Tuesday, June 7, 2011

ဘန်ကီမွန် ဒုတိယသက်တမ်းအတွက် အလုပ်များ

ကုလသမဂ္ဂတွင်မိန့်ခွန်းပြောနေသော ဘန်ကီမွန်
ကိုရီးယားကြီး ဘန်ကီမွန်းက သူ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဒုတိယသက်တမ်းအတွက် အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံပေး ကြဖို့ တရားဝင်ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
“ပထမသက်တမ်းကုန်ဆုံးခါနီးပြီဖြစ်တဲ့အတွက် ဒုတိယသက်တမ်းအတွက် ထပ်မံရွေးချယ်ခံရဖို့အတွက် ကုလအဖွဲ့ဝင်နိုင်ငံများထံမှာ ကျွန်တော်နာမည်ကို အဆိုတင်သွင်းထားပါတယ်။” ဘန်ကြီးက ယခုလကောင်စီဥက္ကဋ္ဌဖြစ်သူ ဂက်ဗွန်ဆိုင်ရာ ကုလသံအမတ် နယ်လ်ဆင်မက်ဆုန်းထံစာရေးခဲ့ကြောင်း တနင်္လာနေ့ကပြောခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံမှာ အလားတူတောင်းဆိုမှုမျိုး တစ်ခုတင်သွင်းထားသေးတယ်လို့လည်း သတင်းထောက်တွေကို သူက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အခြားအရေးပါတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ ကတော့ ထောက်ခံမှုပေးထားတယ်လို့ သံတမန်ရပ်ကွက်ကပြောပါတယ်။

ယခုနှစ်ဒီဇင်ဘာ ၁ ရက်မှာ သူ့ပထမသက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်သက်တမ်းအတွက် အခုထိတော့ ယှဉ်ပြိုင်မယ့်သူမရှိ သေးပါဘူး။ တရားဝင်အားဖြင့်ဆိုရင် ကုလအထွေထွေအတွင်းရေးမှူးတွေကို လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့ အထွေထွေညီလာခံကြီးမှာ ရွေးကောက်တင်မြှောက်ရတာဖြစ်ပါတယ်။

ဒါပေမယ့် အခုဖြစ်နေတာက ဗီတိုအာဏာကိုင်ထားတဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှ၊ အမေရိကန် နိုင်ငံကြီးငါးနိုင်ငံကပဲ သူတို့ အလိုကျရွေးချယ်တင်မြှောက်နေကြတာပါ။

လွန်ခဲ့တဲ့ လအနည်းငယ်က အဲဒီဗီတိုအာဏာပိုင် နိုင်ငံကြီးငါးနိုင်ငံက ခေါင်းဆောင်တွေနဲ့ ဘန်ကြီးက လိုက်လံတွေ့ဆုံခဲ့ပြီး အတော်များများကတော့ သူ့ကို ထောက်ခံကြပါတယ်။ တကယ်လို့ ဘန်ကီမွန်း ပြန်အရွေးခံရမယ်ဆိုရင် ဇွန်လအကုန်လောက်မှာ ပြန်လည်ရွေးကောက်တင်မြှောက်ရေးကိစ္စတွေပြီးသွားလိမ့်မယ်လို့ ကုလသံတမန်တွေကပြောပါတယ်။

မက်ဆုန်းဆီကိုရေးတဲ့ စာထဲမှာ သူနဲ့ ၁၅ နိုင်ငံပါတဲ့ ကောင်စီအဖွဲ့ဝင်တွေဟာ “ဆိုမာလီယာကနေ ဆူဒန်အထိ၊ အိုင်ဗရီကို့စ် ကနေ အာဖဂန်အထိ၊ အီရတ်ကနေ အရှေ့အလယ်ပိုင်းအထိ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အရေးကြီး တယ်ဆိုတဲ့ အယူအဆအပေါ်မှာ သဘောထားတိုက်ဆိုင်မှုရှိကြတယ်။” လို့ထည့်သွင်းရေးသားထားတယ်။
“ကျွန်တော်တို့ အတူလက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ ကိစ္စတွေအပေါ်ဂုဏ်ယူမိသလို ရှေ့ဆက်လုပ်ဆောင်ချင်တဲ့ ဆန္ဒလည်း ကျွန်တော့်ရင်ထဲမှာ အပြည့်ပဲဗျာ ” လို့ ကိုရီးယားကြီးကပြောသေးတယ်။

ကုလဌာနချုပ်မှာ သတင်းထောက်တွေနဲ့ စကားပြောတော့ ၂၀၀၇ ခုနှစ်ကစလို့ သူတာဝန်ယူလာတဲ့ တစ်လျှောက် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အစိုးရတွေအထူးအာရုံစိုက်လာအောင် တွန်းအားပေးနိုင်ခဲ့ခြင်းက သူ့အလုပ်မှာ အအောင်မြင်ဆုံး အလုပ်တစ်ခုဖြစ်တယ်လို့ ပြောပြန်တယ်။ သူ့ရဲ့ဂရုတစိုက်ကြီးကြပ်မှုကြောင့် မြန်မာ၊ ဟေတီ၊ ပါကစ္စတန်နဲ့ အခြားနေရာတွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေပေးဖို့ ကုလသမဂ္ဂက အလျင်အမြန်ဆောင်ရွက်ခဲ့တယ် လို့ လည်းဆိုပြန်တယ်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုပြဿနာနဲ့ ရင်ဆိုင်ရစဉ်တုန်းကဆို သူနဲ့ သူ့အဖွဲ့သားတွေဟာ အဆင်းရဲဆုံးတိုင်းပြည်တွေကို ဂရုစိုက်ခဲ့တယ်လို့လည်း ပြောသေးတယ်။

ပြင်သစ်ကတော့ ဘန်ကြီးရဲ့ ဒုတိယသက်တမ်းအတွက် ထောက်ခံတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အယ်လိုင်းယပ်ပီက ကြေငြာချက်ထုတ်လိုက်တယ်။ တနင်္လာနေ့ အစောပိုင်းကတော့ ဘန်ကြီးက အာရှအုပ်စုလို့ခေါ်တဲ့ အချို့အရှေ့အလယ်ပိုင်း နိုင်ငံတွေပါဝင်တဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံပြီးသူ့ဒုတိယသက်တမ်းအတွက် ပြောဆိုဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။ အာရှအုပ်စုကလည်း ဘန်ကြီးကို ထောက်ခံကြပါတယ်လို့ ကုလဆိုင်ရာ တရုတ်သံအမတ်ဖြစ်တဲ့ လီဘာအိုဒွန်က ပြောပါတယ်။
ဘန်ကြီးက ပါးပါးနပ်နပ်ချဉ်းကပ်တတ်ပြီးတော့ အင်္ဂလိပ်စကားအားနည်းပေမယ့် ပွင့်ပွင့်လင်းလင်းဒဲ့ဒိုးပြောတတ်တဲ့ ကိုဖီအာနန်နဲ့ တော့ကွာပါတယ်။ ကိုဖီအာနန်ကြီးက ဂျော့ဒဗလျူဘုရှ်ရဲ့ ၂၀၀၃ အီရတ်စစ်ပွဲကို တရားမဝင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပဲပြောခဲ့ တယ်။

လွန်ခဲ့တဲ့ လေးနှစ်ခွဲကာလတစ်လျှောက် ဘန်ကြီး အလုပ်လုပ်ခဲ့ပုံတွေကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက သိပ်ကို ရေငုံနှုတ်ပိတ်နေခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ တရုတ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်ဘာမှ မပြောတာကိုလည်း ဝေဖန်ခံခဲ့ရတယ်။

Source: Al Jazeera




0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။