Wednesday, June 8, 2011
ဘာရိန်းအိမ်ရှေ့မင်းသား ဝါရှင်တန်သွား
ဝါရှင်တန်က ကျောထောက်နောက်ခံပေးထားတဲ့ ဘာရိန်း ဆွန်နီတော်ဝင်မိသားစုရဲ့ အိမ်ရှေ့မင်းသားကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားက လက်ခံတွေ့ဆုံခဲ့ပါတယ်။ ရှီးအိုက်အများစုနေထိုင်တဲ့ ဘာရိန်းနိုင်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြပ် အတည်းများအတွက် ဖြေရှင်းနိုင်ဖို့အတွက်ဖြစ်ပါတယ်။
အင်္ဂါနေ့က အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ရာမှာ အိုဘားမားက အိမ်ရှေ့မင်းသားဆယ်လ်မန်ဘင်ဟာမက် အယ်လ်ခါလီဖါနဲ့ အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး တွမ်ဒိုနိုင်လွန်တို့ရဲ့ကြားမှာထိုင်ပြီးတွေ့ဆုံခဲ့ပါတယ်။
အိုဘားမားက အမေရိကန်အနေနဲ့ ဘာရိန်းကိုထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ဘုရင်ဟာမက်ရဲ့ အစီအစဉ်ဖြစ်တဲ့ “အမျိုးသားလုံခြုံရေးအခြေအနေ”ကိုပြန်ရုတ်သိမ်းဖို့နဲ့ဇူလိုင်လမှာစတင်မယ့် ပြုပြင်ပြောင်းလဲရေးအတွက်အမျိုးသားရင်ကြားစေ့ဆွေးနွေးပွဲကိုကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။
“အိုဘားမားက အမျိုးသားရင်ကြားစေ့ရေးအစီအစဉ်ဖြစ်မြောက်ရေးအတွက် အိမ်ရှေ့မင်းသားရဲ့ အစီအစဉ်ကို အားတက်သရောထောက်ခံကြောင်းပြောကြားခဲ့ပြီး ဘာရိန်းနိုင်ငံသားတွေအားလုံးအတွက် အစိုးရကရော အတိုက်အခံကပါ အမြန်ဆုံးအကောင်အထည်ဖေါ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။” လို့ အိမ်ဖြူတော်ကထွက်လာတဲ့ ကြေငြာချက်မှာ ဖေါ်ပြပါတယ်။
“အောင်မြင်တဲ့ ရင်ကြားစေ့တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့အတွက် အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအပေါ် အရေးထားရမှာဖြစ်ပြီးတာဝန်ယူနိုင်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။”
အီရန်သမ္မတ မိုဟာမက် အမာဒီနီဂျက်က တီဟီရန်အစိုးရအနေနဲ့ ဘာရိန်းအတွက် အစီအစဉ်တစ်ခုရှိတယ်။ ပြီးတော့ ဘာရိန်းမှာ အမေရိကန်ရဲ့ ငါးခုမြောက်ရေတပ်စခန်းတည်ရှိနေတာ ပြဿနာတစ်ခုပဲလို့ပြောလိုက်ပြီး မကြာခင်မှာပဲ အိုဘားမားနဲ့ အိမ်ရှေ့မင်းသားတို့တွေ့ခဲ့ကြတာပါ။
ရှီးအိုက်အများစုဖြစ်တဲ့ အီရန်က ဘာရိန်းမှာ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးတော့ ဘာရိန်းကလည်း အီရန်က မငြိမ်မသက်ဖြစ်အောင်လှုံ့ဆော်ပြီးတော့ ဝင်ရောက်စွက်ဖက်နေတယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။
အမေရိကန်တာဝန်ရှိသူတွေက ဘာရိန်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းပေးနိုင်တဲ့သူအဖြစ် ရှုမြင်ထားတဲ့ အိမ်ရှေ့မင်းသားဟာ အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့တွေ့ဆုံခဲ့ပါတယ်။ အမျိုးသားရင်ကြားစေ့တွေ့ဆုံဆွေးနွေးရေးအတွက် ဘုရင်ဟာမက်ရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်။
“ဘာရိန်းကဆောင်ရွက်မယ့် အစီအစဉ်တွေအတွက် အိမ်ရှေ့မင်းသားဆီကနေ တိုက်ရိုက်ကြားရဖို့အတွက် ဒီဆွေးနွေးပွဲ ကိုလုပ်တာပါ။”
“ဘာရိန်းက မိတ်ဆွေနိုင်ငံဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်အတွက်အလွန်အရေးကြီးတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါ တယ်။ ဒါကြောင့် အမျိုးသားတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးနဲ့ အခုလက်ရှိအချိန်အထိ အိမ်ရှေ့မင်းသားဆောင်ရွက်နေတဲ့ အရေးကြီးလုပ်ငန်းတွေကို အမေရိကန်က ထောက်ခံပါတယ်။ ဆက်လက်လုပ်ဆောင်နိုင်ဖို့လည်းမျှော်လင့်ပါတယ်။”
ကလင်တန်က သတင်းထောက်များကိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံအတွက် အလွန်စိန်ခေါ်မှုများပြီးခက်ခဲနေသော အချိန်မျိုးမှာ အမေရိကန်ပြည်ထောင်စုတွင် ယခုကဲ့သို့ လာရောက်စကား ပြောခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း အိမ်ရှေ့မင်းသားက ပြောပါတယ်။
“စီးပွားရေးရော နိုင်ငံရေးကိုပါ ပြုပြင်ပြောင်းလဲသွားမှာပါ။” အိမ်ရှေ့မင်းသားကပြောပါတယ်။
ရေနံသူဌေးဘာရိန်းနိုင်ငံဟာ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်ရဲ့ အရေးကြီးတဲ့ မဟာမိတ်ဖြစ်ပြီးတော့ အမေရိကန်ရဲ့ ငါးခုမြောက်ရေတပ်အခြေစိုက်စခန်းကို လက်ခံပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်အစောပိုင်းကပဲ ရှီးအိုက်ဘာသာဝင်ဆန္ဒပြသူတွေကို ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့ အတွက် ဝါရှင်တန်နဲ့ ဆက်ဆံရေးက နည်းနည်းထစ်ငေါ့နေပါတယ်။ အဲဒီနောက်တစ်လလောက်ကြာတဲ့အခါအမေရိကန်မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီနဲ့ စော်ဘွားများနိုင်ငံတွေကဦးဆောင်တဲ့ ပင်လယ်ကွေ့ကောင်စီက ဘာရိန်းအရေးမှာဝင်ရောက်ဖိအားပေးတဲ့ အခါမှာတော့ အမေရိကန်အနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။
မတ်လ လယ်က ရှီးအိုက်တို့ဦးဆောင်တဲ့ ဒီမိုကရေစီရေး လမ်းမပေါ်ထွက်ဆန္ဒပြပွဲတွေကို နှိမ်နင်းစဉ်က ထုတ်ပြန်ထားခဲ့တဲ့ “အရေးပေါ်အခြေအနေ” ကြေငြာချက်ကို ဇွန်လ ၁ ရက်နေ့မှာဘာရိန်းက ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် အဓိကရုဏ်း ဖြစ်စဉ်တွေကို ကူညီဖြေရှင်းပေးဖို့ အိမ်နီးချင်းအာရပ်နိုင်ငံတွေကတပ်ဖွဲ့တွေ ဘာရိန်းမှာရှိနေတာကို ပြန်လည်ရုတ်သိမ်းပေးဖို့ တော့ ဆွန်နီတော်ဝင်မိသားစုက တောင်းဆိုထားခြင်းမရှိသေးပါဘူး။
Source: Al Jazeera
0 comments:
Post a Comment