Tuesday, July 19, 2011

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ ဘာရိန်းအစီရင်ခံစာ

ပုလဲအဝိုင်းကြီးတွင် ဆန္ဒပြသူများစုဝေးနေစဉ်


ဘာရိန်းဘုရင့်နိုင်ငံတွင် လွန်ခဲ့သောလေးလမှ စတင်၍ ဖြစ်ပွားခဲ့သော လူထုအုံကြွမှုများအတွင်း ဘာရိန်းလုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဆရာဝန်များ သူနာပြုများ၊ ဆေးရုံဆေးခန်းများ၊ ဒဏ်ရာရရှိသဖြင့်ဆေးကုသမှု ခံယူနေသော ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ထောင်ချခဲ့ကြောင်း လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

မတ်လ ၁၇ ရက်နေ့မှ စ၍ ဖမ်းဆီးခဲ့သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ၇၀ ဦးခန့်ရှိပြီး ၄၈ ယောက်ကို စစ်ခုံရုံးသို့တင်ပို့ စစ်ဆေး ခဲ့သည်။ အမှုအမျိုးမျိုးဖြင့် စွဲချက်တင် စစ်ဆေးလျက်ရှိပြီး အချို့မှာ ပြင်းထန်သော စွပ်စွဲချက်များဖြင့် စစ်ဆေးခြင်းခံနေရသည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ၂၄ မျက်နှာပါ အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို မတရားဖမ်းဆီး ချုပ်နှောင်ထားမှုများကို ရပ်တန့်ရန်၊ ဆေးရုံဆေးခန်းများကို လုံခြုံရေးတပ်ဖွဲ့ များက စီးနင်းသိမ်းပိုက် ထားခြင်းမှ ပြန်လည် ရုတ်သိမ်းပေးရန်၊ ရာဇဝတ်မှု မကျူးလွန်ပဲ ဖမ်းဆီးထားသောသူများ အားလုံးကို ပြန်လည်လွှတ်ပေးရန် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ တောင်းဆိုထားသည်။

ကုလသမဂ္ဂမှ လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ပြီး ကျန်းမာရေးဆိုင်ရာ အခွင့်အရေးအတွက် အထူးစောင့်ကြည့် စုံစမ်းရေးရုံးမှ တစ်ဆင့် လွတ်လပ်စွာ စုံစမ်းစစ်ဆေး သင့်ကြောင်းလည်း အစီရင်ခံစာက တိုက်တွန်းထားသည်။
“ဒဏ်ရာအနာတရ ဖြစ်လာတဲ့ ဆန္ဒပြသူတွေနဲ့ သူတို့ကို ကုသပြုစုပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက် အပြစ်ပေးပြီး၊ ရက်ရက်စက်စက် ဖမ်းဆီးနှိမ်နင်းမှုတွေကို အသုံးပြုပြီး ဘာရိန်းအစိုးရဟာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို အကြီးအကျယ် အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။” ဟု ရေးသားဖေါ်ပြထားသည်။
“ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအကြပ်အတည်း ပြဿနာတွေအပေါ် အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် ရေရှည်မှာ ပိုပြီးအကွဲအပြဲတွေ၊ မယုံကြည်နိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။”

စစ်မြေပြင်ဖြစ်သွားသော ဆေးရုံ

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှစကာ မြို့တော်မနားမားတွင် ဘုရင် ဟာမက်အီဘင်အစ္စာအယ်လ်ခါလီဖါနှင့် တော်ဝင်မိသားစုကိုဆန့်ကျင် သောဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ထို့နောက် မနားမားမြို့တော်အလယ်ရှိ ပုလဲအဝိုင်းကြီးကို ဗဟိုပြုကာ မတ်လလယ်ခန့်အထိ နိုင်ငံအဝန်း ကျေးလက်တောရွာများတိုင်အောင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။ ဘာရိန်းအစိုးရ၏ တောင်းဆိုမှုဖြင့် ဆော်ဒီဦးဆောင် သော ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီတပ်များက ဘာရိန်းအစိုးရကို ကူညီရန်နိုင်ငံတွင်းဝင်ရောက်လာခဲ့သည်။

ခါလစ်မိသားစုက အာဏာရှင်စံနစ်ဖြင့်အုပ်ချုပ်နေပြီး အကျင့်ပျက်မှုများရှိကြောင်း ဆန္ဒပြသူများက ဆိုသည်။ ဆန္ဒပြသူအများစုမှာ နိုင်ငံတွင်း လူများစုဖြစ်သော ရှီးအိုက်ဘာသာဝင်များဖြစ်ပြီး ဆွန်နီလူနည်းစုဘုရင်က ချုပ်ကိုင်ထားသော အာဏာကိုအဆုံးသတ် ရေးနှင့် ခွဲခြားမှုများပပျောက်ရေးအတွက်တောင်းဆိုခဲ့ကြသည်။

ဆရာဝန်များအပါအဝင် ရာပေါင်းများစွာသောဖမ်းဆီးခံထားရသူများကို နိုင်ငံရေးလှုပ်ရှားမှုဖြင့် စွဲချက်တင်ထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။ ဆန္ဒပြပွဲများအတွင်း လူ ၃၀ ခန့်သေဆုံးခဲ့ပြီး ၅၀၀ ကျော်ဒဏ်ရာရရှိကြောင်း တွက်ချက်ထားသည်။ အများစုမှာ ပုလဲအဝိုင်းကြီးမှ ၂.၅ ကီလိုမီတာအကွာခန့်ရှိ ဘာရိန်းတွင်အကြီးဆုံးဆေးရုံဖြစ်သော ဆယ်လ်မာနီယာဆေးရုံတွင် ကုသစောင့်ရှောက်မှုပေးခဲ့ခြင်းဖြစ်သည်။

လေ့လာသူများသည် ဧပြီလ ၂၀ နေ့နိုင်ငံတွင်းမှ ထွက်ခွါခိုင်းခြင်းမပြုမီအချိန်အတွင်း ဆေးဝန်ထမ်း ၇၅ ဦးကျော်၊ လူနာများ၊ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ နိုင်ငံတွင်းမှ ထွက်ခွါသွားရပြီးနောက် သူတို့ကိုပြန်လည်ဝင်ရောက်ခွင့်မပြုတော့ ပေ။

မတ်လနှင့် မေလအတွင်းက ဘာရိန်းနိုင်ငံအတွင်းရောက်ရှိနေခဲ့သော အယ်လ်ဂျာဇီယာသတင်းထောက် ချားလ်စ်စထရက်ဖို့သည် ကိုယ်တိုင်ကြုံတွေ့ရသမျှနှင့် ကြားသမျှသတင်းများ အဆက်မပြတ်ပေးပို့နေခဲ့သည်။ ထို့နောက် မတ်လတွင် သူနိုင်ငံတွင်းမှ ထွက်ခွါလာရပြီး နောက်ပိုင်းလည်း အကြမ်းဖက်နှိမ်နင်းမှုများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ကျွမ်းကျင်ဆရာဝန်များနှင့် သူနာပြုများသည် ယူနီဖောင်းကိုချွတ်ကာ အရပ်ဝတ်ကိုဝတ်လျက် လျှို့ဝှက်စကားများ ဖြင့်ဆက်သွယ်ပြောဆိုပြီး လုံခြုံရေးတပ်ဖွဲ့များ အကြမ်းဖက်စီးနင်းတိုက်ခိုက်နေသော ရှီးအိုက်မြို့များမှ သတင်းများကို ရယူခြင်း၊ လူနာများကို ကုသပေးခြင်းများပြုလုပ်ကြရကြောင်း စထရက်ဖို့က သတင်းပေးပို့ခဲ့သည်။

အစိုးရရဲများ၏ လိုက်လံဖမ်းဆီးခြင်း၊ တခါတရံ သေသည်အထိ ရိုက်နှက်နှိပ်စက်တတ်ခြင်းများကြောင့် ဆန္ဒပြပွဲများတွင်ဒဏ်ရာရလာသောလူအများသည်ဆေးရုံဆေးခန်းများတွင် ပေါ်ပေါ်တင်တင်ဆေးကုသမှုခံယူရမည်ကို   ကြောက်ရွံ့ကြကြောင်း သူကပြောသည်။

သို့သော် အထက်ဖေါ်ပြပါ အဖြစ်များမရှိကြောင်း ဘာရိန်းအစိုးရက ငြင်းဆန်သည်။ ဆယ်မာနီယာဆေးရုံရှိ ဆရာဝန်အုပ်စုတစ်စု သည် အစိုးရကိုဖြုတ်ချရန်ကြံစည်ခဲ့ပြီး ဆေးရုံဝင်းအတွင်းနှင့် လူနာတင်ယာဉ်များပေါ်တွင် လက်နက်များတွေ့ရှိရကြောင်း အစိုးရ ကပြောသည်။

ဆရာဝန်များနှင့် သူနာပြုများတိုက်ခိုက်ခံရခြင်း

တနင်္လာနေ့ အစီရင်ခံစာအရ ဆန္ဒပြပွဲများဖြစ်ပေါ်ပြီး များမကြာမီမှာပင် ဆရာဝန်၊ သူနာပြုများကို ရဲများကတိုက်ခိုက်ဖမ်းဆီးနှိမ် နင်းခြင်းများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ အရုဏ်မတက်မီတွင် ရဲများကဆန္ဒပြသမားများစုဝေးနေသော ပုလဲအဝိုင်းကြီးကို ရုတ်တရက်ဝင်ရောက်စီးနင်းကာမျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခြင်း၊ ရော်ဘာကျည်များဖြင့်ပစ်ခတ်ခြင်း ပြုလုပ် ခဲ့သည်။

ဆယ်မာနီယာဆေးရုံမှ လုပ်အားပေးဆရာဝန်၊ သူနာပြု ၁၀ ဦးက မိမိတို့သည် ဆေးဘက်ဝန်ထမ်းများဖြစ်ကြောင်းပြောဆိုကြပြီး၊ အချို့ကလည်း လခြမ်းနီဂျာကင်အင်္ကျီများဝတ်ဆင်ထားစေကာမူ ရဲများကသူတို့ကိုပါ ရိုက်နှက်တိုက်ခိုက်ကြသည်။
ဆေးရုံက ဘေးအန္တရာယ်ကျရောက်ခြင်းအရေးပေါ်အခြေအနေဖြင့် ဆေးရုံကား ၁၂ စီးကို ပုလဲအဝိုင်းကြီးသို့စေလွှတ်ခဲ့ရာ လမ်းတွင်ရဲများက ယာဉ်မောင်းများကို ရိုက်နှက်ကြကြောင်း ဆေးဘက်ဝန်ထမ်းတစ်ဦးကပြောသည်။

ဆေးရုံကားယာဉ်မောင်းတစ်ဦးကိုကားပေါ်မှဆွဲချကာရိုက်နှက်ပြီးနောက် လမ်းလျှောက်သွားခိုင်းလိုက်ကြောင်း ဝန်ထမ်း တစ်ဦးက ပြောပြသည်။ ရဲများက ဆေးရုံကားဖြင့်ရောက်ရှိလာသော ဝန်ထမ်းများအား ဒဏ်ရာအပြင်းအထန်ရရှိထားသူများထဲမှ အလီမိုမန်ဆိုသူကို သယ်ယူသွားခွင့်ပြုရာ ဦးခေါင်းတွင် ဒဏ်ရာရရှိပြီးသေလုမြောပါးဖြစ်နေသော အခြားသူတစ်ဦးကို ယူခွင့်မပြုတော့ပေ။

သို့သော်လမ်းတွင်ရဲများကမိုမန်ကိုသယ်ဆောင်လာသော ဆေးရုံကားကိုတိုက်ခိုက်ကြပြန်သည်။   နောက်ဆုံးတွင် ဆေးရုံသို့ မိုမန်ရောက်ရှိလာခဲ့သော်လည်း ထိုနေ့ည၌ပင် သေဆုံးသွားလေတော့သည်။
နောက်နေ့ညတွင်လည်း ပုလဲအဝိုင်းကြီးတွင် ရဲများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံကားဖြင့်သွားရောက်သယ် ဆောင်ရာတွင်လည်း ရဲများက ထပ်မံတိုက်ခိုက်ကြသေးသည်။

ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မနက်ပိုင်းတွင် ဆန္ဒပြသူများသည် ဆေးရုံအတွင်းဝင်ရောက်လာကာ ဒဏ်ရာရသူများကိုဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် ဆေးရုံကား တစ်စီး အတင်းအဓမ္မ ယူဆောင်သွားကြောင်း ဒေါက်တာ အမ်ဂျက်အိုဘီအစ်က ပြောပြသည်။

မတ်လ ၁၃ ရက်နေ့တွင် ဘာရိန်းတက္ကသိုလ်၌ ဆန္ဒပြသမားကို နှိမ်နင်းခဲ့ရာတွင် ဒဏ်ရာရသူများကို လာရောက်သယ်ဆောင် သောဆေးရုံကားများနှင့် ဝန်ထမ်းများကို ရဲများနှင့် အတူအရပ်ဝတ်တုတ်ကိုင်၊ ဓါးကိုင်ထားသူများကပါဝင်ရောက်တိုက်ခိုက်ခဲ့ ကြသည်။
“ကျွန်တော်တို့က ဒဏ်ရာရတဲ့လူတွေကို လာသယ်တာပါ လို့သူတို့ကိုပြောပါတယ်။ ဒါပေမယ့် သူတို့က ခင်ဗျားလာသယ် တာ ရှီးအိုက်တွေပဲ။ ခင်းဗျားတို့က ရှီးအိုက်တွေကို ကူညီနေတာ လို့ပြန်ပြောတယ်။” ဟု ဆရာဝန်တစ်ဦးက လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့နှင့်တွေ့ဆုံစဉ်ပြောပြခဲ့သည်။

ဆေးရုံ ဆေးခန်းများကို သိမ်းပိုက်ထားခြင်း

ဘာရိန်းအစိုးရကို ကူညီပြီး ဆန္ဒပြပွဲများကို ဖြိုခွင်းပေးရန် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီတပ်ဖွဲ့များ ဘာရိန်းနိုင်ငံ တွင်းဝင်ရောက်လာသော အခါ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို နှိမ်နင်းသော အစီအစဉ်စတင်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြသည်။
မတ်လ ၁၅ နှင့် ၁၆ ရက်နေ့များတွင် ရှီးအိုက်အများစုနေထိုင်သော ဆီထရာမြို့ရှိ ဆေးရုံကို ရဲများဝိုင်းထားလိုက်ကြသည်။
ထို့နောက် မြို့တော်မနားမားရှိ ဆယ်မာနီယာဆေးရုံကိုထိန်းချုပ်လိုက်ကြသည်။

ဆီထရာတွင် ရဲများကရော်ဘာကျည်များ၊ အသံသာထွက်သောအမြောက်များ၊ ပလတ်စတစ်ကျည်များပစ်ခတ်ခဲ့သောကြောင့် ဝန်ထမ်းများကြောက်လန့်တုန်လှုပ်အောင် လုပ်ဆောင်ခဲ့ကြသည်။

မနားမားမြို့တော် ဆယ်မာနီယာဆေးရုံတွင်လည်း ပစ္စတိုများ၊ အော်တိုမစ်တစ်ရိုင်ဖယ်များကိုင်ဆောင်ထားသော လူများကဆေးရုံကို ပိတ်ဆို့ထားလိုက်ကြသည်။ အချို့ကမျက်နှာဖုံးများပင် တပ်ထားသေးသည်။ ဒဏ်ရာရရှိထားသော လူနာများ ကို ခြောက်ထပ်သို့သွားရောက်ကြရန်အမိန့်ပေးပြီး ထိန်းသိမ်းထားသည်။

ဘာရိန်းစစ်တပ်က အတားအဆီးမရှိပစ်မိန့်ရထားကြောင်း ဆရာဝန်တစ်ဦးက ပြောပြသည်။ နိုင်ငံတွင်းရှိ ဆေးရုံအားလုံးတွင် လည်းအလားတူပင်ဖြစ်သည်။
ဆန္ဒပြရင်း ဒဏ်ရာရရှိလာသူများကို ကုသပေးသော ဆရာဝန်များ၊ ဝန်ထမ်းများ၏နာမည်များကို ရေးမှတ်ကြပြီး ခွဲစိတ်ခန်းအတွင်းရှိ ဖုန်းများ၊ အသံသွင်းကိရိယာများအားလုံးကို ဖျက်စီးပစ်လိုက်ကြသည်။ မည်သည့်အချိန်တွင်မည်သူက ခွဲစိတ် ကုသမှုခံယူရမည်ဟု သူတို့ကပင် အမိန့်ပေးဆုံးဖြတ်ကြပြီး ဆန္ဒပြရာတွင်ပါဝင်ခဲ့သည်ဟု ယူဆသူများကို ဆွဲထုတ်သွားခြင်း၊ ရိုက်နှက်ခြင်းများပြုကြသည်။
အချို့သောဆရာဝန်များနှင့် သူနာပြုများက ဆန္ဒပြဒဏ်ရာရရှိသူများအပေါ်အစိုးရ၏ တုံ့ပြန်မှုများအတွက် မီဒီယာများသို့ပွင့်ပွင့် လင်းလင်းပင်ထုတ်ဖေါ်ပြောကြားကြသည်။
အယ်လ်ဂျာဇီယာနှင့် အင်တာဗျူးပြုလုပ်ခဲ့သော ဒေါက်တာနာဒါဒါးအစ်သည် အင်တာဗျူးပြီးသည်နှင့် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဒေါက်တာဒါးအစ်အပါအဝင် အယောက် ၂၀ ခန့်တရားရင်ဆိုင်နေရဆဲဖြစ်သည်။ သူတို့ကိုစွဲဆိုထားသော အမှုများမှာ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အစိုးရကိုဖြုတ်ချရန်ကြံစည်မှုနှင့် ဆေးရုံပစ္စည်းများကို ဖျက်ဆီးမှု စသည်တို့ဖြစ်သည်။

စုစုပေါင်းဆရာဝန် ၄၈ ဦးကို ဆန္ဒပြမှုနှင့်ပါဝင်ပတ်သက်မှုဖြင့် တရားစွဲဆိုထားသည်။ ထိုသူတို့သည် ရှေ့နေများ၊ မိသားစုများနှင့် တွေ့ဆုံရန်အခွင့်အရေးအလွန်နည်းပါးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။