Thursday, July 21, 2011
အီဂျစ်ရွေးကောက်ပွဲ နိုင်ငံတကာစောင့်ကြည့်ခွင့်မပြု
အီဂျစ်တွင် ကျင်းပမည့် လာမည့် ရွေးကောက် ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်ရေးများကို လက်ခံမည် မဟုတ်ကြောင်း လက်ရှိ တိုင်းပြည်အာဏာကို ထိန်းသိမ်းထားသောအီဂျစ် စစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်သည်။
စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သော ဗိုလ်မှူးချုပ် မမ်ဒူးရှာဟီးက ရွေးကောက်ပွဲ ဥပဒေသစ်ကို ဗုဒ္ဓဟူးနေ့က သတင်းထောက်များသို့ ပြောကြားပြီး မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးခြင်းမရှိစေရန် နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များကို လက်ခံ မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ ဘာမှလိမ်ညာစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေ မယ့်ကိစ္စမျိုးတွေအတွက် ကျွန်တော်တို့ ငြင်းပယ်သွားမှာပါ။”
အီဂျစ်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များကသာ စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း သူကဆိုသည်။
ယင်းသို့ပြောကြားချက်များထွက်ပေါ်လာပြီးနောက် အီဂျစ်အရေးတက်ကြွလှုပ်ရှားသူများက ဟို့စနီမူဘာရက်ပြုတ်ကျသွားပြီး နောက် ပထမဦးဆုံးကျင်းပမည့် ရွေးကောက်ပွဲသည် ထင်သာမြင်သာရှိနိုင်မှုအပေါ်သံသယရှိနေကြပြီး စစ်တပ်အနေဖြင့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း ဆိုသည်။
လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရမည်ဟု စစ်တပ်မှ ကတိပေးခြင်းမှာ မလုံလောက်ကြောင်း၊ နိုင်ငံတကာလေ့ လာစောင့်ကြည့်ရေးအဖွဲ့များကိုလက်မခံဟု ဆိုသောအပြုအမူမှာ မူဘာရက်ကျင့်သုံးခဲ့သောနည်းလမ်းပင်ဖြစ်ကြောင်း လူ့အခွင့် အရေးဆိုင်ရာ အမျိုးသားကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဖက်ဇ်အဘူဆားဒ ကပြောသည်။
“နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဆိုတာ ခေတ်သစ်ရွေးကောက်ပွဲတွေရဲ့ လုပ်နည်းလုပ်ဟန်တစ်စိတ် တစ်ဒေသဖြစ်ပါတယ်။ အီဂျစ်မှာဘာတွေဖြစ်နေလဲဆိုတာ နိုင်ငံအများကြီးက စောင့်ကြည့်နေကြပါတယ်။ ဒီဆုံးဖြတ်ချက်က သိပ်ကောင်းတဲ့ သဘောတော့ မရှိဘူး။”
ဥပဒေသစ်အရ အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံနိုင်ခွင့် အသက်အပိုင်းအခြားကို ယခင် ၃၀ မှ ၂၅ နှစ်သို့ လျှော့ချပေးခဲ့သည်။ ထိုသို့အသက်ကန့်သတ်ချက်လျှော့ချပေးလိုက်ခြင်းမှာ ပြီးခဲ့သောလူထုအုံကြွမှုအတွင်း မူဘာရက်ကိုဖြုတ်ချ ခဲ့သော မျိုးဆက်များ လွှတ်တော်တွင်ပါဝင်ဆောင်ရွက်ခွင့်ရရန်ရည်ရွယ်သည်။
အထက်လွှတ်တော်အတွက်မူ အပြောင်းအလဲမရှိပေ။ အထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် အသက် ၃၅ နှစ်ရှိရမည်။ အထက်လွှတ်တော်အမတ် ၃၉၀ ထဲမှ ၁၀၀ ကိုသမ္မတက ရွေးချယ်ခန့်အပ်ရမည်။
ယခင်ရွေးကောက်ပွဲများတွင် လိမ်ညာညစ်ပတ်မှုများပြုလုပ်ခဲ့ပြီး မူဘာရက်အစိုးရလက်ထက်က တာဝန်ယူခဲ့သောပြည်ထဲရေးဝန် ကြီးဌာန၏ လုပ်ပိုင်ခွင့်များကို လျှော့ချပြီး ယခုအခါ တရားရေးက တာဝန်ယူကာ ရွေးကောက်ပွဲကိုကြီးကြပ်မည်ဖြစ်ကြောင်း ရှာဟီးက ပြောသည်။
Source: Al Jazeera
0 comments:
Post a Comment