Wednesday, June 29, 2011
ကဘူးမြို့ ဟိုတယ်တစ်ခုကို တာလီဘန်တိုက်ခိုက်
အာဖဂန်နစ္စတန် ကဘူးလ်ရှိ ဟော်တယ်ကြီးတစ်ခုကို တာလီဘန်သေနတ်သများနှင့် အသေခံဗုံးခွဲသမားများညဘက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ ရာ သေနတ်သမားများနှင့် အခြားသူ ၁၀ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
“တိုက်ပွဲကတော့ ပြီးသွားပါပြီ။” အာဖဂန်ပြည်ထဲရေးဝန်ကြီး ဆဲဒစ်ဆဲဒစ်ကီက ဗုဒ္ဓဟူးနေ့ကအယ်လ်ဂျာဇီယာသို့ပြော ကြားခဲ့သည်။
“အကြမ်းဖက်သမားရှစ်ယောက်စလုံးနဲ့ အသေခံဗုံးခွဲသမားတွေသေဆုံးသွားပါတယ်။ နယ်မြေလည်းရှင်းလင်းပြီးပါပြီ။ ကျွန်တော်တို့ဖက်က အရပ်သားရှစ်ယောက်နဲ့ ရဲနှစ်ယောက်ကျဆုံးသွားပါတယ်။”
အစောပိုင်းက ကဘူးရာဇဝတ်မှုနှိမ်နင်းရေးဌာနအကြီးအကဲ မိုဟာမက်ဇဟားက သေဆုံးသူများထဲတွင် ဟိုတယ်ဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်းရိုက်တာသတင်းသို့ပြောကြားခဲ့သည်။
အင်္ဂါနေ့ညပိုင်းက တိုက်ခိုက်ခံရသော အဆိုပါဟိုတယ်မှာ Inter-Continental Hotel ဖြစ်ပြီး နေတိုးတပ်ဖွဲ့မှ ရဟတ်ယာဉ်နှစ်စင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခေါင်မိုးပေါ်ရှိ အကြမ်းဖက်သမားသုံးဦးကို သုတ်သင်ပစ်နိုင်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲမှာ ငါးနာရီကြာမြင့်ခဲ့ပြီး ဟိုတယ်တစ်ခုလုံးအမှောင်ကျနေသဖြင့် ဟိုတယ် အနောက်ဘက်ကို မီးများထိုးပေးထားရပြီး တိုက်ပွဲကြောင့်ဟိုတယ်ခေါင်မိုးပေါ်မှ မီးခိုးလုံးများထွက်လာကြောင်း ဆိုသည်။
“နောက်ထပ်သေဆုံးမှုတွေနဲ့ အန္တရာယ်တွေကျန်နိုင်သေးလို့ ရဲတွေကဟိုတယ်တွေကို တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ပြီး စစ်ဆေးနေပါတယ်။” ဟု ကဘူးလ်ရဲချုပ် အိုင်ရွတ်ဆလန်ဂီက သတင်းထောက်များကို ပြောသည်။
တာလီဘန်ပြောခွင့်ရ ဇဘီအူလာမူဂျာဟစ်က သတင်းဌာနသို့တယ်လီဖုန်းဖြင့်ဆက်သွယ်၍ မိမိတို့ လက်ချက်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။ Inter-Continental ဟိုတယ်သည် ကဘူးလ်မြို့ကုန်းမြင့်တစ်နေရာတွင်တည်ရှိပြီး မြို့ကို အပေါ်စီးမှ ကြည့်ရှုနိုင်ကာ နိုင်ငံခြားသားများနှင့် အာဖဂန်အစိုးရအရာရှိများ အကြိုက်တွေ့သောနေရာတစ်ခုဖြစ်သည်။ ယင်းဟိုတယ်သည် InterContinental Hotel အုပ်စုနှင့် ၁၉၈၀ ကတည်းက အချိတ်အဆက်မရှိတော့ပေ။
အယ်လ်ဂျာဇီယာသတင်းထောက် ဘားနဒ်စမစ်က ကဘူးလ်မှနေ၍ သတင်းပေးပို့ခဲ့ရာ ဟိုတယ်တွင်းသို့ဝင်ရောက်ရာလမ်းတွင် စစ်ဆေးရေးဂိတ် လေးခုကိုဖြတ်ရသော်လည်း ဝင်ရန်အလွန်လွယ်ကူကြောင်းဆိုသည်။
“စစ်ဆေးရေးဂိတ်တွေရှိနေပေမယ့် ဟိုတယ်ကုန်းကို သစ်ပင်အုပ်တွေဝန်းရံထားပြီးတော့ စစ်ဆေးရေးဂိတ်တွေရှိတဲ့ လမ်းမကနေမဖြတ်ဘဲ အဲဒီသစ်ပင်အုပ်တွေကနေ ဟိုတယ်ခြံစည်းရိုးကို အသာလေးကျော်တက်ပြီး ဟိုတယ်ထဲဝင်သွားရုံပါပဲ။”
နိုင်ငံခြားတပ်တွေလက်ထဲကနေ အာဖဂန်တပ်တပ်များထံ လုံခြုံရေးကိစ္စအဝဝလွှဲပြောင်းပေးအပ်ရေးအတွက် အစည်းအဝေးပွဲရှိ နေသဖြင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများဟိုတယ်တွင် တည်းခိုနေခိုက်ဖြစ်သည်။
“တမင်တိုက်ဆိုင်ပြီး လုပ်ဆောင်တာပါ။ အာဖဂန်တပ်တွေရဲ့လက်ထဲ လုံခြုံရေးတာဝန်တွေကို လွှဲပြောင်းပေးအပ်ပေးဖို့ အတွက် မနက်ဖြန်မှာကျင်းပမယ့် နှစ်ရက်ကြာ အစည်းအဝေးပွဲကို တက်ဖို့လာတဲ့ အာဖဂန်တစ်နိုင်ငံလုံးက ကိုယ်စားလှယ်တွေ ရှိနေကြပါတယ်။” ဟု စမစ်က သတင်းပေးပို့ပြောကြားခဲ့သည်။
အင်္ဂါနေ့ညက ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်အကြမ်းဖက်သမားများ ဟိုတယ်အတွင်းဝင်ရောက်လာပြီး ကပွဲခန်းမသို့သွားကြကြောင်း ဟိုတယ်ဧည့်ကြိုတစ်ဦးက ရိုက်တာသို့ပြောပြခဲ့သည်။
အကြမ်းဖက်သမားတွင် တာလီဘန်စစ်သီချင်းများဖွင့်ထားသောကက်ဆက်များသယ်ဆောင်ထားကြပြီး တွေ့သမျှလူအားလုံးကို ပစ်ခတ်သွားကြသည်။ ဧည့်သည်များသည် ဒုတိယထပ်နှင့် တတိယထပ်များမှ ခုန်ချခဲ့ကြကြောင်း အမည်မဖေါ်လိုသော ဧည့်ကြိုကဆက်လက်ပြောသည်။
သေနတ်များဖြင့်အရင်ပစ်ခတ်ပြီးမှ ဟိုတယ်တွင်းသို့ အကြမ်းဖက်သမားများဝင်ရောက်လာကြကာ ၎င်းတို့အထဲမှ တစ်ယောက်က အသေခံဖေါက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ရဲကဆိုသည်။
အာဖဂန်ရဲများက အကြမ်းဖက်သမားများကို စက်သေနတ်များအခြားလက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။
Source: Al Jazeera
0 comments:
Post a Comment