Saturday, July 23, 2011
နော်ဝေတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈၀ ကျော်သေဆုံး
နော်ဝေနိုင်ငံ မြို့တော်အော်စလိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၇ ဦးသေဆုံးပြီး ယူတိုယာကျွန်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ် ပွားရာ အနည်းဆုံး အယောက် ၈၀ သေဆုံးခဲ့သည်။ ယူတိုးယား လူငယ်နွေရာသီစခန်းတွင် ရဲဝတ်စုံဝတ်ဆင်ထားသော သေနတ်သမားတစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သောကြာနေ့ပစ်ခတ်မှုနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော အသက် ၃၂ နှစ်ရှိ နော်ဝေလူမျိုးတစ်ဦးကို ရဲကဖမ်းဆီးပြီး စစ်ဆေးမေးမြန်းလျက်ရှိသည်။ အော်စလိုဗုံးပေါက်ကွဲမှု မဖြစ်မီက သူ့ကို အော်စလိုတွင်တွေ့မြင်ခဲ့ရကြောင်းရဲက ဆိုသည်။ အော်စလိုပေါက်ကွဲမှုသည် ဝန်ကြီးချုပ်ရုံးစိုက်ရာ အဆောက်အဦကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲကပြောသည်။
နော်ဝေရုပ်သံဌာနဖြစ်သော NRK က ဖမ်းဆီးထားသူမှာ အန်ဒါစ်ဘယ်ရင်းဘရိဗစ်ဟု အမည်ရကြောင်းကြေငြာခဲ့သည်။ TV2 ရုပ်မြင်သံကြားဌာနကမူ အဆိုပါဖမ်းဆီးထားသောသူမှာ လက်ယာစွန်းရောက်အုပ်စုများနှင့် အချိတ်အဆက်ရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ အရပ်မြင့်မြင့်၊ ဆံပင်ရွှေရောင်ရှိကြောင်းပြောသည်။
သူနေထိုင်ခဲ့သော အော်စလိုအနောက်ဘက်တိုက်ခန်းကို ရဲများက ရှာဖွေလျက်ရှိပြီး အိမ်နီးချင်းအချို့ကို ဖယ်ရှားခိုင်းခဲ့သည်။
“ရဲတွေက စုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင်နေပါပြီ။ လူတစ်ယောက်ကိုဖမ်းဆီးထားပါတယ်။ နိုင်ငံရေးရည်ရွယ်ချက် နဲ့တိုက်ခိုက်ခြင်း ဟုတ်မဟုတ်သိရဖို့ ကျွန်တော်တို့ စောင့်နေပါတယ်။” ဟု နော်ဝေဝန်ကြီးချုပ် ဂျန်စ်စတိုလ်တန်ဘာ့ဂ်က အော်စလိုတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သေနတ်သမားသည် လက်နက်ငယ်တစ်လက်၊ အော်တိုမက်တစ်တစ်လက်နှင့် ပြောင်းတိုတစ်လက်တို့ကို ကိုင်ဆောင်ထားခဲ့ ကြောင်းဆိုသည်။
ဘရိဗစ်သည် မေလအတွင်းက မြေသြဇာ ၆ တန်ဝယ်ယူခဲ့ကြောင်း လယ်ယာလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေးဆိုင်က AFP သတင်းသို့ပြောပြခဲ့သည်။ အချို့သောမြေသြဇာများကို ပေါက်ကွဲစေသောပစ္စည်းများပြုလုပ်ရာတွင် ယခင်က အသုံးပြုခဲ့ကြသည်။
Source: Al Jazeera
0 comments:
Post a Comment