Thursday, June 9, 2011
နိုင်ငံခြားအထောက်အပံ့မရှိလျှင် အာဖဂန်မရပ်တည်နိုင်
၂၀၁၄ တွင် နိုင်ငံခြားတပ်များ အာဖဂန်မှထွက်ခွာသွားလျှင် စီးပွားရေးထိုးကျသွားလိမ့်မည်ဖြစ်ကြောင်းဆိုသည်။ အမေရိကန် အစီရင်ခံစာအရ အမေရိကန်မှ အရပ်ဘက်ဆိုင်ရာ အကူအညီ ၁၈.၈ ဘီလီယံသည် ကာလတိုစီမံကိန်းများအတွက် မလောက်မင သုံးစွဲခဲ့ရကြောင်းသိရသည်။
အရပ်ဘက်ထောက်ပံ့ရေးအေဂျင်စီနှစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စုနိုင်ငံတော်ဌာနနှင့် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနတို့ကို အဓိကထား၍ ဆီးနိတ်နိုင်ငံခြားရေးရာကော်မတီမှ ဒီမိုကရက်တစ်အဖွဲ့ဝင်များကနှစ်နှစ်ကြာအချိန်ယူ ပြုစုခဲ့သော အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါစာရင်းဇယားပြအသုံးငွေများမှာ စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သို့သော်အချို့ကိုမူ စုံစမ်းစစ်ဆေးသင့်ကြောင်း ပြောဆိုထောက်ပြမှုများရှိသည်။
အရပ်ဘက်အကူအညီ ၈၀% မှာ အာဖဂန်တောင်ပိုင်းနှင့် အရှေ့ပိုင်းများတွင် ကာလတိုတည်ငြိမ်မှုရှိရေးအစီအစဉ်များအတွက် သုံးစွဲခဲ့ကြောင်း အစီရင်ခံစာတွင်တင်ပြထားသည်။ အစီအစဉ်အများစုမှာ ထောက်ပံ့မှုဆက်လက်မရရှိတော့လျှင် ဆက်လက် လည်ပတ်နိုင်စွမ်းမရှိတော့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အသုံးစားရိတ်ပြတ်လပ်ပြီး ကျွမ်းကျင်သော ဦးဆောင်မည့်သူများ လည်းမရှိကြောင်း အစီရင်ခံစာက ဆိုသည်။
“ကျွန်ုပ်တို့ရိုးရိုးရှင်းရှင်းသာဆုံးဖြတ်ရပေမည်။ လုပ်ငန်းစီမံကိန်းများကို အာဖဂန်များက ဆောင်ရွက်နိုင်စွမ်းမရှိလျှင် အလှူရှင်များကိုယ်တိုင်က ပြီးဆုံးအောင်ဆောင် ရွက်ပေး၍မရပေ။ အာဖဂန်ဖွံ့ဖြိုးရေးမှာ အာဖဂန်တို့အပေါ်တွင်သာမူတည်လေ သည်။” ဟု အစီရင်ခံစာတွင်နိဂုံးချုပ်ထားသည်။
အာဖဂန်ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး၏ ၇၉% မှာ နိုင်ငံတကာတပ်များနှင့် အလှူရှင်အဖွဲ့အစည်းများရပ်တည်နေခြင်း ကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကတွက်ချက်ထားသည်။ အာဖဂန်အစိုးရ၏ အသုံးစားရိတ်မှာလည်း နိုင်ငံခြားအထောက်အပံ့များ နှင့်ပင်ဖြစ်သည်။ အစိုးရတစ်နှစ်တာ အသုံးစားရိတ်မှာ အကြမ်းဖျင်း ၂.၅ ဘီလီယံရှိသည်။ သို့သော်လုံခြုံရေးတပ်ဖွဲ့များအတွက် သီးသန့်အသုံးစားရိတ်မှာ ၆ ဘီလီယံနှင့် ၈ ဘီလီယံကြားရှိသည်။
“အာဖဂန်အစိုးရက ယခုကတည်းက ကြိုတင်ပြင်ဆင်ထားမှုများမရှိခဲ့လျှင် ၂၀၁၄ တွင်နိုင်ငံခြားတပ်များထွက်ခွာသွား လျှင် အကြီးအကျယ်စီးပွားပျက်မည်။” ဟု အစီရင်ခံစာက သတိပေးထားသည်။
အာဖဂန်အရပ်ဘက်အကူအညီများကို ၂၀၀၉ ခုနှစ်တွင် ၂.၈ ဘီလီယံမှ ၂၀၁၀ တွင် ၄.၂ ဘီလီယံအထိတိုးမြှင့်သုံးစွဲခဲ့သည်။ အိုဘားမားအစိုးရက ၂၀၁၂ တွင် အသုံးစားရိတ်ကို ၃.၂ ဘီလီယံသို့လျှော့ချရန်တောင်းဆိုထားသည်။ သို့သော်ယခုအချိန်အထိ အာဖဂန်၏ ဆိုးရွားလှသောစီးပွားရေးတွင် ငွေကြေးအများအပြားအကူအညီပေးနေဆဲပင်။
“နိုင်ငံခြားအကူအညီတွေအပေါ်မှီခိုနေတာကြောင့် ပိုဆိုးလာပုံရပါတယ်။” ဟု ယခင် စစ်ဘက်လေ့လာရေးနှင့် ယခုအခါ အမေရိကန်လုံခြုံရေးစီမံကိန်းမှ ယောရှုဝဖောက်စ်ကပြောသည်။
၂၀၀၈ နှင့် ၂၀၀၉ တွင် နိုင်ငံခြားမှီခိုမှုမှာ ၄၇% ရှိကြောင်း ကမ္ဘာ့ဘဏ်က တွက်ချက်ထားသည်။
အစွမ်းအစတည်ဆောက်ရေးအားထုတ်မှု ဟုခေါ်သော အာဖဂန်အစိုးရဝန်ကြီးဌာနများ အားကောင်းလာစေရန်ဆောင်ရွက်မှုမှာ ယခုအခါအလွန်လူပြောများသော စကားလုံးတစ်လုံးဖြစ်နေပေသည်။ သို့သော် နိုင်ငံခြားအထောက်အပံ့များက ဝန်ကြီးဌာနများ၏ အစွမ်းအစထုတ်နိုင်မှုကို အတားအဆီးဖြစ်လျှက်ရှိကြောင်း အစီရင်ခံစာတွင်ရေးသားထားသည်။
ဝန်ကြီးဌာနများတွင် အလုပ်လုပ်သောဝန်ထမ်းများမှာ ပုံမှန်အားဖြင့် တစ်လလျှင် ဒေါ်လာ ၅၀ နှင့် ၁၀၀ ကြားတွင်သာရရှိကြပြီး အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့များတွင် ဝင်ရောက်လုပ်ကိုင်နေသော အာဖဂန်လူမျိုး ကားသမားများ၊ စကားပြန်များ မှာ တစ်လလျှင် ၁,၀၀၀ ကျော်ခန့်အသာလေးရရှိသည်။
ထို့ကြောင့် အရည်အချင်းရှိသောအစိုးရဝန်ထမ်းများ အလုပ်မြဲအောင်လုပ်ရန် စိတ်ဝင်စားမှုမရှိတော့ပေ။
အာဖဂန်အရာရှိကြီးအမြောက်အမြားမှာ အမေရိကန်အစိုးရမှထောက်ပံ့သော လစာငွေ တစ်လလျှင် ၃,၀၀၀ မှ ၅,၀၀၀ ကြားရရှိ ကြသည်။ ထို့ကြောင့်သူတို့မှာမူ အလုပ်ကိုကောင်းစွာလုပ်ကြသည်။
သို့သော်နိုင်ငံခြားအထောက်အပံ့မရှိဘဲ အဆိုပါလစာခံစားခွင့်များကို အစိုးရက ပေးနိုင်မည်မဟုတ်ပေ။ နိုင်ငံခြားအလှူရှင်များက လည်း အချိန်နှင့် ငွေကြေးအနည်းငယ်သာရင်းနှီးမြှုပ်နှံ၍ ပညာရေးနှင့် အစိုးရဝန်ထမ်းလောင်းများအတွက် ဆောင်ရွက်ပေးသည်။ အာဖဂန်ပညာရေးဝန်ကြီးဌာနသည် အသုံးချပညာနှင့် အဆင့်မြင့်ပညာရေးအတွက် အသုံးစားရိတ် ၃၅ မီလီယံသာရရှိသည်။
“အာဖဂန်တွေကိုယ်တိုင်တိုင်းပြည်ကို မောင်းနှင်နိုင်မယ့် အသုံးချပညာနဲ့ အဆင့်မြင့်ပညာရေးအတွက်ရင်းနှီးမြှုပ်နှံရမယ့် အစား အဲဒါတွေလုပ်ဖို့ အတွက် ပညာရှင်တွေကို ဆယ်ဆလောက်ပိုအကုန်အကျခံပြီး ငှားရမ်းအသုံးပြုကြတယ်။” အစီရင်ခံစာက ဖေါ်ပြသည်။ အဆိုပါပညာရှင်များကို တစ်နှစ်လျှင် ဒေါ်လာ ငါးသိန်းနှင့် တစ်သန်းကြားပေး၍ ငှားရမ်းရသည်။
အခြားအကူအညီပေးရေးအစီအစဉ်များတွင်လည်း အလေအလွင့်များနှင့် စီမံခန့်ခွဲမှုအလွဲများတွေ့ရှိရကြောင်း အစီရင်ခံစာက ဖေါ်ပြသည်။ တောင်ဘက်စွန်းဟယ်လ်မန်ပြည်နယ်တွင် တည်ဆောက်ထားသောရေအားလျှပ်စစ်စီမံကိန်းတွင် ယခုအခါ တာဘိုင်နှစ်လုံးလည်ပတ်နေပြီး ယင်းမှထွက်သောလျှပ်စစ်ဓါတ်အားသည် တာလီဘန်တို့အတွက်အကျိုးအမြတ်များဖြစ်ထွန်းနေ သည်ဟု အစီရင်ခံစာကဖေါ်ပြသည်။
“ဓါတ်အားတစ်ဝက်လောက်သုံးစွဲနေသူဆီတွေဆီကို တာလီဘန်တွေက ငွေတောင်းပြေစာတွေပို့ပြီး ငွေကောက်တယ်။ အလယ်ခေတ်က နှိပ်စက်နည်းတွေနဲ့ နှိပ်စက်ပြီးတော့ ငွေပေးအောင်လုပ်တယ်။ ” အစီရင်ခံစာတွင်ဖေါ်ပြထားသည်။
ထို့အပြင် ဘိန်းစိုက်ခင်းများရေသွင်းစိုက်ပျိုးရေးအတွက် အဆိုပါလျှပ်စစ်ဓါတ်အားကိုပင် အသုံးပြုကြောင်းသိရသည်။
ဟယ်မန်နာဝါဒေသတွင် စိုက်ပျိုးရေးစီမံကိန်းများအတွက် USAID မှ ဒေါ်လာသန်း ၃၀ သုံးစွဲခဲ့သည်။ ထိုဒေသတွင် လူဦးရေ ၇၅,၀၀၀ မျှသာရှိရာ တစ်ဦးအတွက် USAID မှ ဒေါ်လာ ၄၀၀ နှုန်းဖြင့်သုံးစွဲခဲ့သည်။ ယင်းငွေသည် သာမန်အာဖဂန် မိသားစုတစ်စု၏ တစ်နှစ်ဝင်ငွေထက်ပင်များသေးသည်။
အစီရင်ခံစာပါအချို့အချက်အလက်များမှာ အသစ်များဖြစ်ကြသည်။ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကို ဝေဖန်ရေးအတွက် အာဖဂန်ဆိုင်ရာ လေ့လာသူများက လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အချိန်ယူလေ့လာခဲ့ကြသည်။
အမေရိကန်လုံခြုံရေးဆိုင်ရာမူဝါဒသစ်အတွက် ဝါရှင်တန်အခြေစိုက်ဌာနက ဒီဇင်ဘာလအတွင်းက အကြံပြုခဲ့ရာတွင် နိုင်ငံခြားအထောက်အပံ့များရပ်တန့်လိုက်လျှင် ခြစားမှုများကိုလျှော့ချနိုင်မည်ဖြစ်ပြီး အစိုးရအတွင်းတိုးတက်မှုများဖြစ်ပေါ်လာမည် ဟု ဆိုသည်။ သို့သော်အာဖဂန်အုပ်ချုပ်ရေးတာဝန်ခံများက အထောက်အပံ့ဖြတ်လိုက်လျှင် သူတို့အလုပ်များပို၍ လုပ်ရကိုင်ရ ခက်သွားလိမ့်မည်ဟု နှစ်ပေါင်းများစွာပင်ပြောကြားလာခဲ့သည်။
“အလေအလွင့်တွေနဲ့ အလွဲသုံးမှုတွေရှိတယ်ဆိုတာ သိထားပါတယ်။” ဟုအမေရိကန်တိုးတက်ရေးဌာနမှ လုံခြုံရေး ဝေဖန်အကဲခတ် ကာရိုလင်း ဝက်ဒ်ဟမ်းက ပြောသည်။
သို့သော်ဆီးနိတ်အဖွဲ့မှ ပြုစုသောအစီရင်ခံစာသည် သြဇာအရှိဆုံးဖြစ်သည်။ အနည်းဆုံးအမေရိကန်အစိုးရအတွင်း၌ လူထုထောက်ခံမှုမရှိသော စစ်ပွဲအတွက် ငွေကြေးကုန်ကျများမှုကို စဉ်းစားဖွယ်ဖြစ်လာနိုင်သည်။
အိမ်ဖြူတော်နှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေးထောက်အကူပြုရေးတပ်ဖွဲ့မှ အစီရင်ခံစာနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ။
Source: Al Jazeera
0 comments:
Post a Comment