Friday, July 22, 2011
ဥရောပနိုင်ငံများ ဂရိကို ကယ်တင်
ဂရိကြွေးမြီပြဿနာကိုဖြေရှင်းနိုင်ရန် ဥရောပခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးခေါ်ယူကာဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သဘောတူညီချက်တစ်ခုရရှိခဲ့ပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ကြီးနှင့် ဥရောပနိုင်ငံများမှ ဒုတိယ အကြိမ်မြောက် ငွေကြေးထောက်ပံ့ငွေအဖြစ် ယူရိုငွေ၁၀၉ ဘီလီယံ (၁၅၆ ဘီလီယံဒေါ်လာ) ကိုထုတ်ပေးရန်သဘော တူညီခဲ့ကြသည်။
ဘဏ်များနှင့် အခြားရင်းနှီးမြှပ်နှံသူများကလည်း ကူညီကယ်တင်ရေးအစီအစဉ်အဖြစ် ယူရို ၃၇ ဘီလီယံ (၅၃ ဘီလီယံဒေါ်လာ) ထုတ်ပေးကြမည်။ ယခုထပ်မံထုတ်ပေးမည့် ထောက်ပံ့ရေးငွေကြေးများမှာ လွန်ခဲ့သောနှစ်မေလက ထုတ်ပေးခဲ့သော ၁၄၆ ဘီလီယံဒေါ်လာကို ထပ်မံဖြည့်စွက်ပေးခြင်းဖြစ်သည်။
ယခုအစီအစဉ်၏ အဓိကအချက်မှာ ဥရောပငွေကြေးထောက်ပံ့ရေးယန္တရားဖြစ်သော ဥရောပငွေကြေးတည်ငြိမ်ရေးဌာန (European Financial Stabiity Facility- EFSF) ၏ အခန်းကဏ္ဍကိုချဲ့ထွင်ခြင်းဖြစ်ပြီး ပိုမို၍လွတ်လပ်စွာလုပ်ကိုင်နိုင်ရန် ဖြစ်သည်။
ကြာသပတေးနေ့ကကျင်းပခဲ့သော ထိပ်သီးစည်းဝေးပွဲ၏ အစည်းအဝေးရည်ရွယ်ချက်မှာ စပိန်နှင့်အီတလီတို့ကဲ့သို့ နိုင်ငံကြီးများ အကြွေးဝဲဂယက်အတွင်းသို့ ကျဆင်းမသွားရအောင် ဂရိကိုဝိုင်းဝန်းဆယ်တင်ရန်ရည်ရွယ်သည်။ သဘောတူညီချက် အကြမ်းကို ဥရောပခေါင်းဆောင်များညှိနှိုင်းရေးဆွဲခဲ့ပြီး ပုဂ္ဂလိက ငွေရှင်များကလည်း ဂရိကို ထောက်ပံ့ကြေးငွေပေးရန် သဘောတူညီကြ ကြောင်းဆိုသည်။
“ကျွန်တော်တို့အားလုံးကနေဝိုင်းဝန်းကူညီကြဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်သုံးခုကို ဒီနေ့ချမှတ်နိုင်ခဲ့ပါတယ်။ ဂရိနိုင်ငံရဲ့ ငွေကြေးအကြပ်အတည်းကို ကျွန်တော်တို့ဝိုင်းဝန်းကူညီကြဖို့ပါ။ ပတ်ဝန်းကျင်နိုင်ငံတွေကိုလည်း ကူးစက်မသွားအောင်တားဆီး တဲ့အနေနဲ့ပါ။ ဥရောပရဲ့ ငွေကြေးအကြပ်အတည်း တစ်ရပ်ကို နောက်ဆုံးကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။” ဟု ဥရောပကောင်စီဥက္ကဋ္ဌ ဟာမန်းဗန်ရွမ်ပိုင်းက ပြောသည်။
Source: Al Jazeera
0 comments:
Post a Comment