဂန်နစ္စတန်အတွင်းရှိ နေတိုးတပ်များအား ပါကစ္စတန်မှ ဖြတ်ကာ အထောက်အပံ့ပေးရေးအတွက် ပါကစ္စတန်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်တော့မည်မဟုတ်ကြောင်း ပင်တာဂွန်က ပြောကြားလိုက်သည်။
`သွားရောက်စေ့စပ်ညှိနှိုင်းနေတဲ့ ကိုယ်စားလှယ်အဖွဲ့ကို မကြာခင်ပြန်လည် ခေါ်ယူတော့မှာ ဖြစ်ပါတယ်။` ပင်တာဂွန်ပြောခွင့်ရ ဂျော့လစ်တဲက တနင်္လာနေ့က သတင်းထောက်များကို ရှင်းလင်းပြော ကြားခဲ့သည်။
ညှိနှိုင်းရေးအဖွဲ့သည် ပါကစ္စတန်တွင် သွားရောက်ညှိနှိုင်းနေသည်မှာ ၆ ပတ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ နေတိုးထောက်ပံ့ရေးလမ်းကြောင်း ပါကစ္စတန်မှ ပြန်လည်ဖွင့်လှစ်ပေးရေး ဆွေးနွေးညှိနှိုင်းမှု အတော်နီးစပ် နေပြီဟု ယုံကြည်ကြောင်း ပြောခဲ့သေးသည်။ သို့သော် ညှိနှိုင်းမှုများရပ်တန့်ခဲ့ပြီး မည်သည့်ရက်တွင် ပြန်လည်စတင်မည်ဟုလည်း အသေအချာမသိရသေးကြောင်း ဂျော့လစ်တဲက ဆိုသည်။
ထိုအခြေအနေများကို ရှင်းလင်းရန် ပါကစ္စတန်သို့လာရောက်ခဲ့သော အမေရိကန်လက်ထောက် ကာကွယ်ရေးဝန်ကြီး ပီတာလာဗွိုင်း နှင့်တွေ့ဆုံရန် ပါကစ္စတန် စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်ရှ်ဖက်ကာယာနီ က ငြင်းဆိုခဲ့သည်။
လွန်ခဲ့သောရက်အနည်းငယ်က အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ပါကစ္စတန်သည် လက်နက်ကိုင် အကြမ်းဖက်အုပ်စုများအား ခြေကုပ်ယူခွင့်ပေးထားသော နိုင်ငံဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် သီးခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးနေပြီဖြစ်ကြောင်း ပြောကြားပြီးနောက် ဆွေးနွေးညှိနှိုင်းမှုများ ရပ်ဆိုင်းရေးဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်ကလည်း လွန်ခဲ့သော ကြာသပတေးနေ့က ပန်နက်တာပြောကြား ခဲ့သော စကားသည် နှစ်နိုင်ငံကြား သဘောမတူညီမှုများကို ဖြေရှင်းနေသည့်အချိန်တွင် မပြောသင့်သည့် စကားဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်မှ ပြန်လည်ထွက်ခွါရန် ဆုံးဖြတ်ချက်မှာ ပါကစ္စတန်၏ ဆုံးဖြတ် ချက်မဟုတ်ကြောင်း၊ အချိန် အတော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ကိုယ်စားလှယ်အဖွဲ့ကို အနားယူနိုင်ရန် ရပ်ဆိုင်းလိုက်ခြင်းသာဖြစ်ကြောင်း ဂျွန်လစ်တဲက ပြောကြားခဲ့သည်။
Source: Al Jazeera
Posted in: အရှေ့ အလယ်ပိုင်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment