Monday, July 18, 2011
အမေရိကန်တွင် ဗုဒ္ဓဘာသာကို သက်ဝင်မှုများတိုးပွားလာ
ယခုအပတ်အတွင်း တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်သွားရောက်ခဲ့ခြင်း ကြောင့် အမေရိကန် ဗုဒ္ဓဘာသာဝင်များ အပေါ်အာရုံစိုက်မိခဲ့ကြသည်။ အာရှမှ အမေရိကန်သို့ လာရောက်အခြေချနေထိုင်မှု များပြားလာသည်နှင့်အမျှ အနောက်တိုင်းသားများလည်း ဗုဒ္ဓဘာသာသို့ကူးပြောင်းမှုများရှိလာသည်။ အာရှ၏ ဘာသာတရားကို အမေရိကန်တို့ နှစ်ခြိုက်နေကြသော်လည်း အနောက်တိုင်းယဉ်ကျေးမှုများနှင့်ကိုက်ညီမှုရှိအောင် ကျင့်သုံးလျက်ရှိသည်။
ငါးရက်ဒုလ္လဘရဟန်းခံရန်အတွက် အသက် ၅ နှစ်မှ ၁၄ အထိယောင်္ကျားလေးများ ခေါင်းတုန်းရိတ်ကြ၏။ ဗုဒ္ဓဘာသာလောက တွင် ရဟန်းဘောင်တက်၍ ဗုဒ္ဓ၏အဆုံးအမများထဲမှ အကျဉ်းချုံးလိုအပ်သော အချက်အလက်များကို လေ့လာသင်ယူနိုင်ရန် အတွက် ဦးခေါင်းပြည်းရိတ်သင်ခြင်းသည် မဖြစ်မနေပြုကြရသော ထုံးစံတစ်ခုဖြစ်သည်။
လော့စ်အိန်ဂျလိစ်မြို့ရှိ ဆီလိုင်ဘုရားကျောင်းတွင် တရုတ်နွယ်အမေရိကန်သားများရဟန်းခံကြသည်။ သို့သော် ဗုဒ္ဓအဆုံးအမ များကိုမူ အင်္ဂလိပ်ဘာသာဖြင့်ပို့ချလေ့လာကြသည်။
ဟောင်ကောင်နွယ်ဖွား ဒါရိုက်တာ မီယာအိုဆီက အမေရိကန်ဗုဒ္ဓဘာသာများသည် လူမျိုးနွယ်အလိုက်ကွဲပြားကြောင်း ရှင်းပြသည်။
“ဒါကြောင့် ဒါကတော့ တရုတ်ဗုဒ္ဓဘာသာ၊ ဒါကတော့ တိဘက်ဗုဒ္ဓဘာသာ၊ ဒါကတော့ ဂျပန်ဗုဒ္ဓဘာသာ စသည်ဖြင့် အမျိုးမျိုးကွဲပြားပါတယ်။ ဒါကြောင့် အခုဆိုရင် အမေရိကန်ဗုဒ္ဓဘာသာဆိုပြီး တစ်မျိုးထပ်ပေါ်ပေါက်လာရတယ်လို့ ကျွန်တော် ထင်ပါတယ်။”
လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဝါဒဝိပဿနာဌာန ရှိ အမေရိကန်ဖွား တရားပြဆရာ အရှင်ကုသလဘိက္ခုက အမေရိကန် တွင် ဗုဒ္ဓဘာသာသမိုင်းမှာ နှစ်တစ်ရာကျော်ရှိပြီဖြစ်ကြောင်း ဆိုသည်။
“အခုဆိုရင် အမေရိကန်မြေပေါ်မှာ ဗုဒ္ဓဘာသာဟာ အမြစ်တွယ်နေပါပြီ။ အမေရိကန်မှာမွေးတဲ့၊ ကျုပ်လိုပဲ အိုင်အိုဝါမှာ မွေးတဲ့ အမေရိကန်တွေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြပြီးတော့ အချို့ဆို ဘုန်းကြီးဝတ်တဲ့ယောင်္ကျားတွေ၊ သီလရှင်ဝတ်တဲ့ အမျိုးသမီးတွေက သာမန်အရပ်သားအမေရိကန်တွေကို နေ့စဉ်ဟောပြောဆုံးမမှုတွေ ပြုနေကြပါပြီ။”
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားဆိုသည်မှာ ကမ္ဘာသိထင်ရှားသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အမေရိကန် တွင်လည်း လူအများကြည်ညိုကြသည်။ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် ရစ်ချက်ဂီရီ အပါအဝင် အမေရိကန်နိုင်ငံသားအတော် များများကို ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင် ဆွဲဆောင်နိုင်ခဲ့ပြီးဖြစ်သည်။ ဒလိုင်းလားမား၏ ဟောပြောချက်တစ်ရပ်ဖြစ်သော “ကရုဏာတရား” မှာ အမေရိကန်နိုင်ငံသားများအကြား အလွန်လူကြိုက်များသည်။
အမရိကန်တွင် တိဘက်ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦများတည်ရှိသည်။ လော့စ်အိန်ဂျလိစ် ဝိပဿနာဌာနသည် ဗုဒ္ဓဘာသာ အမျိုးမျိုးတို့ စုစည်းရာနေရာဖြစ်ကြောင်း အရှင်ကုသလဘိက္ခုကဆိုသည်။ ထိုအရှင်သည် သိရိလင်္ကာတွင် ဗုဒ္ဓစာပေကိုလေ့လာ သင်ယူခဲ့ပြီး ဗီယက်နမ်ထုံးစံအတိုင်း ရဟန်းခံခဲ့သည်။ ယင်းဝိပဿနာဌာနကို ဗီယက်နမ်ဘုန်းတော်ကြီး တစ်ပါးတည်ထောင်ခဲ့ ခြင်းဖြစ်ပြီး ကိုရီးယား-အမေရိကန်များနေထိုင်သောရပ်ကွက်တွင်တည်ရှိသည်။
ကျယ်ပြန့်လှသော ဗုဒ္ဓဘာသာစာပေများသည် ကျင့်သုံးသော လူအမျိုးမျိုးအလိုက် ကွဲပြားသွားကြကြောင်း သူက ပြောသည်။ သူ့ကျောင်းတွင်မူ လူအမျိုးမျိုးကွဲပြားမှုရှိသော်လည်း အဆုံးအမများမှာ အဓိကကျသော အနှစ်အသားများကိုသာအတူတူသင် ကြားပေးကြောင်း၊ ယဉ်ကျေးမှုကို လေးစားခြင်း၊ အမေရိကန်ထုံးစံများနှင့်အညီ ပြုပြင်ပြောင်းလဲယူခြင်း၊ ယုံကြည်ချက်အမျိုးမျိုးကွဲပြား နေသော လူများအကြား ဟန်ချက်ညှိခြင်း များရှိကြောင်းဆိုသည်။
“သက်ရှိတိုင်းက ဆက်နွယ်မှုရှိပါတယ်။ ကမ္ဘာလောကနဲ့ သက်ရှိတွေကြားမှာလည်း ဆက်နွယ်မှုရှိပါတယ်။” ဟု မီယာအို ကရှင်းပြပြောဆိုသည်။
“ဒါကြောင့်တစ်ဦးနဲ့တစ်ဦး ဟန်ချက်ညီဖေးမသွားရမယ်လို့ ထင်ပါတယ်။ ဟန်ချက်ညီခြင်းနဲ့ ငြိမ်းချမ်းခြင်းဆိုတာ အတူတကွဆောင်ရွက်ပြီးတော့ သွားရမယ့် ကိစ္စတွေပါ။”
အမေရိကန်ဗုဒ္ဓဘာသာ၏ တင်းကြပ်မှုများကို ပေါင်းကူးဆက်နွယ်ပေးမည့် တံတားတစ်ခုရှိကြောင်း ဗုဒ္ဓဘာသာများက ဆိုသည်။ ထိုသူတို့မှာ မိဘမျိုးရိုးမည်သည့်နေရာမှ ဆင်းသက်လာသည်ဟူသော အချက်ကို ပမာမထားဘဲ ဗုဒ္ဓဘာသာယုံကြည်သက်ဝင်မှု နှင့် အမေရိကန်ယဉ်ကျေးမှုတို့ကို ကျင့်သုံးကြမည့် အမေရိကန်ဖွားနောက်မျိုးဆက်များပင်ဖြစ်လေသည်။
Source: VOA




















12:33 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment