Monday, July 25, 2011
ဘာရိန်းဆန္ဒပြမှုများအတွင်း အကြမ်းဖက်နှိမ်နင်းမှုများကို စစ်ဆေးရန် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း
ယခုနှစ်အစောပိုင်းက ဘာရိန်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော လူထုအုံကြွမှုများအတွင်း အကြမ်းဖက်နှိမ်နင်းမှုများကြောင့် လူပေါင်း အယောက် ၃၀ ကျော် သေဆုံးခဲ့ရသော ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန် ဘာရိန်းဘုရင်၏ အမိန့်ဖြင့် စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်း ပြီး စစ်ဆေးမှုများစတင်ဆောင်ရွက်နေပြီဖြစ်သည်။
သံတမန်ရေးရာ တိုက်တွန်းမှုများကြောင့် ဘုရင် ဟာမက်ဘင်အီဆာအယ်လ်-ခါလီဖါက စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် နိုင်ငံတကာမှ ကျွမ်းကျင်သူများပါဝင်ပြီး လုံးဝလွတ်လပ်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။
ယင်းအဖွဲ့ကို အမေရိကန်အခြေစိုက် ဥပဒေပါမောက္ခနှင့် ကုလသမဂ္ဂစစ်ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ ချာရစ်ဖ်ဘေ့စ်ဆီယိုနီက ဦးဆောင်မည်ဖြစ်ပြီး သူသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးတွင် လုပ်ဆောင်ချက်များထူးခြားကောင်းမွန် ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ရန်အဆိုတင်သွင်းခံရဖူးသူဖြစ်သည်။
ထို့ပြင် ဗြိတိန်၊ အီရန်၊ ကူဝိတ်နှင့် ကနေဒါတို့မှ ရှေ့နေများလည်း အဖွဲ့တွင်ပါဝင်မည်ဖြစ်ပြီး သူတို့ကို အစိုးရရုံးများ၊ ဌာနများရှိ လိုအပ်သော အချက်အလက်များကို စိတ်တိုင်းကျရှာဖွေစုဆောင်းခွင့်ပေးထားမည်ဖြစ်သည်။
အဆိုပါအဖွဲ့ထံသို့ မျက်မြင်ကိုယ်တွေ့များက ဖေဖေါ်ဝါရီလနှင့် မတ်လများအတွင်းဖြစ်ပွားခဲ့သော လူထုအဓိကရုဏ်းများအတွင်း အဖြစ်အပျက်များနှင့်ပတ်သက်၍ အစစ်ခံချက်များ ၊ သက်သေခံချက်များ ပြောကြားလိုပါက လျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ချားလ်စ်စထရက်ဖို့ထ်က ပြောသည်။
ထိုစဉ်တွင် ဘာရိန်းတရားဟောဆရာတစ်ဦးက ဆွန်နီဘုရင်အုပ်ချုပ်သောနိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် အုံကြွမှုများကို ငါးလတာ ဖြိုခွင်းနှိမ်နင်းစဉ်အတွင်း ရှီးအိုက် ဗလီ အလုံး ၃၀ ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ဆိုသည်။
ဘာရိန်းနိုင်ငံသည် ရှီးအိုက်အများစုနေထိုင်သောတိုင်းပြည်ဖြစ်ပြီး လွတ်လပ်မှုနှင့် အခွင့်အရေးများတောင်းဆိုခဲ့ခြင်းကြောင့် အစိုးရက နှိမ်နင်းခဲ့ရာတွင် ဗလီဖျက်ဆီးခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း တရားဟောဆရာ ဆေးယက်အဗ္ဗဒူလာ အယ်လ် ဂိုရီးဖီက ပြောသည်။ မြို့တော်မနားမား အစွန်တွင်ပြုလုပ်သောစနေနေ့ ဆန္ဒပြပွဲတစ်ခုတွင် အယ်လ်ဂိုရီဖီက ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဘာရိန်းသည် အမေရိကန် အမှတ် ၅ ရေတပ်စစ်စခန်းချရာနိုင်ငံဖြစ်ပြီး ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ကြောင့် နောက်ထပ်တင်းမာမှုများ ဆက်လက်ဖြစ်ပွားဖွယ်ရှိသည်။
ဖေဖေါ်ဝါရီလ ဆန္ဒပြမှုများစတင်ဖြစ်ပွားစဉ်ကတည်းက ရှီးအိုက် ဆရာဝန်များ၊ ရှေ့နေများ၊ တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာ ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုအထဲမှ ၂၀ ကျော် ၃၀ ခန့်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အထူးစစ်ခုံရုံးတွင် စစ်ဆေးခဲ့သည်။
ဘာရိန်းရုပ်သံ BNA က ဘာရိန်းတွင် ဆော်ဒီတပ်များဆက်လက်စွဲထားကြောင်း စနေနေ့ကကြေငြာခဲ့သည်။ ဆူပူအုံကြွမှုများ စတင်ဖြစ်ပွားစဉ်ကတည်းက ဘာရိန်းအစိုးရကိုကူညီ၍ ဆန္ဒပြမှုများကို ဖြိုခွင်းပေးရန် ဆော်ဒီနှင့် ယူအေအီးတို့မှ တပ်များကို စေလွှတ်ခဲ့ ခြင်းဖြစ်သည်။
အဆိုပါတပ်များသည် ပင်လယ်ကွေ့အာရပ်နိုင်ငံများ အကျိုးတူပူးပေါင်းမှု ဆိုင်ရာ ကျွန်းဆွယ်ကာကွယ်ရေးတပ်များ၏ တစ်စိတ် တစ်ဒေသဖြစ်သည်။
“ကျွန်းဆွယ်ကာကွယ်ရေးတပ်တွေက ဘာရိန်းတပ်အချို့နဲ့ပူးပေါင်းပြီးတော့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပူးပေါင်း ဆောင်ရွက်နေပါတယ်။” ဘာရိန်ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း BNA သတင်းကကြေငြာခဲ့သည်။
မျက်မြင်သက်သေတစ်ဦးတစ်ဦး၏ ပြောကြားချက်အရ စနေနေ့ညနေက ဆော်ဒီနှင့် ဘာရိန်းဆက်သွယ်ထားသော ကမ်းရိုးလမ်း တွင် မည်သည့်တပ်မှ မတွေ့ကြောင်း ဆိုသည်။ နောက်ထပ် တပ်သစ်များ ထပ်မံချထားနိုင်သည့် အလားအလာနှင့် ပတ်သက်၍ ဘာရိန်းအတိုက်အခံခေါင်းဆောင်တစ်ဦးက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ယခုရက်သတ္တပတ်အစောပိုင်းက အစိုးရဦးဆောင်သော ပြုပြင်ပြောင်းလဲရေး ဆွေးနွေးညှိနှုင်းပွဲပျက်ပြားသွားပြီးနောက် ဘာရိန်း ရှိ အကြီးမားဆုံးရှီးအိုက်အတိုက်အခံအဖွဲ့ကိုထောက်ခံသော လူထုစုရုံးဆန္ဒပြပွဲတစ်ရပ် သောကြာနေ့က ကျင်းပခဲ့ရာ လူပေါင်း သောင်းနှင့်ချီတက်ရောက်ခဲ့ကြသည်။
Source: Al Jazeera
0 comments:
Post a Comment