Friday, June 17, 2011
ဆော်ဒီအမျိုးသမီးများ ကားမောင်းခွင့်အတွက် လှုပ်ရှား
ရှေးရိုးစွဲဘုရင့်နိုင်ငံတစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေးဗျနိုင်ငံတွင် အမျိုးသမီးများကားမမောင်းရ တားမြစ်ထားမှုကို ဆော်ဒီအမျိုးသမီးအတော်များများက ဆန့်ကျင်လျက်ရှိသည်။ အင်တာနက်လူမှုဆက်သွယ်ရေးကွန်ယက်ဝက်ဘ်ဆိုက်များတွင် အမျိုးသမီးများကားမမောင်းရတားမြစ်ထားခြင်းကို ဆန့်ကျင်ကြရန်လှုံ့ဆော်မှုများပေါ်ပေါက်လာပြီးနောက် သောကြာနေ့တွင် ဆန့်ကျင်မှုများကိုပြသခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ ကုန်တိုက်ကနေပြန်လာကြပါတယ်။ ကျွန်တော်ဇနီးက စတိုးဆိုင်အသွားအပြန်ကားမောင်းဖို့ဆုံးဖြတ် လိုက်ပါတယ်။” သတင်းထောက် တော်ဖစ်အယ်လ်ဆာအစ်က သူ၏တွစ်တာစာမျက်နှာတွင် သောကြာနေ့ကရေးသားခဲ့သည်။
“ကျွန်မ ကင်းဖာ့ဒ်လမ်းမကြီးအတိုင်းမောင်းနှင်လာပါတယ်။ ပြီးတော့အိုလာယာလမ်းကိုသွားတယ်။ ကျွန်မယောင်္ကျားက ဘေးမှာပါပါတယ်။ ဒီနေ့အဖို့တော့ ကားမောင်းခြင်းဟာ ကျွန်မအတွက်ပဲလို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။” ရီယာ့ဒ်မြို့နေ မဟာအယ်လ်ကာတာနီက တွစ်တာတွင်ရေးသားခဲ့သည်။
အမျိုးသမီးများအတွက် ကားမောင်းခြင်းအခွင့်အရေးကို ဥပဒေအရ၊ ဘာသာရေးအရတားမြစ်၍မရကြောင်း ၊ ထို့ကြောင့် ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်မောင်းခြင်းဖြစ်ပြီး ကားမောင်းခြင်း၊ မမောင်းခြင်းမှာ ကိုယ့်ဆုံးဖြတ်ချက်အပေါ် သာမူတည်ကြောင်း AFP သတင်းဌာနသို့သူမက ပြောကြားခဲ့သည်။
ကားပေါ်တွင် သူမ၏အသုံးအဆောင်ပစ္စည်းများပါတစ်ပါတည်းယူဆောင်သွားပြီး ကားမောင်းခြင်းကြောင့်ထောင်ကျမည်ဆိုပါက ထောင်ထဲသို့သွားရန် အသင့်ရှိကြောင်း သူမ၏ခင်ပွန်းဖြစ်သူ မိုဟာမက်အယ် ကာတာနီက တွစ်တာတွင်ရေးသားခဲ့သည်။
၁၉၉၀ တွင် ဆော်ဒီအမျိုးသမီး ၇၄ ဦးက မြို့တော်ရီယာ့ဒ်တစ်ခွင်တွင် ကား ၁၅ စီးဖြင့်လှည့်ပတ်မောင်းနှင်ကာ အမျိုးသားများကို တအံ့တသြဖြစ်စေခဲ့သည်။ ထို့နောက် ထောင်ကျခံခဲ့သည်။ ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် ယခုအကြိမ်ပြန်လည် ဆန့်ကျင်ကြခြင်းဖြစ် သည်။
မည်သည့်ဝက်ဘ်ဆိုက်တွင်မှတက်ကြွလှုပ်ရှားသူများကတောင်းဆိုမှုများမပြုသေးသော်လည်း ဆော်ဒီအမျိုးသမီးများက အမျိုးသားများသာ ကားမောင်းရမည်ဟူသော စည်းမျဉ်းကို ပုန်ကန်ကြပြီဟုဆိုသည်။
နိုင်ငံခြားတွင်သွားရောက်၍ ယဉ်မောင်းလိုင်စင်ယူခဲ့သောအမျိုးသမီးများအား ယောင်္ကျားသားများကို အားမကိုးဘဲ ကိုယ့်ခရီးစဉ် ကိုယ်တိုင်မောင်းနှင်သွားခြင်းပြုရန်တိုက်တွန်းထားသည်။
“ဒီနေ့ကစလို့ အမျိုးသမီးတွေကိုယ့်အခွင့်အရေးတွေကို အသုံးပြုဖို့ ပြောချင်ပါတယ်။” ဟု ဆော်ဒီအမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဝါဂျဟာအယ်လ်ဟူဝိုင်ဒါကပြောသည်။ ၂၀၀၈ ခုနှစ်ကသူမကိုယ်တိုင်ကားမောင်းနှင်နေသည့် ဗွီဒီယိုကို အင်တာနက်တွင် တင်ပြထားသည်။
“ဒီနေ့လမ်းမတွေပေါ်မှာ စုရုံးလှုပ်ရှားမှုတွေအများကြီးလုပ်ဖို့ရှိနေပါတယ်။ ကျွန်မတို့နောက်မဆုတ်ပါဘူး။”
အာရပ်အုံကြွမှုဟုအမည်ပေးထားသော အာရပ်နိုင်ငံများအဝှမ်းအစိုးရများပြုတ်ကျသွားအောင်တော်လှန်ပုန်ကန်ကြသော အဟုန် ဖြင့် နှစ်လကြာ အမျိုးသမီးကားမောင်းခွင့်အင်တာနက်လှုပ်ရှားမှုမှာ သောကြာနေ့တွင် အထွဋ်အထိပ်သို့ရောက်ရှိလာသည်။
အဓိကလှုံ့ဆော်နေသော “Women2Krive” ဟူသော Facebook စာမျက်နှာတွင် ဘုရင်က အမျိုးသမီးများကားမောင်းခွင့် ဥပဒေ ဖြင့် ခွင့်ပေးလာသည်အထိ ဆက်လက်လှုပ်ရှားသွားမည်ဟု ဆိုသည်။
ဆော်ဒီတွင် အမျိုးသမီးများမှာ လူပုံလည်တွင် ခေါင်းမှ ခြေမျက်စေ့အထိဖုံးအုပ်ထားသော အဝတ်ကိုဝတ်ဆင်ရပြီး အမျိုးသားမပါ ဘဲ အပြင်ထွက်ခွင့်မရှိချေ။
လွန်ခဲ့သောလက ၃၂ နှစ်အရွယ် မာနယ်အယ်ရှာရစ်ဆိုသူအမျိုးသမီးတစ်ဦးက သူမကိုယ်တိုင်ကားမောင်းနေသော ဗွီဒီယိုကို အင်တာနက်စာမျက်နှာပေါ်တွင် တင်ခဲ့ခြင်းကြောင့် ၁၀ ရက်ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် အမျိုးသမီးကားမောင်းခွင့် တောင်းဆိုလှုပ်ရှားမှုပေါ်ပေါက်လာခြင်းဖြစ်သည်။ နောက်တစ်ခါ ကားမောင်းနှင်ခြင်းမပြုပါ၊ ကားမောင်းခြင်းကိုလည်း လူသိရှင်ကြား ဖြစ်အောင်မလုပ်ပါဟု ဝန်ခံကတိဖြင့်သူမကို ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။
ထို့နောက်အဆိုပါကိစ္စသည် အပြည်ပြည်ဆိုင်ရာအခွင့်အရေးအုပ်စုများကြားတွင် အုံးအုံးကျက်ကျက်ဖြစ်လာပြီး အမျိုးသမီးများ ကားမောင်းခြင်းကို တားမြစ်ထားသည့်ဥပဒေ ဖယ်ရှားပေးရန် ဘုရင်ထံသို့တိုက်ရိုက်တောင်းဆိုမှုများပေါ်ပေါက်လာခဲ့သည်။ ထိုဥပဒေမှာ တစ်ကမ္ဘာလုံးတွင် ဆော်ဒီတစ်နိုင်တည်းတွင်သာရှိသည်။
Source: Al Jazeera
0 comments:
Post a Comment