အစ္စရေးက ဂါဇာကို ပိတ်ဆို့ထားမှုအပေါ် ဖီဆန်၍ဂါဇာသို့ အကူအညီပေးရေးပစ္စည်းများတင်ဆောင်၍ ဂရိဆိပ်ကမ်းမှ ထွက်ခွါသွားသော ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ အမေရိကန် နိုင်ငံသားများ ပါဝင်သော သင်္ဘောတစ်စင်းကို ဂရိကမ်းခြေစောင့် တပ်ဖွဲ့မှ တားဆီးခဲ့၍ ပြန်လှည့်လာခဲ့ရသည်။
Audacity of Hope ဟုအမည်ရသော အဆိုပါသင်္ဘောသည် ပါလက်စတိုင်းသို့ သွားရောက်ကာ အကူအညီ ပစ္စည်းများ ပေးအပ်ရန်အတွက် ကြိုးစားလျက်ရှိသော အခြား ရာပေါင်းများစွာသော တက်ကြွလှုပ်ရှား သူများပါဝင်သည့် သင်္ဘောများထဲမှ တစ်စီးအပါ အဝင်ဖြစ်ပြီး သောကြာနေ့က ပါရာမာ ဆိပ်ကမ်းမှ ထွက်ခွါခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သင်္ဘောပေါ်တွင် လိုက်ပါသွားသော Nations မဂ္ဂဇင်းမှ သတင်းထောက် တစ်ဦးဖြစ်သူ ဂျိုးဇက်ဒါနာက အယ်လ်ဂျာဇီယာ သို့ပြောပြရာတွင် သူတို့ သင်္ဘောထွက်ခွါ သွားပြီး တစ်နာရီခန့် အကြာတွင် ဂရိကမ်းခြေ စောင့်တပ်မှ သင်္ဘောတစ်စင်းက ပြန်လှည့်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
“ကွန်မန်ဒိုတွေက ကျွန်တော်တို့သင်္ဘောကို သေနတ်တွေနဲ့ ဝိုင်းချိန်ထားပြီးတော့ တားဆီးခဲ့တာပါ။”
“အခုဆိုရင် ကျွန်တော်တို့ သင်္ဘောကို ကမ်းခြေစောင့်တပ်က ရှေ့ကဦးဆောင် ခုတ်မောင်း ခေါ်ဆောင်သွားပြီးတော့ အနောက်က နှစ်စင်း ဝန်းရံလိုက် ပါလာပါတယ်။ ကွန်မန်ဒိုတွေ သင်္ဘောပေါ်မှာတော့ ရှိနေတယ်။ ဒါပေမယ့် သေနတ်တွေနဲ့တော့ ချိန်မထားတော့ပါဘူး။” ဟု သူကပြောပြသည်။
သင်္ဘောကို ဆိပ်ကမ်းသို့ ပြန်လည် ခေါ်ဆောင်သွားခြင်း ဖြစ်သော်လည်း အနှောက်အယှက် တစုံတရာ တွေ့မည်စိုးသဖြင့် ထွက်ခွါလာသည့် ဆိပ်ကမ်းသို့ မဟုတ်ဘဲ အခြား ဆိပ်ကမ်းတစ်ခုသို့ ပြန်လည် ခေါ်ဆောင်သွားနေခြင်း ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
သို့သော် ဇွန်လ ၂၄ က အဆိုပါသင်္ဘောကို ပင်လယ်တွင်း ခုတ်မောင်းရန် မပြုသင့်ဟုသော အမည်မသိ တိုင်ကြားမှုတစ်ခုကို လက်ခံ ကြားနာခဲ့ကြောင်းနှင့် ယင်းတိုင်ကြားချက်မှာ အစ္စရေး ဥပဒေရေးရာဌာနမှ တိုင်တန်းခြင်း ဖြစ်ကြောင်း အစ္စရေး သတင်းက ဖေါ်ပြခဲ့သည်။
တယ်လ်အဗစ်မြို့ရှိ ဂရိသံရုံးက ဂရိကမ်းခြေစောင့်တပ်သည်။ အရပ်သားကာကွယ်ရေး ဥပဒေနှင့် အညီ မည်သည့် သင်္ဘောအုပ်စုမှ ဂရိဆိပ်ကမ်းများမှ ထွက်ခွာခြင်း မပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းတားမြစ် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် ကမ်းခြေစောင့်တပ်များကို အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဂရိလူထုကာကွယ် ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အရှေ့ဘက် မြေထဲပင်လယ် တလျောက် ပင်လယ်ပြင် ရေပိုင်နက်အတွင်း သင်္ဘောများလှုပ်ရှားသွားလာမှုကို လျှပ်စစ်ခြေရာခံ ကိရိယာများဖြင့် ထောက်လှမ်းလျက် ရှိကြောင်းလည်း ဝန်ကြီးဌာနက ဆိုသည်။
“အခုကျွန်တော်ကိုယ်တိုင် မြင်တွေ့သိရှိ ရတာကတော့ အစ္စရေးအစိုးရက ဂရိအစိုးရကို ဖိအားပေးပြီး ဂရိ ဆိပ်ကမ်းတွေကနေ အကူအညီပေးရေး သင်္ဘောတွေ ဘယ်သင်္ဘောမှ ထွက်ခွါလို့ မရအောင် လုပ်ထားပါတယ်။” ဟု သတင်းထောက် ဒါနာကဆိုသည်။
ဒတ်-အီတာလီ တက်ကြွလှုပ်ရှားသူများ ပါဝင်သော ဂရိကော်ဖူးကျွန်း ဆိပ်ကမ်းရှိ သင်္ဘောနှင့် ထွက်ခွါမည့် သူများသည်လည်း ဂရိ၏အဆိုပါ တားမြစ်မှုကြောင့် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စတက်ဖနို ချီအာရင် သင်္ဘောရှိ တက်ကြွလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်သူ ခါလက်တူရာနီက မိမိတို့အနေနှင့် ဒုတိယ အစီအစဉ်တစ်ခုဖြင့် လုပ်ဆောင်သင့်ကြောင် ပြောကြားခဲ့သည်။
“နောက်တစ်ခု ဘာလုပ်မလဲ ဆိုတာကို သင်္ဘောနဲ့ လိုက်ပါမယ့် သူတွေ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေး တိုင်ပင်သင့်ပါတယ်” ဟု တူရာနီက ဆိုသည်။
အချို့သော လှုပ်ရှားသူများမှာ စိတ်ပျက်ပြီး ဒေါသထွက်လျက် ရှိကြရာ အေသင်တွင် ဂရိအစိုးရကို ဆန္ဒပြကြရန် ပြောဆိုကြသည်။
တဟာရာ ဟုအမည်ရသော ကနေဒါ သင်္ဘောတစ်စင်းလည်း ဂရိအစိုးရ၏ တားမြစ်ပိတ်ပင်မှုကို ခံရကြောင်း တွစ်တာတွင် ဖေါ်ပြခဲ့ကြသည်။ ပိတ်ပင်တားမြစ် ထားမှုကို ချိုးဖေါက်သော မည်သည့် လုပ်ရပ်မဆို နှိမ်နင်းသွားမည် ဖြစ်ကြောင်း အစ္စရေးက ပြောကြားလိုက်သည်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟုက ကြာသပတေးနေ့က စစ်သင်တန်း ဆင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ရာ “အမေရိကန်နဲ့ ဥရောပ နိုင်ငံများ အပါအဝင် မိတ်ဆွေ ဂရိနိုင်ငံတို့က ခေါင်းဆောင်တွေဟာ ရေကြောင်းကနေ ချိုးဖေါက်ဝင် ရောက်မှုတွေကို တားဆီး ပိတ်ပင်ရေးမှာ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြတဲ့ အတွက် ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေကို ဒီနေရာကနေ ချီးကျူးစကား ပြောကြားလိုပါတယ်။” ဟု ပြောကြားခဲ့သည်။
နေတန်ယာဟု၏ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ်ရီဂတ်က အစ္စရေးက နောက်ကွယ်မှ နေ၍ အတားအဆီး ပြုနေသည်ဟူသော တက်ကြွလှုပ်ရှား သူများ၏ စကားကို ပြန်လည်ချေပ ပြောဆိုခဲ့ရာ နယူရော့တိုင်းမ် မဂ္ဂဇင်းက ဖေါ်ပြခဲ့သည်။
“သတင်းအချက်အလက် အမှန်ရဖို့ဆိုရင် ဒီတက်ကြွလှုပ်ရှား သူတွေဆီကနေ မရနိုင်ပါဘူး။ ဒီလူတွေဟာ အစ္စရေးကို အပြစ်တင်ဖို့ပဲ စဉ်းစားနေတာပါ။ အခြေအနေဆိုး တစ်ခုခု ဖြစ်လာတိုင်း အစ္စရေးကြောင့်လို့ပဲ ပြောနေတဲ့ လူတွေပါ။” ဟု ပြန်လည် ချေပပြောဆိုခဲ့သည်။
မနှစ်က တူရကီ အကူအညီပေးရေး သင်္ဘောတစ်စင်းကို အစ္စရေးက ဝင်ရောက်စီးနင်းခဲ့ရာတွင် ပါလက်စတိုင်းအရေး တက်ကြွလှုပ် ရှားသူ (၉)ဦး သေဆုံးခဲ့သည်။
အစ္စရေး၏ ရန်ကိုကြောက်သဖြင့် တူရကီနိုင်ငံ ကမ်းခြေမြို့ ဂိုဆက်တွင် ရောက်ရှိနေသော အိုင်းရစ်သင်္ဘော MV Saoirse ပေါ်ရှိ တက်ကြွလှုပ်ရှား သူများကမူ ထွက်ခွါရန် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ဆိုသည်။
လွန်ခဲ့သော အပတ်က ဂရိဆိပ်ကမ်း ပီရာယပ်စ်ရှိ ဆွီဒင်သင်္ဘောတစ်စင်း၏ ပန်ကာကို အစ္စရေး ထောက်လှမ်းရေးများက ဖျက်ဆီးပစ်လိုက်ကြောင်း တက်ကြွလှုပ်ရှား သူများက ပြောသည်။
Sourse: Al Jazeera
0 comments:
Post a Comment