Tuesday, July 26, 2011
ဘရီးဗစ် အမှုကို တံခါးပိတ်စစ်ဆေး
လူပေါင်း ၇၆ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသူ နော်ဝေနိုင်ငံသား အန်ဒါစ်ဘရီးဗစ်သည်အပေါင်း အပါများနှင့် ပူးပေါင်းကျူးလွန်ခဲ့ခြင်းရှိ၊ မရှိကို ရဲက ရှာဖွေစုံစမ်းဖေါ်ထုတ်လျက်ရှိကြောင်းသိရသည်။
တနင်္လာနေ့ တရားခွင်တွင် ဘရီးဗစ်က ထွက်ဆိုခဲ့ရာ သူ့တွင် နောက်ထပ် အဖွဲ့ခွဲနှစ်ခုရှိသေးကြောင်းဆို၏။ တရားခွင်ကြားနာ အပြီးတွင် အော်စလိုတရားရုံးမှ တာဝန်ရှိသူတစ်ဦးက အသေးစိတ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။ တရားရုံးအကြီးအကဲ ဂျီယာအန်ဘရီဆန်က ဘရီးဗစ်၏ အမှုကိုတရားသူကြီး ကင်မ်ဟာဂျာကိုင်တွယ်နေကြောင်းပြောသည်။
“ကျွန်တော်တို့မှာ နောက်ထပ် အဖွဲ့ငယ်နှစ်ခုရှိသေးတယ် … ဆိုတဲ့ ဘရီးဗစ်ရဲ့ထွက်ချက်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ကြေငြာချက်ထုတ်ထားပါတယ်။” ဟု တနင်္လာနေ့အစောပိုင်းကပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဟာဂျာက ပြောသည်။
တနင်္လာနေ့က တရားရုံးတွင်ဘရီးဗစ်သည် တည်တည်ငြိမ်ငြိမ်ပင် သူ့ကျန်ရှိနေသော ဘဝအချိန်များကိုထောင်ထဲမှာပင်ကုန်ဆုံး သွားရန် မျှော်လင့်သွားကြောင်းပြောဆိုခဲ့သည်။ ဘရီးဗစ်က တိုက်ခိုက်မှုကို ကျူးလွန်ကြောင်းဝန်ခံခဲ့ပြီး တရားသူကြီးက ရှစ်ပတ် ချုပ်နှောင်ထားရန် အမိန့်ချမှတ်ခဲ့သည်။
ဘရီးဗစ်ထံသို့ ရှေ့နေမှ အပ စာများ၊ ဧည့်သည်များ၊ သတင်းသမားများလာရောက်ခွင့် ပိတ်ပင်ထားကြောင်း၊ တရားခွင်မှာ တစ်နှစ်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ဟာဂျာက ပြောသည်။
“သူဘာလုပ်ခဲ့သည်၊ ထို့ပြင် ဘာကြောင့် လုပ်ခဲ့ရသည်” ဟူသည့်အချက်များကို လူထုအားကောင်းစွာကြားသိစေချင် သည့် အတွက် သူ့တရားခွင်ကို လူအများရှေ့မှောက်တွင် ပြုလုပ်စေချင်သည်ဟုတောင်းဆိုခဲ့ကြောင်း အယ်လ်ဂျာဇီယာ သတင်းထောက် ဟယ်ရီစမစ်က အော်စလိုမှ သတင်းပေးပို့ခဲ့သည်။
သို့သော် အစိုးရရှေ့နေများ၊ ရဲများက တံခါးပိတ်စစ်ဆေးသင့်ကြောင်း အကြံပြုခဲ့ကြပြီး တရားသူကြီးက သတင်းသမားများနှင့် လူထုကို တက်ရောက်ခွင့်မပြုခဲ့ပေ။ ဘရီးဗစ်ကို နိုင်ငံတော်အကြမ်းဖက်မှု ပုဒ်မဖြင့်ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ မပြည့်စုံ သေးသ၍ အမိန့်ချမှတ်၍မရသေးပေ။
သောကြာနေ့က ဖြစ်ပွားခဲ့သော ဗုံးကွဲမှုနှင့် ပစ်ခတ်မှုတွင် သေဆုံးသူ ၉၃ ယောက်ဟု ခန့်မှန်းခဲ့ပြီးနောက် တနင်္လာနေ့တွင် ၇၆ ယောက်ဟု ရဲကဆိုသည်။
အော်စလိုမြို့လည် အစိုးရရုံးရှေ့ကားဗုံးကွဲမှုတွင် ရှစ်ဦးသေ၊ ယူတိုးယားကျွန်းပစ်ခတ်မှုတွင် သေဆုံးသူ ၆၈ ဦးသေဆုံးကြောင်း ဆို၏။
ဘရီးဗစ်၏ ဖခင်ဖြစ်သူ ဂျန်းစ်ဘရီးဗစ် တနင်္လာနေ့က ရုပ်သံအစီအစဉ်တစ်ခုတွင် သူ့သားသည် လူ ၇၆ ယောက်ကို ပစ်သတ်မည့် အစား သူ့ကိုယ်သူသာ သတ်သေသင့်ကြောင်း ပြောကြားခဲ့သည်။
“လူတွေ အများကြီးကို သတ်မယ့် အစား သူ့ကိုယ်သူပဲ သတ်သေလိုက်တာ ပိုကောင်းမှာ ။” ဟုဆိုသည်။
နော်ဝေနှင့် အခြားအိမ်နီးချင်းနိုင်ငံများတွင် တနင်္လာနေ့ က ဒေသစံတော်ချိန် ၁၂း၀၀ နာရီတိတိတွင် သေဆုံးသွားသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့်ငြိမ်သက်စွာ နေခဲ့ကြသည်။
ယူတိုးယားကျွန်းပစ်ခတ်မှုကြောင့်သေဆုံးသွားသူများထဲတွင် အိမ်ရှေ့မင်းသား၏ မိဘဘက်ပါ ညီထွေးတစ်ဦးလည်း ပါဝင်ကြောင်း နော်ဝေ တော်ဝင်အသိုင်းအဝိုင်းက ပြောသည်။ ထရွန်ဘန်းဆန်း အသက် ၅၁ နှစ်သည် အငြိမ်းစားရဲဝန်ထမ်းတစ် ဦးဖြစ်ပြီး ကျွန်းပေါ်တွင် စေတနာ့ဝန်ထမ်း အစောင့်တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပစ်ခတ်မှုအတွင်းသေဆုံးသွား ကြောင်း ဗာဒန်စ်ဂန်း သတင်းစာက ဖေါ်ပြခဲ့သည်။
ရဲက ယင်း ဖြစ်ရပ်တွင်ပူးပေါင်းပါဝင်သူများနောက်ထပ်ရှိ၊ မရှိ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။ ပြင်သစ်တွင်လည်း ဘရီးဗစ်၏ ဖခင်ဖြစ်သူအိမ်ကို ရဲများက ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ ဖခင်ဖြစ်သူက သားဖြစ်သူ ဘရီးဗစ်နှင့် ၁၉၉၅ ခုနှစ်ကတည်း က အဆက်အသွယ်မရှိတော့ကြောင်း ပြောခဲ့သည်။
ခရူးဆိတ်စစ်သားသဖွယ်ခံယူထားသော ဘရီးဗစ်က ဥရောပတွင် မွတ်စလင်များကြီးစိုးလာနေခြင်းကို လက်မခံနိုင်ကြောင်း၊ အဆုံးသတ်ပစ်ရန်လိုအပ်ကြောင်း ၊ အင်တာနက်တွင်လည်း မွတ်စလင်ဆန့်ကျင်ရေးစာများ၊ လက်ယာစွန်းရောက်စာများ ရေးသား ဖြန့်ဝေထားကြောင်းဆိုသည်။ ရဲကမူ ဘရီးဗစ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကို အတည်ပြုပြောကြားခြင်း မရှိသေးပေ။ သို့သော် သူ့ရှေ့နေ ဂျီယာ လစ်ပက်စတက်ဒ်က လေဘာပါတီထံသို့ သူက သတိပေးစာပို့ချင်သည့် အကြောင်းပြောသည်ဟု ဆိုသည်။
Source: Al Jazeera
0 comments:
Post a Comment