Monday, July 11, 2011

ၾသစေၾတးလ် မွတ်စလင် အမျိုးသမီးများအတွက် ခေါင်းမြီးခြုံဥပဒေ

 
သြစတြေးလျနေ မွတ်စလင်အမျိုးသမီးတစ်ဦး


သြစတြေးလျနိုင်ငံ နယူးဆောက်ဝေး ပြည်နယ်တွင် အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေအရ တကိုယ်လုံး ခြုံထားသော မွတ်စလင် အမျိုးသမီးများသည် ရဲကတောင်းဆို လျှင်မျက်နှာကို ဖွင့်လှစ် ပြသပေးရမည် ဖြစ်သည်။ ယင်းကို ငြင်းဆန်ပါက ထောင်ဒဏ်ချမှတ် ခံရမည်ဖြစ်သည်။ 

၁၉၇၃ မှစ၍ သြစတြေးလျ အစိုးရက လူဝင်မှု ဥပဒေများကို လျှော့ပေါ့ပေးလိုက်ပြီး နောက်ပိုင်း နိုင်ငံတွင်း အလုံးအရင်းဖြင့်ဝင် ရောက်လာကြသော မွတ်စလင်များနှင့် အများစုဖြစ်သော လူဖြူခရစ်ယာန်များကြား ယဉ်ကျေးမှုချင်း ထိပ်တိုက် တွေ့ဆုံရေးကို ဖြစ်ပွားစေခဲ့သည်။

ဆစ်ဒနီ မြို့ပါဝင်သော နယူးဆောက်ဝေး ပြည်နယ် အစိုးရရက ပြဋ္ဌာန်းလိုက်သော ဥပဒေအရ ရဲမှ လိုအပ်၍ မျက်နှာတွင် အုပ်ထားသာအဝတ်ကို ဖယ်ရှားခိုင်းမှုကို ငြင်းဆိုလျင် ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ် ဒေါ်လာ ၅,၉၀၀ ပေးဆောင်ရမည် ဖြစ်သည်။ 

ယင်းဥပဒေကို သြဂုတ်လတွင် ပါလီမန်၌ မဲပေးဆုံးဖြတ်မည်ဖြစ်ပြီး ယာဉ်စည်းကမ်း ချိုးဖောက်မှုများတွင် မွတ်စလင် အမျိုးသမီး များလည်းပါဝင်ကာ မျက်နှာကိုမမြင်ရဘဲ မျက်လုံးသာ မြင်ရခြင်းကို အကြောင်းပြု၍ အလွန်အကျွံ ဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြာင်း လူထုလွတ်လပ်မှု လိုလားသူများနှင့် မွတ်စလင်များက ရှုံ့ချကြသည်။

ယာဉ်စည်းကမ်း ချိုးဖေါက်မှုများ အပါအဝင် ရာဇဝတ်မှုများကို ရဲကစုံစမ်းရာတွင် မျက်နှာကိုမြင်ရမှ အလုပ်ဖြစ်မည်ဟု အစိုးရက ဆိုသည်။

သြစတြေးလျတွင် “ဘာကာ” ခေါ် တစ်ကိုယ်လုံးခြုံ အဝတ်ဝတ်သော မွတ်စလင် အမျိုးသမီး ဦးရေမှာ ပြောပလောက်အောင် မများပြားဘဲ ဥပဒေ ပြဋ္ဌာန်းခြင်းသည် ဘာသာရေးအရ နှိပ်ကွပ်ခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ဆိုသည်။ စုစုပေါင်း လူဦးရေ ၂၃ သန်း တွင် မွတ်စလင် ဦးရေ ၄၀၀,၀၀၀ သာ သြစတြေးလျတွင် နေထိုင်လျက်ရှိသည်။ တစ်ကိုယ်လုံးခြုံ အဝတ်ဝတ်သော မွတ်စလင်အမျိုး သမီးဦးရေမှာ ၂,၀၀၀ခန့်သာ ရှိပြီး ယင်းတို့ထဲတွင်မှ ကားမောင်းသော ဦးရေမှာ ပိုနည်းသည်ဟု ရှေ့နေများက ဆိုသည်။ 

“သိပ်ကို တင်းကြပ် ချုပ်ချယ်လွန်းတဲ့ ဥပဒေ မဟုတ်ပေးမယ့်လည်း လိုအပ်တဲ့ ဥပဒေလည်း မဟုတ်သေးပါဘူး။ ယဉ်ကျေးမှုနဲ့ ပတ်သတ်ပြီး အကဲဆတ်လွန်းတယ်။” ပြည်သူ လွတ်လပ်မှုဆိုင်ရာ သြစတြေးလျ ကောင်စီမှ ပြောခွင့်ရ ဒေဗစ်ဘာနီ ကပြောသည်။ 

မွတ်စလင် အမျိုးသမီးများ အနေဖြင့် လူကြားသူကြားထဲ သွားစဉ်တွင် မျက်နှာများကို ဖုံးကွယ်ထားရန်သင့်၊ မသင့် ဆိုသည့်ကိစ္စမှာ အခြား အနောက်နိုင်ငံများတွင်လည်း အခြေအတင် ဆွေးနွေးနေကြရသော ကိစ္စဖြစ်သည်။ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတွင် လူကြားထဲသွားလာစဉ် မျက်နှာအုပ်ထားခြင်းကို ပိတ်ပင်ထားသည်။

လွန်ခဲ့သောနှစ်က ဆစ်ဒနီရှိ စတိုးဆိုင် တစ်ခုကို ကိုယ်လုံး ခြုံအဝတ်နှင့် နေကာမျက်မှန် နေကာမျက်မှန် တပ်ထားသော ဓါးပြတစ်ဦးက လုယက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ရာဇဝတ်မှုများကို မွတ်စလင် အမျိုးသမီးဝတ် အဝတ်နှင့် ရောထွေးရန် မလိုကြောင်း ဘာနီက ပြောသည်။ 

“ဒါက ဘာသာရေး ကိစ္စပါ။ ကျွန်မတို့ကို အကြပ်ကိုင်သလို ခံစားရပြီး ကိုယ်ရေးကိုယ်တာကို ဝင်စွက်တယ်လို့ ခံစားရပါတယ်။”ဟု ကလေးငါးယောက် မိခင်ဖြစ်သူ မိုနာအန်းဂျီနယ်က ဆစ်ဒနီတွင် ကိုယ်လုံးခြုံ ၀တ်စုံဝတ်ပြီး သူမကားမောင်းနေသည်မှာ ၁၈နှစ်ရှိပြီဖြစ်ပြီး တစ်ခါမှ ယဉ်စည်းကမ်း ချိုးဖေါက်ခဲ့ခြင်းလည်း မရှိကြောင်း ဆိုသည်။


အမျိုးသမီး ရဲများကိုဆိုလျှင် သူမအနေနှင့် မျက်နှာကို ခွတ်ပြရန် ဝန်လေးမည် မဟုတ်ဘဲ အမျိုးသားရဲများက မလျော်ကန်သော စိတ်ဖြင့် ဥပဒေကို အလွဲသုံးစား ပြုမည်ကို သူမ စိုးရိမ်ကြောင်း ပြောသည်။ 

“တကယ်လို့များ အမျိုးသား ရဲတစ်ဦးဦးက ကျွန်မမျက်နှာကို ဆွဲလှန်ပြီး ကြည့်မယ်ဆိုရင် ကျွန်မကလည်း ရဲမေကိုပဲ ပြမယ်လို့ ပြောမယ်။ သူကလည်း မရဘူး ကျုပ်ပဲ ကြည့်မယ်လို့ ပြောလာမယ်။ ဒါဆိုရင် ဘာဖြစ်သွားမလဲ ။ ကျွန်မကို ဒေါ်လာ ၅,၀၀၀ ဒဏ်ငွေ တပ်ပြီးတော့ ထောင်ထဲကို ၁၂ လ ပို့ထားမှာလား။”

ဆစ်ဒနီ အရောင်းရဆုံး သတင်းစာဖြစ်သော Daily Telegraph သတင်းစာက “ကမ္ဘာ့ အပြင်းထန်ဆုံးသော ခေါင်းမြီးခြုံဥပဒေ” ဟု ခေါင်းစဉ်တပ် ရေးသားခဲ့သည်။ ပြင်သစ်တွင် မွတ်စလင် အမျိုးသမီးတစ်ဦး ဘာကာ ဝတ်ဆင်ကာ လူကြားထဲ သွားလာပါက ဒဏ်ငွေ ၂၁၇ ဒေါ်လာသာ ပေးဆောင်ရသည်။

နယူးဆောက်ဝေး ပြည်နယ် ရဲမင်းကြီး အန်ဒရူးဆိုင်ပီယွန်၏ ရဲများအတွက် လုပ်ပိုင်ခွင့် တိုးချဲ့ပေးရန် တောင်းဆိုထားမှုကြောင့် ဇူလိုင်လ ၄ ရက်နေ့တွင် ဥပဒေပြုရန် ပြည်နယ် ဝန်ကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဗစ်တိုးရီးယား ပြည်နယ်နှင့် အနောက် သြစတြေးလျ တွင်လည်း အလားတူ ဥပဒေပြဋ္ဌာန်းရန် စဉ်းစားလျက်ရှိသည်။ 

“မော်တော်ဆိုင်ကယ်စီး ဦးထုပ်ပဲ ဆောင်းထားထား၊ ဘာကာပဲဝတ်ထားထား၊ မျက်နှာခြုံပဲခြုံထားထား အဓိက မကျပါဘူး။ ရဲတွေက လိုအပ်လို့ မျက်နှာ ပြခိုင်းရင်သာ ပြရင်ပြီးတာပဲ။” ဟု ပြည်နယ် ဝန်ကြီးချုပ် ဘာရီ အိုဖာရဲလ် ကပြောသည်။

လွန်ခဲ့သောနှစ် ဇွန်လက ဆစ်ဒနီ အဝေးပြေး လမ်းမကြီးတွင် ကလေး ခုနှစ်ယောက်အမေ ဖြစ်သူအသက် ၄၇နှစ်ရှိ မွတ်စလင် အမျိုးသမီးကြီး ကာနီတာ မက်သော ၏ အသေးစား ယဉ်စည်းကမ်း ဖေါက်ဖျက်မှု သည်လည်း ဥပဒေ ပေါ်ပေါက်လာရခြင်းအတွက် အကြောင်းပြချက် တစ်ခု ဖြစ်ကြောင်းဆိုသည်။

ဖြစ်စဉ်တွင် မက်သောက ယာဉ်စည်းကမ်း ဖောက်ဖျက်ရာ အကြီးတန်း ရဲတစ်ဦးဖြစ်သူ ပေါလ်ဖိုဂါတီက ဒဏ်ငွေဖြတ်ပိုင်း ဖြတ်သည်။ ဤတွင် မက်သောက ဖိုဂါတီက သူ့မျက်နှာခြုံကို အတင်းအဓမ္မ ဆွဲလှန်ကြောင်း၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရခြင်း ဖြစ်ကြောင်း တိုင်ကြားသည်။ ထို့ကြောင့် အဖြစ်မှန်ကို သိရှိနိုင်ရန် ဖိုဂါရီ၏ ကင်းလှည့်ကား၌ ပါသော ဗွီဒီယိုမှတ်တမ်းကို ပြန်ကြည့်ရာ မက်သော လိမ်လည် ပြောဆိုကြောင်း တွေ့ရလေသည်။ ထို့ကြောင့် မမှန်မကန် တိုင်ကြားမှုဖြင့် မက်သောကို ထောင် ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။ သို့သော် အယူခံဝင်ရာ အနိုင်ရရှိသဖြင့် ထောင်တွင်းသို့မသွားခဲ့ရပေ။

ယင်းဥပဒေကို ရေဒီယိုအစီအစဉ်များ၊ သတင်းစာများတွင် အပြင်းအထန် ဆွေးနွေးငြင်းခုန် နေကြပြီး လူထုမနှစ်မြို့မှုကို ဖြစ်ပွား စေလျက်ရှိကြောင်း ဘာနီက ပြောသည်။ သြစတြေးလျရှိ မြို့ကြီးနှစ်မြို့ ဖြစ်သော ဆစ်ဒနီနှင့် မဲလ်ဘုန်းတွင် မွတ်စလင်ဦးရေ အလျင်အမြန် ကြီးထွားလာနေပြီး ၎င်းတို့ကို မလိုလားသည့် အပြုအမူများလည်း ရှိနေကြောင်း သိရသည်။

၂၀၀၅ ခုနှစ်က ဆစ်ဒနီ ခရိုနျူလာ ကမ်းခြေတွင် မွတ်စလင်နှင့် မွတ်စလင် မဟုတ်သော လူငယ်များ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး လူမျိုးရေး တင်းမာမှု ဖြစ်ပွားခဲ့ခြင်းအပေါ် နိုင်ငံတကာမှ အာရုံစိုက်ခဲ့သည်။ အစ္စလာမ်ကျောင်းများ တည်ဆောက်ခွင့်ကိုလည်း ဒေသခံများက ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ ဆစ်ဒနီရှိ လက်ဘနွန် မွတ်စလင် လူဆိုးဂိုဏ်းက မွတ်စလင် မဟုတ်သော မိန်းကလေး များကို မုဒိန်းပြုကျင့်မှုများကို စစ်ပွဲအတွင်း ရက်စက်မှုများကဲ့သို့ သဘောထားကြပြီး မီဒီယာများမှလည်း ပြစ်တင်ရှုံ့ချကြသည်။ 

၂၀၀၆ ခုနှစ်အတွင်းက ဝန်ကြီးချုပ် ဂျွန်ဟောင်းဝပ် စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့ရာ မွတ်စလင်များသည် နိုင်ငံတွင်းပထမဦး ဆုံးဝင်ရောက်အခြေချသောလူများဖြစ်ပြီး နိုင်ငံတွင်းရှိလူအများစုနှင့် သဟဇာတဖြစ်အောင်ဖြစ်အောင်နေထိုင်ခြင်းမရှိသောလူ များဖြစ်ကြောင်း ရေးသားထားခဲ့သည်။

စကားနားမထောင်သော ဇနီးသည်များကို နိုင်လိုမင်းထက် လိင်ဆက်ဆံခြင်း၊ ရိုက်နှက်ခြင်းများ ပြုသော မွတ်စလင် တရားဟော ဆရာများကိုလည်း အစိုးရခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချသည်။ တကိုယ်လုံး ခြုံမထားသော မိန်းမများသည် ဗလက္ကာယပြုရန် ဖိတ်ခေါ်နေခြင်း ဖြစ်ကြောင်း မွတ်ဆလင် တရားဟော ဆရာများက ဆိုသည်။ 

“မွတ်စလင်တွေကို ထိုးနှက်တိုက်ခိုက်ခြင်း ဖြစ်တယ်လို့တော့ ကျွန်တော်မပြောလိုပါဘူး။ ဒါပေမယ့် မွတ်စလင် တွေအတွက် တကယ့်ကို ဆိုးဝါးတဲ့ အချိန်ကာလပါပဲ။” ဟု သြစတြေးလျား အစ္စလာမ် ဖက်ဒရေးရှင်း ကောင်စီ ဥက္ကဋ္ဌ အီကီဘယ်လ်ပက်တယ်လ်က ဆိုသည်။

Source: Fox News

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။