လစ်ဗျားမြို့တော် ထရီပိုလီတွင်နေတိုးဗုံးကြဲတိုက်ခိုက်မှုများ၌ အရပ်သားများသေဆုံးမှုရှိကြောင်း နေတိုးအဖွဲ့က ဝန်ခံပြောကြား ခဲ့သည်။ တနင်္ဂနွေနေ့မနက်ပိုင်းက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုံးကျည်တစ်ခုမှာ ပစ်မှတ်ကိုလွဲချော်ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မဟာမိတ်နေတိုးအဖွဲ့က ထုတ်ပြန်သောကြေငြာချက်တစ်စောင်တွင်ဖေါ်ပြခဲ့သည်။
နေတိုး ပြောရေးဆိုခွင့်ရှိသူ အိုအာနာလန်ဂတ်စ်ကျူက အရပ်သားများသေဆုံးမှုအတွက် ဝမ်းနည်းကြေကွဲမိပါကြောင်း အယ်လ်ဂျာဇီယာသို့ပြောကြားခဲ့သည်။
“ထရီပိုလီမြောက်ဘက် ပစ်မှတ်တစ်ခုကိုချိန်ရွယ်တိုက်ခိုက်ခဲ့ရာမှာ ဒုံးကျည်တစ်ခုက ချွတ်ယွင်းပြီးတော့ အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။” ဟုသူက ပြောသည်။
တိုက်ခိုက်မှုတွင် အရပ်သားများအများအပြားသေဆုံးခဲ့ရကြောင်း လစ်ဗျားတာဝန်ရှိသူများက အစောပိုင်းကပြောဆိုခဲ့သည်။
မြို့တော်အနီး အာရာဒါရှိ လူနေရပ်ကွက်အတွင်းအဆောက်အဦအပျက်အစီးများကြားမှ အရပ်သားအလောင်းများဆွဲထုတ်နေပုံ ကို လစ်ဗျားတာဝန်ရှိသူများက သတင်းထောက်များကို ခေါ်ယူပြသခဲ့သည်။
“အရပ်သားတွေကို တမင်ရည်ရွယ်တိုက်ခိုက်တာပါ။” ဟု လစ်ဗျားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခါလက်ခိမ်းက ပြောကြားခဲ့သည်။ “အနောက်နိုင်ငံတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပြလိုက်တာပါ။”
အပျက်အစီးများနှင့် ကွန်ကရစ်အပိုင်းအစများပြန့်ကျဲနေပြီး ဒေသခံများက အပျက်အစီးများကို လာရောက်ရှင်းလင်းနေကြသည်။
ဆေးရုံတစ်ခုအတွင်း၌မူ တိုက်ခိုက်မှုအတွင်းသေဆုံးသွားသောကလေးငယ်တစ်ဦးအပါအဝင် အလောင်းသုံးလောင်းကို တာဝန်ရှိ သူများက သတင်းထောက်များကို ပြသခဲ့သည်။ အလောင်းတစ်လောင်းမှာ အမှိုက်သရိုက်များ၊ အမှုန်အမွားများလိမ်းကျံလျက်ရှိ သည်။ ဒဏ်ရာရရှိခဲ့သော ကလေးတစ်ဦးကိုလည်း ပြသခဲ့သည်။
“ကြောက်မက်ထိတ်လန့်ဖွယ် သတ်ဖြတ်မှုတွေကို ထရီပိုလီမှာ နေတိုးက လုပ်နေတာပါ။” အစိုးရတာဝန်ရှိသူတစ်ဦးက ဆေးရုံတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုံးကျည်ထိမှန်ခဲ့သောအဆောက်အဦအတွင်း မိသားစုငါးဦးနေထိုင်လျက်ရှိကြောင်း သူကပြောသည်။ မတ်လမှစ၍ နေတိုးတိုက်ခိုက်မှုများအတွင်း အရပ်သား ၈၅၆ ဦးသေဆုံးခဲ့ကြောင်း လစ်ဗျားကျန်းမာရေးဝန်ကြီးက ထုတ်ပြန် ကြေငြာခဲ့သည်။ အထက်ပါအချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အစိုးရမှယခင်ကထုတ်ပြန်သော သေဆုံးမှုစာရင်းများမှာ ချဲ့ကားခြင်းများရှိခဲ့သည်။
လစ်ဗျားခေါင်းဆောင်ကဒါဖီကို ရာထူးမှထွက်သွားရန် ပြည်တွင်းစစ်ဆင်နွှဲနေသော အတိုက်အခံများဘက်မှ ဖိအားပေး တိုက်ခိုက်နေသော နေတိုးအဖွဲ့များက အရပ်သားများကိုကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့်တိုက်ခိုက်နေပြီး အရပ်သား များကို ရည်ရွယ်တိုက်ခိုက်နေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
Source: Al Jazeera
0 comments:
Post a Comment