ဆီးရီးယားနိုင်ငံ ဂျီဆာအယ်လ် ရှဂ္ဂါနှင့် အခြားမြို့များမှ ဆီးရီးယားလူမျိုး ၂,၄၀၀ ကျော်အိမ်နီးချင်း တူရကီသို့ထွက်ပြေးလာကြ ကြောင်း ကုလသမဂ္ဂနှင့် တူရကီတာဝန်ရှိသူများက ပြောသည်။ ဧပြီလ ၂၉ ရက်နေ့မှစ၍ဆီးရီးယားဒုက္ခသည်များစတင်ဝင်ရောက် လာကြကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာဝန်ရှင်တော်မင်းကြီးရုံး (UNHCR) မှ ပြောကြားသည်။
ယခုအပတ်အတွင်း ဒုက္ခသည်ဦးရေအဆမတန်တိုးပွားလာကြောင်းဆိုသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ဒုက္ခသည် ၁၀၀၀ ကျော်နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာကြကြောင်း (UNHCR) မှ ကြာသပတေးနေ့ကပြောသည်။
“ဆီးရီးယားမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့စိတ်ပူမိပါတယ်။” ဟု တူရကီနိုင်ငံခြားရေး ဝန်ကြီး အာမက်ဒါဗူတော့ဂလူက အဘူဒါဘီမှပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ နာရီဝက်က စာရင်းအတိအကျကျွန်တော်ရတယ်။ ဒုက္ခသည် ၂,၄၀၀ ကျော် တူရကီမှာရှိနေတယ်။”
နယ်စပ်မှ ၁၀ ကီလိုမီတာအကွာ၊ ဂျီဆာအယ်လ်ရှဂ္ဂါမှ ၂၅ ကီလိုမီတာအကွာရှိ ရေလာဒါဂီတွင် ဒုက္ခသည်များအတွက် နေရာထိုင် ခင်းချထားပေးလျက်ရှိသည်။ စခန်းအတွင်း တဲအလုံးပေါင်း ဒါဇင်ပေါင်းများစွာရှိနေပြီး ဒဏ်ရာရရှိလာသူများကို တူရကီတောင်ပိုင်း ဟာတေးပြည်နယ်မြို့တော် အန်တာကြာရှိဆေးရုံသို့ ဆေးရုံကားများဖြင့်ပို့ဆောင်ပေးလျက်ရှိသည်။
ခန့်မှန်းခြေ ဒုက္ခသည် သုံးဆယ်ကျော်ခန့်ကို သေနတ်ဒဏ်ရာဖြင့် အန်တာကြာဆေးရုံသို့ပို့ဆောင်ထားကြောင်း တူရကီသတင်းက ဖေါ်ပြသည်။ အန်တာကြမြို့ရှိ UNHCR ပြောခွင့်ရ မက်တင်ကိုရာဘာတာက တူရကီအစိုးရ၏ ဒုက္ခသည်ဆိုင်ရာကိုင်တွယ်မှုကို ချီးကျူးပြောဆိုလိုက်သည်။
“ကျွန်တော်တို့ တူရကီအစိုးရနဲ့ အနီးကပ်ပူးတွဲဆောင်ရွက်နေပါတယ်။ ဒုက္ခသည်တွေအတွက် တူရကီအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေက ကောင်းပါတယ်။”
ဒုက္ခများအတွက်လိုအပ်ချက်များနှင့် ဆေးဝါးများဖြည့်ဆည်းပေးနေသော တူရကီ လခြမ်းနီအဖွဲ့ကမူ မည်သည့်မှတ်ချက်မျှမပေး ချေ။ တူရကီဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်က တူရကီအနေနှင့် ဆီးရီးယားဒုက္ခသည်များအတွက် တံခါးဖွင့်ထားကြောင်း ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆက်ကိုလည်း အရပ်သားများအပေါ်ထားသော သဘောထားပြောင်းလဲသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အသစ်ရောက်လာသူ ဒုက္ခသည်အများစုမှာ ယခုအပတ်အစောပိုင်းက ဆီးရီးယားရဲ ၁၂၀ အသတ်ခံရသော ဂျီဆာအယ်ရှဂ္ဂါမြို့မှ ဖြစ်သည်။ ယင်းဖြစ်စဉ်အတွက် အစိုးရက ချေမှုန်းမည်ဟု ကြိမ်းဝါးခဲ့သဖြင့် ဒေသခံများကြောက်လန့်ထွက်ပြေးလာကြခြင်းဖြစ် သည်။
အသတ်ခံရသောရဲများမှာ အရပ်သားများကို ပစ်ခတ်ခြင်းမပြုရန်ပြောဆိုမရသဖြင့် အစိုးရစစ်တပ်မှပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။ သို့သော်အတည်ပြု၍မရသေးပေ။
ဒုက္ခသည်များမှာ ဂျီအယ်လ်ရှဂ္ဂါရှိအခြေအနေများကိုပြောပြနိုင်သော်လည်း တူရကီအစိုးရက ၎င်းတို့ကို စာနယ်ဇင်းသမားများနှင့် တွေ့ဆုံခွင့်မပြုပေ။ ဒုက္ခသည်စခန်းကို ရဲများကစောင့်ကြပ်လျက်ရှိပြီး တာဝန်ရှိသူများက ဒုက္ခသည်များကို မီဒီယာများနှင့်စကား ပြောဆိုခြင်းမပြုရန်တားမြစ်ထားသည်။
ယင်းသို့စည်းကမ်းထုတ်ပြန်ထားခြင်းမှာ မူဝါဒအသစ်တစ်ခုမဟုတ်ကြောင်း၊ အခြားသောဒေသများမှ ဒုက္ခသည်များသည်လည်း ဤသို့ပင်တားမြစ်ခံရကြောင်း၊ ဥပမာအားဖြင့် အီရတ်စစ်ပွဲဒုက္ခသည်များကိုလည်း မီဒိယာနှင့်တွေ့ဆုံခြင်းမှ တားမြစ်ထားကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးကပြောသည်။
ဆီးရီးယားတွင်ကျန်ရစ်သော မိသားစုများနှင့် ဒုက္ခသည်များ၏လုံခြုံရေးအတွက် ယင်းသို့တားမြစ်ထားခြင်းဖြစ်ကြောင်း ကော်ရာဘာတာကလည်းဆိုသည်။
“ဒါက တူရကီအစိုးရရဲ့ မူဝါဒပါ။ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို မီဒီယာတွေနဲ့ပေးမတွေ့ပါဘူး။”
တူရကီတာဝန်ရှိသူများက ၎င်းတို့အနေနှင့်နောက်ထပ်ဒုက္ခသည်များထပ်မံရောက်ရှိလာဦးမည်ဟုမျှော်လင့်ထားကြောင်းဆိုသည်။
ရေလာဒါဂီစခန်းသည် ဒုက္ခသည် ၅,၀၀၀ ခန့်ဆန့်ပြီး နောက်ထပ်စခန်းတစ်ခုထပ်မံဖွင့်လှစ်ရန်စဉ်းစားလျက်ရှိသည်။ ဆီးရီးယားဘက်ခြမ်း နယ်စပ်ကွင်းပြင်တွင် လူပေါင်းများစွာရောက်ရှိနေကြောင်း ဗွီဒီယိုမှတ်တမ်းတစ်ခုရုက်ကူးထားသည်။
“နောက်ထပ်အစုလိုက်၊ အပြုံလိုက်ရောက်ရှိလာမယ်ဆိုရင် အဆင်သင့်ဖြစ်အောင် လိုအပ်တာမှန်သမျှကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။” ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ရုပ်သံအင်တာဗျူးတွင် ပြောခဲ့သည်။
လက်ဘနွန်-ဆီးရီးယားအနောက်ဘက် နယ်စပ်တွင်လည်း ဒုက္ခသည် ၅,၀၀၀ ခန့်ဝင်ရောက်လာခဲ့သည်။ အချို့မှာအိမ်ပြန်သွား ကြပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။ လက်ဘနွန်အစိုးရက စာရင်းဇယားအတိအကျဖြင့်ထုတ်ပြန်ခြင်းမပြုပေ။ ဒုက္ခသည်များကို အစိုးရမှမဟုတ်ဘဲ နယ်စပ်တွင်နေထိုင်ကြသော လက်ဘနွန်များက လက်ခံကြိုဆိုခဲ့ကြသည်။
“ယေဘုယျအားဖြင့်တော့ ဟိုဘက်ဒီဘက် နယ်စပ်မှာမိသားစုအချင်းချင်းအချိတ်အဆက်တွေရှိကြပါတယ်။” ဟု ဘေရွတ်လူ့အခွင့်အရေးစောင့်ကြည့်ရေး သုတေသီ နာဒင်ဟောင်ရီက ဆိုသည်။
“လက်ဘနွန်အစိုးရကလည်းကူညီဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် အများစုကတော့ သူတို့မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ဆီမှာနေကြပါတယ်။”
Source: Al Jazeera
0 comments:
Post a Comment