ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သော အဓမ္မကျင့်မှုများကို စုံစမ်းရန် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု ကုလသမဂ္ဂကပြောကြားသည်။
ဇွန်လ ၁၀ ရက်နေ့နှင့် ၁၂ ရက်ကြားဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း ဆဒ်ကူဗီပြည်နယ် နီယာကီလီရွာရှိ လူပေါင်း ၁၀၀ ခန့် ရိုက်နှက်ခံရခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံခဲ့ရခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြည်သစ်အထောက်အပံ့ဖြင့် တည်ထောင်ထားသာ နယ်စည်းမခြား ဆေးဝါးအကူအညီပေးရေး အဖွဲ့ (MSF) က ပြောကြားခဲ့သည်။
“ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ စုပေါင်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ကျွန်မတို့ဖွဲ့ထားပါတယ်။ အဲဒီနေရာကိုသွားပြီး အဓမ္မပြုကျင့်မှုတွေကို စုံစမ်းမှာပါ။” ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာရှမ်ဒါဆာနီက AFP သတင်းဌာနသို့ ပြောပြခဲ့သည်။
“အဓမ္မပြုကျင့်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေကျွန်မတို့သိရပါတယ်။ ဒါပေမယ့် လူသိရှင်ကြား မထုတ်ပြန်သေးခင် အဲဒီနေရာတွေကို ကိုယ်တိုင်သွားရောက်ပြီးတော့ အတည်ပြုချက်တွေ ယူရပါမယ်။”
“အဓမ္မပြုကျင့်ခြင်းခံခဲ့ရပြီး နောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေခံစားနေရတဲ့ အမျိုးသမီး ၁၀၀ ကျော်ကို ကျွန်မတို့ ပြုစုစောင့်ရှောက်ပေးနေပါတယ်။” ဟု MSF ၏ ဒတ်ခ်ျဌာနခွဲမှ ဦးဆောင်သူ မီဂန်ဟန်တာက ပြောသည်။ အဆိုပါ မတရားကျင့်မှုများကို မည်သူများက ကျူးလွန်ကြောင်းကိုမှု သူမကပာဆိုခြင်းမရှိပေ။ သို့သော် MSFသည် ကွန်ဂိုကျန်းမာရေး တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ကာ သတင်းအချက်အလက်များ ပိုမိုစုဆောင်းရရှိနိုင်ရန် ဆောင်ရွက်နေကြောင်းဆိုသည်။
ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂျင်းမာရီးငိုမာက ယခင် မိုင်မိုင်တိုင်းရင်းသား စစ်သွေးကြွ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကာနယ်နိုင်ရာဂိုင်းရ် ကီဖာရုဦးဆောင်သော ကွန်ဂိုစစ်တပ်မှ စစ်သားများအပေါ် အပြစ်တင် ပြောကြားခဲ့သည်။ အမျိုးသမီး ၆၀ ကျော် အဓမ္မပြုကျင့်မှု ခံခဲ့ရကြောင်း ငိုမာကပြောကြားခဲ့သည်။
ယခင် ကွန်ဂိုစစ်တပ်မှ စစ်ပြေးသူပုန်တပ်သား ၂၀၀ ခန့်ရှိသောအုပ်စုက ကျူးလွန်ခဲ့ကြကြောင်း ကုလအစီအစဉ်အဖြင့် ထုတ်လွှင့် နေသော အိုကာပီရေဒီယိုက ကြေငြာခဲ့သည်။
သဘာဝသံယံဇာတ ကြွယ်ဝသော အရှေ့ဘက်ကွန်ဂိုတွင် စစ်တပ်၊ ပြည်သူ့စစ်နှင့် သူပုန်အုပ်စုများ ရှိနေခြင်းကြောင့် အကြမ်းဖက် မှုများ၊ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားနေလျက်ရှိသည်။
ဆဒ်ကီဗူပြည်နယ်ရှိ ကွန်ဂိုစစ်တပ် (FARDC) မှကာနယ် ဗီယင်နေခါဇာရာမန်က အဓမ္မပြုကျင့်မှုများတွင် ကာနယ်ကီဖာရူပါဝင် သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်းဆိုသည်။
“ဒါမမှန်ပါဘူး။ သူဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါဘူး။ အဲဒီနယ်မြေမှာရှိနေတဲ့ မိုင်မိုင်စစ်သွေးကြွတွေနဲ့ ရဝမ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်စစ်တပ် (FDLR) ကစစ်သားတွေလည်းရှိပါတယ်။”
သူ့စစ်သားများကို ကွန်ဂိုစစ်တပ်တွင် အမြဲတမ်းတပ်ဖွဲ့ဝင်များအဖြစ် အသိအမှတ်ပြုပြီး စားရေးရိက္ခာ ထောက်ပံ့မှုကိုလိုချင်သောကြာင့် တောခိုခဲ့ခြင်းသာဖြစ်ကြောင်း ခါဇာရာမန်က ဆိုသည်။ ဆဒ်ကီဗူနှင့် နော့ဒ်ကီဗူးတွင် ဒေသခံလက်နက်ကိုင် တပ်ဖွဲ့များကို အစိုးရတပ်တွင် နေရာများပေးပြီး ကွန်ဂိုစစ်တပ်က စစ်ရေးသင်တန်းများ ပေးခဲ့သည်။ ယင်းလုပ်ငန်းစဉ်များကို ၁၉၉၈ နှင့် ၂၀၀၃ ခုနှစ် စစ်ပွဲများ အပြီးတွင် စတင် အကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်ပြီး တပ်သစ်များကို လေ့ကျင့်ပေးမှုများနှင့် စည်းကမ်းထိန်းသိမ်းမှုများ လျော့ရဲခဲ့သည်။
အာဖရိက အလယ်ပိုင်းတကြောတွင် မုဒိန်းမှုများ အလွန်အမင်း ဖြစ်ပွားလျက်ရှိသည်။ မေလအတွင်းက ထုတ်ပြန်ခဲ့သော လေ့လာမှု စစ်တမ်းအရ နေ့စဉ် မုဒိန်းမှု ၁၀၀၀ ကျော် ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
အမေရိကန် ဂျာနယ်တစ်စောင်ဖြစ်သော ပြည်သူ့ကျန်းမာရေး စာစောင်တွင် လေ့လာဖေါ်ပြထားချက်အရ ၂၀၀၆ နှင့် ၂၀၀၇ တစ်နှစ် တာအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း အမျိုးသမီး ၄၀၀,၀၀၀ ကျော် မုဒိန်းကျင့်ခံရကြောင်းသိရသည်။
Source: Al Jazeera
0 comments:
Post a Comment