မက္ကဆီကိုနိုင်ငံတွင် နာမည်အကြီးဆုံးမူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုရဲက ပြောသည်။
မက္ကဆီကိုစကားဖြင့် “မျောက်ကြီး” ဟုနည်မည်ပြောင်ပိုင်ဆိုင်သူ “မိသားစု” အမည်ရှိမူးယစ်ဂိုဏ်းခေါင်းဆောင် ဟိုဆေးဒီယေရှုမန်ဒက်ဇ်ကို ပြည်နယ်ရဲများက မက္ကဆီကိုအလယ်ပိုင်း အဝေးပြေးလမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။ အင်္ဂါနေ့က ဖမ်းဆီးမှုတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းမရှိကြောင်း အစိုးရက ပြောသည်။
ယခုမူးယစ်ခေါင်းဆောင်ကို ဖမ်းဆီးရမိခြင်းမှာ သွေးထွက်သံယိုမရှိဘဲ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး အလွန်ရှားရှားပါးပါး အဖြစ်မျိုးဖြစ်သည်။ “မိသားစု” မူးယစ်ဂိုဏ်းသည် ရန်သူတော်များကို ခေါင်းဖြတ်သတ်ရာတွင် နာမည်ကြီးသော ဂိုဏ်းဖြစ်ပြီး ဂိုဏ်းခေါင်းဆောင် ကိုဖမ်းဆီးရမိခြင်းသည် ဂိုဏ်းပျက်သုဉ်းသွားခြင်းဖြစ်ပြီး အောင်မြင်မှုကြီးတစ်ခုဖြစ်ကြောင်း မူးယစ်ဂိုဏ်းများကို နှိမ်နင်းသွားမည်ဟု ကြုံးဝါးထားသည့် သမ္မတဖိလစ်ပီကယ်ဒီရွန်၏ အမျိုးသားလုံခြုံရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
မန်ဒက်ဇ်ကို စစ်ဆေးရန်မက္ကဆီကိုသို့ လေယာဉ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
လွန်ခဲ့သောဒီဇင်ဘာလက မိသားစုဂိုဏ်း၏ ထိပ်တန်းခေါင်းဆာင် နာဇာရီရိုမိုရန်နိုကိုဖမ်းဆီးခဲ့သည်။ သူ့ကိုအမိုက်မဲဆုံး၊ အဆိုးသွမ်းဆုံး ဂိုဏ်းခေါင်းဆောင်အဖြစ် လူသိများပြီး သူ့ကိုဖမ်းဆီးစဉ်က မိသားစုဂိုဏ်း၏ အခြေစိုက်ရာ ဒေသဖြစ်သော မက္ကဆီကို အနောက်ဘက် မီခိုအာကန်ပြည်နယ်တွင် စစ်တပ်ဖြင့် အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ရကာ အပျက်အစီးများ၊ မီးလောင်နေသောကားများဖြင့် စစ်မြေပြင်သဖွယ်ဖြစ်ခဲ့ရသည်။
အစိုးရက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော်လည်း မိသားစုဂိုဏ်းဝင် အရေးကြီးခေါင်းဆောင်များ လွတ်မြောက်နေဆဲဖြစ်သည်။ မိုရန်နိုသေဆုံးပြီးနောက် အဖွဲ့ငယ်များလည်း ကွဲပြားသွားခဲ့သည်။
နောက်ထပ်ဂိုဏ်းအသစ်ဖြစ်သော “သူရဲကောင်းများ” မူးယစ်ဂိုဏ်းကလည်း ပြိုင်ဘက်အဖွဲ့များကို ခြိမ်းခြောက်ပြသည့်အနေဖြင့် မီခိုအာကန်ပြည်နယ်တွင် လူ ၂၃ ယောက်ကို လွန်ခဲ့သောအပတ်က သတ်ဖြတ်ခဲ့သည်။
မက္ကဆီကို အနောက်ဘက်တစ်ခွင်တွင် အကျိုးအမြတ် အလွန်ကြီးသော စိတ်ကြွဆေးနှင့် ဆေးခြောက်ရောင်းဝယ်ရေးတွင် ပစ်ခတ်မှုများဖြစ်ပွားနေခြင်းကြောင့် စိုးရိမ်ထိတ်လန့်မှုများ တိုးပွားလျက်ရှိသည်။ ဇီတာမူးယစ်ဆေးဂိုဏ်းက မိသားစုဂိုဏ်း လှုပ်ရှားရာနေရာများတွင် ဝင်ရောက်လှုပ်ရှားနေမှုကြောင့် အကြမ်းဖက်မှုများပိုမိုတိုးပွားလာမည်ကို ဒေသခံများကြောက်ရွံ့လျက်ရှိ သည်။
“မူးယစ်ခေါင်းဆောင်တစ်ဦးကို ထပ်မိလိုက်ပြန်ပြီလို့ အစိုးရက ဝမ်းသာအားရ ပြောနေပေမယ့် သတ်ဖြတ်မှုတွေကတော့ ရပ်တန့်မသွားသေးပါဘူး။” အစိုးရက ဖမ်းဆီးရမိမှုကို ကြေငြာပြီးနောက် ဒေသတွင်းရေဒီယိုတစ်ခုက ဒေသခံတစ်ဦးနှင့် အင်တာဗျူးအတွင်း ပြောကြားခဲ့သည်။
၂၀၀၆ ခုနှစ် သမ္မတရာထူးကို စတင်ယူစဉ်က သမ္မတကယ်ဒီရွန်က စစ်တပ်ကိုသုံး၍ မူးယစ်ဂိုဏ်းများကို အပြင်းအထန် နှိမ်နင်းခဲ့ သည်။ သို့သော် ယခုအခါ နိုင်ငံတစ်ဝှမ်း မူးယစ်အကြမ်းဖက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ခန့်သေဆုံးခဲ့ရပြီး စိုးရိမ်ဖွယ်အခြေ အနေကို ရင်ဆိုင်နေရသည်။
မန်ဒက်ဇ်၏ဦးခေါင်းကို မက္ကဆီကိုအစိုးရက ဆုငွေ ၂ သန်းထုတ်ထားပြီး အမေရိကန်ကလည်း အလိုရှိနေသည်။ မိသားစုဂိုဏ်းကို မိုရန်နိုသေဆုံးပြီးနောက်ပိုင်း ဆာဗန်ဒိုဂိုမက်ဇ်ဆိုသူနှင့်အတူ မန်ဒက်ဇ်က ဦးဆောင်လုပ်ကိုင်ခဲ့သည်။
အမေရိကန်နှင့် မက္ကဆီကိုမူးယစ်နှိမ်နင်းရေး တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဂိုမက်ဇ် လွတ်မြောက်လျက်ရှိပြီး မီခိုအာကန် ပြည်နယ်အပြင်ဘက်တွင် စိတ်ကြွဆေးအရောင်းအဝယ် လုပ်ကိုင်လျက်ရှိကြောင်းဆိုသည်။
ဂိုမက်ဇ်သည် လွန်ခဲ့သောနှစ်က မီခိုအာကန်ပြည်နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ဆရာအဖြစ် အစိုးရလခစားလုပ်ခဲ့ကြာင်း မက္ကဆီကို သတင်းဌာနတစ်ခုက ဆိုသည်။
၁၉၈၀ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သော မိသားစုဂိုဏ်းသည် မိမိတို့နိုင်ငံ လူ့အဖွဲ့အစည်းကို ပျက်စီးစေမည့် ရေခဲခေါ် မက်တမ်ဖီတာမိုင်း စိတ်ကြွဆေးများကို နိုင်ငံတွင်းမရောင်းချဘဲ အမေရိကန်သို့သာ တင်ပို့ရောင်းချရန် သံဓိဋ္ဌာန်ချထားခဲ့သည် ဆို၏။ မိသားစုဂိုဏ်းတွင် အခြားဂိုဏ်းများနှင့် မတူသော အချက်များမှာ သမ္မာကျမ်းစာလာ အဆုံးအမများကိုသင်ကြားခြင်း၊ ကြီးပွားရေး လမ်းညွှန်အဆုံးအမများကို သင်ကြားခြင်းနှင့် မူးယစ်ဆေး အလွဲသုံးခြင်း၊ အခြားဂိုဏ်းများမှ ပြိုင်ဘက်များကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခြင်းများကို တားမြစ်သည်။
Source: Al Jazeera
0 comments:
Post a Comment