ပါကစ္စတန်သို့ အမေရိကန်မှ နှစ်စဉ်ပေးနေကျဖြစ်သော လုံခြုံရေးစားရိတ် ဒေါ်လာ၂.၇ ဘီလီယံ၏ သုံးပုံတစ်ပုံ ပမာဏရှိသော ဒေါ်လာ သန်း ၈၀၀ကို ပးရန်ရွှေ့ဆိုင်းထားလိုက်ကြောင်း သမ္မတ အိမ်ဖြူတော် အကြီးအကဲ က အတည်ပြု ပြောကြားလိုက်သည်။
မေလ ၂ရက်နေ့တွင် အမေရိကန် ကွန်မန်ဒိုများက ပါကစ္စတန် နိုင်ငံတွင်း ဘင်လာဒင် ပုန်းအောင်းနေသော နေရာကို ဝင်ရောက်စီးနင်းပြီး ဘင်လာဒင်ကို ပစ်သတ်လိုက်သော ဖြစ်ရပ်နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး အေးခဲသွားခဲ့ပြီး တစ်ဦးကို တစ်ဦး မယုံကြည်မှုများ ကြီးထွားလာခဲ့သည်။ ပါကစ္စတန်သည် အမေရိကန်တို့အတွက် အရေးကြီးသော မဟာမိတ် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း နှစ်နိုင်ငံ စလုံးက ပရိယာယ်များဖြင့် ပေါင်းသင်း ဆက်ဆံလာခဲ့ကြခြင်း ဖြစ်သည်။
လွန်ခဲ့သောလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပါကစ္စတန် အနေနှင့် အမေရိကန်တို့ကို ထိထိရောက်ရောက် အကူအညီ မပေးနိုင်လျင် စစ်ဘက်ဆိုင်ရာ အကူအညီပေးမှုများ တဖြည်းဖြည်းချင်း လျော့ချသွားမည်ဟု ပြောကြားခဲ့သည်။
ယခုအခါယင်း ထိုပြောဆိုမှု အသက်ဝင်လာခဲ့ပြီး ပါကစ္စတန်သို့ ပေးမည့် စစ်ဘက် အသုံးစားရိတ် ဒေါ်လာသန်း ၈၀၀ ကို ပယ်ဖျက်လိုက်ကြောင်း အိမ်ဖြူတော် အကြီးအကဲ ဝီလီယမ်ဒလေးက New York Times သတင်းစာသို့ အတည်ပြု ပြောကြား လိုက်သည်။
“သူတို့ဆောင်ရွက်ချက် အချို့ကြောင့် စစ်တပ်ကို အကူအညီပေးမယ့် ဒေါ်လာသန်း ၈၀၀ ကို ကျွန်တော်တို့ မပေးတော့ပါ ဘူး။ သူတို့နဲ့ ပြေလည်အောင်တော့ ညှိနှိုင်းဖြေရှင်း သွားမှာပါ။” ဟု ဒလေးက ABC ရုပ်မြင်သံကြားနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ သည်။
“အခြေအနေမှန်ကို ပြောရရင် ကျွန်တော်တို့နဲ့ ပါကစ္စတန်ရဲ့ ဆက်ဆံရေးက အင်မတန် ရှုပ်ထွေးပါတယ်။”
“အိုစမာ ဘင်လာဒင်ကို ကျွန်တော်တို့ သတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံရေးမှာ ထိခိုက်ခံစား သွားရတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီရဲ့ ဒဏ်ရက ကျန်နေသေးတယ်။ ကျွန်တော်တို့ သမ္မတကတော့ ဒီကိစ္စမှာ ပြတ်သားပါတယ်။ ကျွန်တော်တို့လည်း နောင်တ မရပါဘူး။ ပါကစ္စတန်နဲ့ ဆက်ဆံရတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် အချိန်ပေါ် မူတည်ပြီးတော့ ပြေလည်သွားပါလိမ့်မယ်။ ဒီအခက်အခဲတွေ မပြေလည်သေးသ၍တော့ အမေရိကန် လူမျိုးတွေ ပေးဆောင်ထားတဲ့ အခွန်တွေနဲ့ ပေးရမယ့် ပါကစ္စတန် စစ်တပ်အတွက် အကူအညီပေးဖို့ ပိုက်ဆံတွေကိုတော့ ကျွန်တော်တို့ နောက်ဆုတ်ထားဦးမှာပါ။”
ရပ်ဆိုင်းလိုက်သော အကူအညီ ငွေကြေးထဲတွင် အာဖဂန် နယ်စပ်တစ်လျောက် စစ်သား ၁၀၀,၀၀၀ ချထားရေးအတွက် ကုန်ကျမည့် ဒေါ်လာ သန်း ၃၀၀ လည်း အပါအဝင် ဖြစ်ကြောင်း New York Times သတင်းစာက စနေနေ့ ညနေပိုင်းက ဖေါ်ပြခဲ့သည်။ ထို့ပြင် စစ်သင်တန်းများ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူဖြည့်တင်းရေးအတွက် ပေးရန် ငွေများလည်း ပါကြောင်းဆို သည်။
Source: Al Jazeera
0 comments:
Post a Comment