Wednesday, June 8, 2011

ကဒါဖီ လေမလျှော့

ထရီပိုလီတွင် နေတိုးတပ်ဖွဲ့များ ဗုံးကြဲနေသော်လည်း လစ်ဗျားခေါင်းဆောင်ကဒါဖီက တိုက်ပွဲကို ဆက်လက်ဆင်နွှဲမည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားခဲ့သည်။
“ကျုပ်တို့မှာ ရွေးစရာတစ်ခုပဲရှိတယ်။ ကိုယ့်မြေပေါ်မှာပဲ ကိုယ်သေမလား၊ ရှင်မလား။”
“ဘယ်တော့မှ ဒူးမထောက်ဘူး။ လက်မမြှောက်ဘူး။”“
“ခင်ဗျားတို့ရဲ့ ဒုံးကျည်တွေထက် ၊ လေယာဉ်တွေထက် ကျုပ်တို့က ပိုပြီးအင်အားရှိတယ်။ လစ်ဗျားပြည်သူတွေရဲ့ အသံက ခင်ဗျားတို့ ကြဲလိုက်တဲ့ ဗုံးတွေရဲ့ ပေါက်ကွဲသံထက်ပိုကျယ်တယ်။”
အင်္ဂါနေ့မိန့်ခွန်းတွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး သူ့နောက်လိုက်နောက်ပါများကို မြို့တော်တွင်းရှိ ဘက်အယ်အဇီဇီယာ တွင် စုရုံးကြ ရန်ပြောကြားလိုက်သည်။
ဆက်လက်၍ ကဒါဖီက စစ်သား ၂၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိစေလွှတ်ပြီးနိုင်ငံတစ်ဝှမ်း အတိုက်အခံသူပုန်တပ်များကို ရှင်းလင်း ရန်အဆင်သင့်ဖြစ်နေပြီဟု ပြောသည်။
“ကျုပ်တို့ဟာ အာဇာနည် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သတ်ပဲသတ်သတ်၊ ကိုယ့်ကိုယ်ကိုယ်ပဲ သတ်သေသေ … သမိုင်း မှတ်တိုင်စိုက်ထူနိုင်ဖို့ပဲ အရေးကြီးတယ်။” ကဒါဖီကပြောကြားလိုက်ပြီး အဘယ်ကြောင့် ဗုံးဆက်လက်ကြဲနေကြောင်းလည်း မေးခွန်းထုတ်လိုက်သည်။
ကဒါဖီကို ယခုမိန့်ခွန်းမတိုင်မီ ရုပ်မြင်သံကြားတွင် တောင်အာဖရိက သမ္မတယာကုပ်ဇူးမားနှင့် အတူတွေ့ရသည်မှာ နောက်ဆုံး အကြိမ်ဖြစ်သည်။

မတ်လမှ စ၍နေတိုးက တိုက်ခိုက်လာရာတွင် ဗုဒ္ဓဟူးနေ့က မြို့တော်ထရီပိုကို အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အင်္ဂါနေ့က တိုက်လေယာဉ်များဖြင့် တစ်နာရီလျှင်အကြိမ်ပေါင်းများစွာ တစ်နေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်မြို့လုံး မြည်ဟီးတုန်ခါ နေခဲ့သည်။
မြို့အနှံ့ ဆေးရုံကားများ၊ ဥသြဆွဲသံများဖြင့် ဆူညံနေပြီး အကြိမ် ၆၀ ထိုးစစ်ဆင်တိုက်ခိုက်ခံရရာတွင် ၃၁ ဦးသေဆုံးကြောင်း လစ်ဗျားအစိုးရ ပြောခွင့်ရသူ မောက်ဆာ အီဘရာဟင်ကပြောသည်။ အစောင့်တပ်နှစ်ခုဖြစ်သော (Popular Guard) နှင့် (Revolutionary Guard) တပ်ဝင်းနှစ်ခုကို လေကြောင်းတိုက်ခိုက်မှုခံရကြောင်း လစ်ဗျားတာဝန်ရှိသူတစ်ဦးက သတင်းထောက် များကိုပြောသည်။
တိုက်လေယာဉ်များဖြင့် ကဒါဖီ၏ လျှို့ဝှက်ပုလိပ်အဖွဲ့ဌာနချုပ်နှင့် ထရီပိုလီ အနောက်တောင်ဘက်မြို့စွန် စစ်ဘက်ဆိုင်ရာ အဆောက်အဦများကို တိုက်လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြောင်း ဗြိတိသျှ ကာကွယ်ရေး တာဝန်ရှိသူ တစ်ဦးကပြောသည်။

ကဒါဖီကို ရာထူးမှဆင်းရန် နေတိုးက တိုက်ခိုက်လာရာ နှစ်လရှိပြီဖြစ်ပြီး တိုးမြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နေတိုးတာဝန်ရှိ သူများက သတိပေးခဲ့သည်။ ထို့နောက် အရှေ့ဘက်ခြမ်းကို သိမ်းပိုက်ထားသော အတိုက်အခံတပ်များကို လည်းအထောက်အပံ့ အကူအညီများပေးလျက်ရှိသည်။
တနင်္လာနေ့ နေတိုးဗုံးကြဲတိုက်ခိုက်မှုတွင် အစိုးရဆက်သွယ်ရေးယန္တရားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အစိုးရအသံလွှင့်ရုံနှင့် စစ်ထောက်လှမ်းရေးရုံးချုပ်တို့ကို ထိမှန်ခဲ့ကြောင်း တာဝန်ရှိသူများကဆိုသည်။
လစ်ဗျားရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်ပေါင်း ၁,၈၀၀ ခန့် ဖျက်ဆီးပစ်လိုက်နိုင်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူး အန်ဒရက်စ် ဖိုးမန်းရပ်စ်မူဆန်ကပြောသည်။
Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။