![]() |
ဆူနာမီဒဏ်ခံ ဖူကူရှီးမား နျူကလီးယား စက်ရုံ |
ဂျပန်ဗီဇာ အမှတ်ပေးစံနစ်
ဂျပန်နိုင်ငံသို့လာရောက် နေထိုင်လိုသော ကျွမ်းကျင်သူနိုင်ငံခြားသားများအတွက် ဗီဇာအခက်အခဲများ လျှော့ချပေးပြီး ဦးစားပေး အစီအစဉ်တစ်ရပ်ကို ယခုနှစ်ကုန်တွင် အမှတ်ပေးစံနစ်ကို အသုံးပြု၍ စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း အစိုးရမှပြောကြား လိုက်သည်။
ပညာရေးအခြေအနေ၊ လုပ်ငန်းအတွေ့အကြုံကျွမ်းကျင်မှု နှင့် နှစ်စဉ်ဝင်ငွေတို့အပေါ်မူတည်၍ နိုင်ငံခြားသားများအပေါ် အမှတ်ပေးစံနစ်ကျင့်သုံးသွားမည်ဖြစ်သည်။ အခြားသောအာရှနိုင်ငံများတွင်လည်း ကျွမ်းကျင်ပညာရှင်များလိုအပ်ချက်မြင့်မား နေချိန်တွင် အဆိုပါစံနစ်ကို ကျင့်သုံးရန် အစိုးရကို စီးပွားရေးလုပ်ငန်းရှင်များက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နယ်ပယ်အသီးသီးအလိုက် ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာနှင့် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် အမှတ်ပေးစံနစ်ကို တရားရေးဝန်ကြီးဌာန ဥပဒေမှုကြမ်းတွင်ရေးဆွဲထားသည်။ အမှတ် ၁၀၀ သတ်မှတ်ထားရာတွင် နှစ်စဉ်သုံးသပ်ချက်များပြုပြီး အမှတ်တိုးမြှင့်ပေးရေးအစီအစီတစ်ရပ်ဖြစ်ဖွယ်ရှိလေသည်။
ဥပမာ ။ ။ စီးပွားစီမံပညာရှင်ဟူသော ခေါင်းစဉ်အောက်တွင် လူပုဂ္ဂိုလ်၏ ပညာရေးအခြေအနေပေါ်မူတည်ပြီး ၃၅ အထိ၊ အလုပ်အကိုင်ပေါ်မူတည်၍ ၁၅ မှတ်အထိ၊ နှစ်စဉ်ဝင်ငွေအပေါ်မူတည်၍ ၃၅ မှတ်အထိ၊ လက်ရှိအခြေအနေ (သို့) လက်ရှိလုပ် ငန်းအပေါ်မူတည်၍ ၁၅ မှတ်အထိပေးရန်သတ်မှတ်ထားသည်။
ဂျပန်စကားတတ်ကျွမ်းမှုနှင့် ယခင်အလုပ်များအပေါ်မှုတည်၍ အပိုဆောင်းအမှတ်များပေးရန်လည်းစီစဉ်ထားပြီး ၇၀ ကိုအောင်မှတ်အဖြစ်သတ်မှတ်ထားသည်။ လက်ရှိနေထိုင်နေသော နိုင်ငံခြားသားများက စံနစ်ကိုပြောင်းလဲပေးရန်တောင်းဆို လာလျှင်လည်း အစိုးရက လက်ခံစဉ်းစားပေးမည်ဖြစ်သည်။
အပြောင်းအလဲများအတွက် ဆွေးနွေးနိုင်သည့်အချက်များမှာ …
- ဂျပန်တွင် အမြဲနေထိုင်ခွင့်ရရန် ၁၀ နှစ်ဆက်တိုက်နေထိုင်လာသူဖြစ်ရမည်ဟူသော လက်ရှိဥပဒေကို သုံးနှစ်မှ ငါးနှစ် အထိသို့ လျှော့ချပေးရန်
- သုံးနှစ်သက်တမ်း ဗီဇာကိုင်ဆောင်ထားသူများကို ငါးနှစ်အထိသက်တမ်းတိုးခွင့်ပေးရန်
- မိမိတို့၏ အထောက်အပံ့စားဖြစ်သော မိဘများနှင့် အိမ်ဖေါ်စသည့် အလုပ်သမားများကိုပါ နေထိုင်ခွင့်ပြုရန်
- မှီခိုသူအိမ်ထောင်ဘက်အတွက် တစ်ပတ်လျှင် ၂၈ နာရီအလုပ်လုပ်ရမည်ဟူသော အချက်ကို ပယ်ဖျက်ပေးရန် စသည်တို့ဖြစ်သည်။
နျူကလီးယား ဆန့်ကျင်သူ ၇၄% ရှိ
ဖူကူရှီးမားနျူကလီးယားပြဿနာပေါ်ပေါက်ပြီးနောက် သတင်းစာတစ်စောင်က ပြုလုပ်သော စစ်တမ်းတစ်ခုတွင် နျူကလီးယား စွမ်းအင်ကို အသုံးမပြုသင့်ကြောင်း စစ်တမ်းဖြေဆိုသူ လေးပုံသုံးပုံက ဆိုသည်။
အဆာဟိရှင်ဘန်းနေ့စဉ်သတင်းစာက ကောက်ယူသော စစ်တမ်းက ၁၄ ရာခိုင်နှုန်းကသာ နျူကလီးယားစွမ်းအင်လျှော့ချရေးကို ကန့်ကွက်သည်။
၆၄% က သဘာဝအရင်းအမြစ်ဖြစ်သော လေနှင့် နေစွမ်းအင်များကို နျူကလီးယားစွမ်းအင်နေရာတွင်အစားထိုးရန် ဆန္ဒပြုကြ ပြီး ၂၄%က ကန့်ကွက်သည်။ ဖူကူရှီးမားနျူကလီးယားစွမ်းအင်စက်ရုံသည် မတ်လ ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး နျူကလီးယားစိမ့်ယိုမှုဖြစ်ခဲ့ရသည်။
၁၉၈၆ ခုနှစ်က အဆိုးဝါးဆုံးဖြစ်သော ချာနိုဘိုင်းနျူကလီးယားစိမ့်ယိုမှုတွင် စက်ရုံဝန်းကျင် ၁၂ မိုင်ပတ်လည်ရှိ လုပ်ငန်းများ၊ လယ်ယာများ၊ အိုးအိမ်များအပါအဝင် လူပေါင်း သောင်းနှင့်ချီ၍ ရွှေ့ပြောင်းခဲ့ရသည်။
ဝန်ကြီးချုပ်နာအိုတိုခန်းက နောင်ဆက်လက်တည်ဆောက်ရန်ရှိသည့် ဓါတ်ပေါင်းဖိုများအပါအဝင် နျူကလီးယားမူဝါဒများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ခန့်တွင် အလိုအလျောက်ပြန်လည်ပြည့်ဝသော သဘာဝစွမ်းအင်ကို ၂၀% ခန့် အသုံးချနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆာဟိသတင်းစာက စနေ၊ တနင်္ဂနွေတွင် တယ်လီဖုန်းဖြင့် လူပေါင်း ၃,၃၉၄ ဦးကိုစစ်တမ်းကောက်ယူရာ အရည်အချင်းပြည့်မီ ဖြေဆိုသူ ၅၈% ရရှိခဲ့သည်။
Saource: Japanese Asahi Shinban Daily
0 comments:
Post a Comment