Thursday, June 23, 2011
တရုတ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒီဇိုင်းပညာရှင် အိုင်ဝေဝေပြန်လည်လွတ်မြောက်
ထင်ရှားသော တရုတ်အတိုက်အခံတစ်ဦးဖြစ်သူ အနုပညာရှင် အိုင်ဝေဝေကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားရာမှ အခွန်ရှောင်ထားကြောင်းဝန်ခံချက်ပေးပြီးနောက် အာမခံဖြင့်ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်သည်။
အိုင်ဝေဝေလွတ်မြောက်လာကြောင်းကို သူကိုယ်တိုင်နှင့် သူနှင့်နီးစပ်သော မိသားစုအသိုင်းအဝိုင်းမှ တိုက်ရိုက်ပြောကြားခဲ့ခြင်း မရှိသေးပေ။ သို့သော် ဘေဂျင်းရှိအယ်လ်ဂျာဇီယာသတင်းထောက် အန်ဒရူးသောမတ်မှ အိုင်ဝေဝေထံသို့သွားရောက်ကာ သတင်းဦးရယူခဲ့ခြင်းဖြစ်သည်။
“သူလွတ်မြောက်လာပြီဆိုတာကို သူကိုယ်တိုင်အတည်ပြုပြောကြားခဲ့ပါတယ်။ သူအခုအိမ်မှာရှိနေပါတယ်။” ဟု သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
“ဘာမှပြောမပြနိုင်သေးပါဘူးဆိုတဲ့ စကားကလွဲလို့ ကျွန်တော်ဘာမှမပြောနိုင်ပါဘူး။” ဟု အိုင်ဝေဝေက ဆိုသည်။
အထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ကိုယ်အလေးချိန်ကျဆင်းသွားကြောင်း သတင်းထောက်ကဆိုသည်။
အိုင်ဝေဝေလွတ်မြောက်လာမှုနှင့်ပတ်သက်၍ ဗြိတိသျှအခြေစိုက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ကက်သရင်းဘာဘာက “အိုင်ဝေဝေကို တရုတ်အစိုးရက တစ်စုံတစ်ရာချုပ်ခြယ်ကန့်သတ်ချက်များဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်နိုင်ကြောင်း” မှတ်ချက်ပေးပြောကြားသည်။
“အစောပိုင်းက လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုလည်း တစ်စုံတစ်ရာ ချုပ်ခြယ်ထားပါသေးတယ်။ ဥပမာ တရားမဝင်နေအိမ်အကျယ်ချုပ်နဲ့ ထားတာမျိုး။” ဟု သူမကဆိုသည်။
“အိုင်ဝေဝေရဲ့လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ထိန်းချုပ်ကန့်သတ်ထားတာမှန်သမျှ မလုပ်ဖို့ အစိုးရကို တောင်းဆို ချင်ပါတယ်။”
အစိုးရ ဆင်ဟွာသတင်းဌာနက အိုင်ဝေဝေ၏ ကျန်းမာရေးအခြေအနေမကောင်းသောကြောင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ် ကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့သည်။ ဆက်လက်၍ သတင်းဌာနက အိုင်ဝေဝေသည် သူ့၏အခွန်ရှောင်လွှဲမှု ပြစ်မှုများကို ကောင်းစွာဝန်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် အိုင်ဝေဝေကို ဖမ်းဆီးထားမှုကြောင့် နိုင်ငံတကာအလယ်သိက္ခာကျဆင်းမှုများနှင့် ဖိအားများအပြင် သူ့ကိုထောက်ခံသူ များက အိုင်ဝေဝေလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများပြုလုပ်လျက်ရှိရာ နိုင်ငံရေးရည်ရွယ်ချက်များရှိနေသောကြောင့် ယင်းအဖြစ်များရပ်တန့်သွားစေရန် အစိုးရက လွှတ်ပေးခဲ့ခြင်းသာဖြစ်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက်ကပြောသည်။
မည်သည့်ပြစ်မှုများကြောင့် အိုင်ဝေဝေကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရက တရားဝင်ပြောကြားခဲ့ခြင်းမျိုးမရှိခဲ့ပေ။
အိုင်ဝေဝေ၏ မိသားစုနှင့် ထောက်ခံသူများက အိုင်ဝေဝေသည် အခွန်ရှောင်ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်းငြင်းဆိုပြောကြား ပြီး အိုင်ဝေဝေ၏ အနုပညာလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီမှာလည်း သူ့အပိုင်မဟုတ်ပဲ ၊ မိမိအပိုင်ကုမ္ပဏီသာ ဖြစ်ကြောင်း သူ့ဇနီး လျူကင်းကပြောသည်။
အိုင်ဝေဝေသည် နိုင်ငံတကာတွင်ထင်ရှားသော ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အစိုးရနှင့် ပြဿနာမဖြစ်မီက ဘေဂျင်း ငှက်သိုက်အိုလံပစ်အားကစားရုံကို သူဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ ပြောင်မြောက်သော အနုပညာဒီဇိုင်းလက်ရာများနှင့် အစိုးရကို ရဲရဲဝံ့ဝံ့အံတုရဲသော သူ၏စိတ်ဓါတ်တို့ကြောင့် လွန်ခဲ့သောနှစ်များအတွင်းအိုင်ဝေဝေ၏ နာမည်ကျော်ကြားလာခဲ့သည်။
အာရပ်ကမ္ဘာနှင့် မြောက်အာဖရိကတွင် လူထုအုံကြွမှုများဖြစ်ပွားလာသောအခါ တရုတ်တွင်လည်း အတိုက်အခံများက အုံကြွရန် လှုံ့ဆော်မှုများပေါ်ပေါက်ခဲ့ရာ တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့ချိန်တွင် ဘေဂျင်းလေဆိပ်၌ အိုင်ဝေဝေကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်စပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အာရပ်အုံကြွမှုအပေါ် တရုတ်အစိုးရက အတော်လေးသတိထားခဲ့ကြပါတယ်။” ဟု သတင်းထောက်က ဝေဖန်သုံးသပ်ပြောကြားခဲ့သည်။
“တရုတ်မှာလည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အုံကြွမှုဖြစ်မှာကို အစိုးရက ပူပန်ပါတယ်။ ဒီနှစ်ထဲမှာလည်း ပုံစံမျိုးစုံနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို အစိုးရက ဖိနှိပ်ခဲ့ပါတယ်။”
အဆိုပါဖိနှိပ်မှုများအတွင်း ရှေ့နေများ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာတတ်လူတန်းစားများ အများအပြားကို ဖမ်းဆီးခဲ့ပြီး အချို့ကိုလည်း မေးမြန်းစစ်ဆေးရန်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
Source: Al Jazeera
0 comments:
Post a Comment