Tuesday, July 12, 2011

ကင်ညာရှိ ဆိုမာလီဒုက္ခသည်စခန်း အတွက် အကူအညီများလိုအပ်






ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးသည် ကင်ညာရှိ ဒက်ဒါးဘ်ဆိုမာလီယာ ဒုက္ခသည် စခန်းသို့ သွားရောက် ကြည့်ရှုပြီးနောက် ကမ္ဘာပေါ်တွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဆိုးရွားဆုံး လိုအပ်နေသော ဒုက္ခသည်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆိုမာလီယာတွင် ကာလကြာရှည်စွာ မိုးခေါင်ရေရှား ဖြစ်လျက်ရှိသည်။

ဒုက္ခသည် စခန်းသည် အာဖရိကတိုက် အနောက်မြောက် ဘက်တွင်ရှိပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်သည်။ ဆိုမာလီယာ နှင့် အီသီယိုးပီးယားတို့မှ ဒုက္ခသည်များ သိန်းချီဝင်ရောက် လာနေလျက် ရှိသည်။

စနေနေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အန်ထော်နီယိုဂူတားရက်စ် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး စခန်းတွင်းရှိ ဒုက္ခသည် ၃၈၀,၀၀၀ အတွက် နိုင်ငံတကာ အကူအညီ အများအပြား လိုအပ်လျက် ရှိကြောင်း ပြောကြား တောင်းဆိုခဲ့သည်။ 

“ဆိုမာလီယာဟာ အဆိုးဝါးဆုံး လူသားဒုက္ခတွေ ခံစားနေရတယ် ဆိုတာ ကျွန်တော့် အနေနဲ့ အခိုင်အမာ ပြောလိုပါတယ်။ ဒီလို စုတ်ပြတ်သတ် ပြီးရောက်လာတဲ့ ဒုက္ခသည်မျိုးတွေ ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူး။” ဟု အယ်လ်ဂျာဇီယာသို့ ပြောသည်။
“ဒီကိုအလာလမ်းမှာ ကလေးတွေ ဆုံးရှုံးသွားခဲ့ရတဲ့ မိခင် တစ်ယောက်ကိုတောင် တွေ့ခဲ့ရတယ်။” ဟုဂူတာရက်စ်က ပြောကာ ယင်းဒုက္ခသည်များသည် “အဆင်းရဲတကာ့ အဆင်းရဲဆုံး၊ အကူအညီ မဲ့တကာ့ အမဲ့ဆုံး လူများ” ဖြစ်ကြောင်းဆိုသည်။

မိုးခေါင်ရေရှားပါးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားနေရခြင်းကို အများသတိထား မိလာစေရန် ဂူတာရက်စ်သည် ယင်းဒေသအတွင်း လှည့်လည် သွားလာကြည့်ရှုလျက် ရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီး၏ တွက်ချက်မှုအရ အထောက်အပံ့လို အပ်နေသူ ၁၀ သန်းကျော် ရှိကြောင်း သိရှိရပြီး ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့၏ တွက်ချက်မှုအရ ကလေး ၂သန်းခန့် အာဟာရ ချို့တဲ့မှုကို ခံစားနေရကြောင်း သိရသည်။ ကလေးများကို ကယ်တင်ရန်လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောသည်။

ကြာသပတေးနေ့က အီသီယိုးပီးယား ဒုက္ခသည် စခန်း ဒိုလိုအဒူးသို့  ဂူတာရက်စ် ရောက်ရှိခဲ့သည်။ 

“ကျွန်တော်တို့ သိရှိရတဲ့ ကလေးသေဆုံးမှု အရေအတွက်က အရေးပေါ် အခြေအနေထက် သုံးဆ များနေတယ်။”

“ကလေးများ အာဟာရ ချို့တဲ့မှုက ၅၀% ရှိတယ်။ ဒါကြောင့် အခုလို သေဆုံးမှု မြင့်မားနေရခြင်း ဖြစ်ပါတယ်။” ဟု သူကပြောသည်။

မိုးခေါင်ရေရှားမှု ခံနေရသော အရပ်မှ ဒုက္ခသည် ထောင်ပေါင်းများစွာ နေ့စဉ် စွန့်ခွါလာနေကြပြီး အစာရေစာ ရှာဖွေနေကြရသည်။ အာဟာရချို့တဲ့မှုကို ကလေးများ ပြင်းထန်စွာ ခံစားနေရပြီး ယင်းနှင့် ဆက်ဆိုင်သော သွေးအားနည်းရာဂါ ခံစားနေရကြောင်း ဒက်ဒါးဘ်ရှိ ဆရာဝန်များက ပြောသည်။ 
“ကလေးတွေ အရေပြား ရောဂါတွေလည်း ခံစားနေရတယ်။ မိုက်ခရိုနျူထရီးယန့် လို့ခေါ်တဲ့ အာဟာရ ဓါတ်ချို့တဲ့မှုကြာင့် အရေပြားတွေ ကွာထွက်နေကြတယ်။ အခြေအနေကတော့ တော်တော် ဆိုးတယ်။” ဟု ဒေါက်တာ မီလ်ဟီယာအဗ္ဗဒူ ခါဒါ ကပြောသည်။ 

ဒုက္ခသည်စခန်းကို ရောက်ရှိလာသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ အတော်ဆိုးဝါးနေကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် အာဇက်အက်ဆာက ဒက်ဒါးဘ်မှ သတင်းပေးပို့ပြောကြားခဲ့သည်။
“မနက်တိုင်း စခန်းထဲက စာရင်းပေးသွင်းတဲ့ ဌာနမှာ အယောက် ရာနဲ့ချီရှိတယ်။ အဲဒီစာရင်းကောက်တဲ့နေရာကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ၊ အခြေခံ လိုအပ်ချက် အချို့ကို ထုတ်ပေးတယ်။”
“ဒါပေမယ့် ဆောင်ရွက်တဲ့နေရာမှာ အချိန်အရမ်းကြာတယ်။ စာရင်းဝင်ပြီး ထုတ်ပေးမယ့်အစား အသောက်တွေရဖို့ ရက်အနည်းငယ် ထပ်စောင့်ရ သေးတယ်။ သူတို့အဖို့က ဒီကိုရောက်လာဖို့ ရက်ပေါင်းများစွာလည်း လမ်းလျှောက်လာခဲ့ ကြရပြီး ပြီ။” ဟု သူက သတင်းပို့ခဲ့သည်။

မိုးခေါင်ရာ ဒေသ ဗဟိုချက်မှာ ကင်ညာ၊ အီသီယိုးပီးယား၊ ဆိုမာလီယာ နိုင်ငံသုံးနိုင်ငံ နယ်နိမိတ်ဆုံရာ ဒေသတွင်ဖြစ်သည်။ ယင်းဒေသတွင် တိရိစ္ဆာန် အုပ်ကျောင်းရင်း ရွှေ့ပြောင်း သွားလာနေထိုင် သူများ နေထိုင်ကြသည်။ ယူဂန္ဓာနှင့် ဂျီဘောက်တီ နိုင်ငံတို့လည်း မိုးခေါင်ရေရှားမှု ဒဏ်ကို ခံစားကြရသည်။

ဒက်ဒါးဘ် ဒုက္ခသည် စခန်းအပြင်ဘက် လက်ခံကြိုဆိုရေး ဌာနတွင်လည်း လူပေါင်းထောင်ဂဏန်းနှင့် ချီ၍ စောင့်ဆိုင်းလျက် ရှိနေသေး သည်။ 

“ရောက်လာတဲ့ လူတွေအားလုံးကတော့ စုတ်ပြတ်သတ် နေတာပဲ။” ဗြိတိန် အခြေစိုက် Save the Children မှ အန်ဒရူးဝမ်ဒါက ပြောသည်။ 

“ရက်သတ္တပေါင်းများစွာ အစာပြတ်လပ်လာကြတဲ့ လူတွေပါ။ ခရီးရှည်၊ ခရီးကြမ်း ကြီးကိုလည်း ဖြတ်လာကြရတယ်။”

နေ့စဉ် လူဦးရေ ၁,၅၀၀ ခန့် ရောက်ရှိလာ နေကြောင်း၊ အခြေအနေ အလွန့်အလွန် ဆိုးဝါးနေကြောင်း သူက ပြောသည်။

ဝင်လာမစဲ တသဲသဲ ဖြစ်နေသောကြောင့် စခန်းကို တိုးချဲ့နေရကြောင်း နယ်စည်းမခြား ဆေးဝါး အကူအညီ ပေးရေးအဖွဲ့ (Medecines Sans Frontieres –MSF) မှ ဆရာဝန်များက အယ်လ်ဂျာဇီယာသို့ ပြောသည်။

“စခန်းအပြင်ဘက်မှာလည်း ဒုက္ခခံပြီး စောင့်ဆိုင်းနေကြတဲ့ လူတွေအများကြီးပဲ။” ဟု အက်ဆာကပြောသည်။
ကုလသမဂ္ဂမှပေးသော ပလတ်စတစ် အစများဖြင့် ထိုးထားသော ယာယီတဲ ထောင်ပေါင်းများစွာကို အုပ်စုသုံးစု ခွဲထားသည်။ 

“စခန်းအုပ်စု သုံးခုမှာ နေရာထိုင်ခင်း မရှိတော့တဲ့ အတွက် ကိုယ့်ဘာသာကိုယ် တဲထိုးပြီး နေနေရတဲ့ စာရင်းဝင် ဒုက္ခသည် တွေရှိတယ်။”

အကူအညီပေးရေး အဖွဲ့များက ဆေးဝါးပစ္စည်းများ သာမက အစားအသောက်နှင့် ရေများကိုပါ ဝေငှပေးလျက် ရှိသည်။

“ဆိုမာလီယာ ပြည်တွင်းထဲမှာ အကူအညီ ပေးရေးက အရမ်းကို အရေးတကြီး လိုအပ်နေပါတယ်။ ဒီလိုအခြေအနေ ဆိုးနေတဲ့ လူတွေကို တွေ့ရတဲ့အခါ သူတို့ဆီကို သွားပြီးတော့ ပြည်တွင်းထဲမှာ အကူအညီ သွားပေးနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ ” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မင်းကြီး ဂူတာရက်စ်က ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။