Sunday, July 17, 2011
ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် အိုဘားမားကို တရုတ်ရှုံ့ချ
အမေရိကန်သမ္မတ အိုဘားမားက တရုတ်ပြည်တိဘက်ခွဲထွက်ရေးခေါင်းဆောင် ဘုန်းတော်ကြီးဒလိုင်းလားမားကို အိမ်ဖြူတော် တွင်လက်ခံတွေ့ဆုံခဲ့ခြင်းသည် တရုတ်ပြည်တွင်းရေးကို အကြီးအကျယ် ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု တရုတ်အစိုးရက ပြောဆို ရှုံ့ချခဲ့သည်။
တရုတ် အစိုးရက ပြည်နှင် ဒဏ် ပေးထားသော နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို သမ္မတအိုဘားမားက စနေနေ့က အိမ်ဖြူတော်တွင် ၄၅ မိကြာလက်ခံတွေ့ဆုံခဲ့သည်။ အမေရိကန်ပြည်ထောင်စုက တိဘက်လွတ်မြောက်ရေးအတွက် မည်သည့် အကူအညီမျှ မပေးနိုင်ခဲ့သော်လည်း ဒလိုင်းလားမား၏အကြမ်းမဖက်ငြိမ်းချမ်းသောနည်းလမ်းဖြင့် တိုက်ပွဲဝင်နေခြင်းကို ချီးကျူးစကားပြောကြားခဲ့သည်။
တရုတ်အစိုးရက ဒလိုင်းလားမားသည် တိဘက်ခွဲထွက်ရေးအတွက် နိုင်ငံတွင်းအကြမ်းဖက်မှုများကို ထောက်ခံအားပေးနေပြီး အိုဘားမားက လက်ခံတွေ့ဆုံခြင်းမှာနှစ်နိုင်ငံဆက်ဆံရေးတွင် ကြီးမားသောဆိုးကျိုးများဖြစ်ခဲ့ပြီဖြစ်ကြောင်း ချက်ခြင်းတုံ့ပြန်ပြော ဆိုလိုက်ပြီး အမေရိကန်အကြီးတန်းသံအရာရှိတစ်ဦးကို လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ခဲ့သည်။
“အခုလိုလုပ်ဆောင်ချက်က တရုတ်ပြည်ရဲ့ ပြည်တွင်းရေးကို မတရားဝင်ရောက်စွက်ဖက်တာဖြစ်ပြီး တရုတ်လူမျိုးတွေကို ထိခိုက်စေပြီး နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ပျက်ပြားစေပါတယ်။” တနင်္ဂနွေနေ့အစောပိုင်းတွင် ထုတ်ပြန်သော တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရ မာဇာအိုရှူ၏ ကြေငြာချက်တွင်ဖေါ်ပြခဲ့သည်။
“ဒလိုင်းလာမားက ဘာသာရေးကိုအကြောင်းပြပြီးတော့ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားနေတာပါ။” ဟုလည်းဆို၏။
“အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်အစိုးရ၏ စည်းမျဉ်းများနှင့် ရပ်တည်ချက်အပေါ်အလေးထားဆောင်ရွက်ရန် တောင်းဆိုလိုက်ပါသည်။ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားစေမည့်အပြုအမူများကို ချက်ခြင်းရပ်တန့်ရန်၊ တိဘက်လွတ်လပ်ရေးနှင့် တရုတ်ဆန့်ကျင်ရေး အင်အားစုများကို ထောက်ခံပြီး တရုတ်ပြည်အရေးတွင်ဝင်ရောက်စွက်ဖက်နေမှုများကို ရပ်တန့်ရန် တောင်းဆိုလိုက်သည်။”
တရုတ်လက်ထောက်နိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးက ဘေဂျင်းရှိအမေရိကန်သံရုံးအတွင်းဝန် ရောဘတ်ဝင်းကို ဆင့်ခေါ်ခဲ့သည်။
ဒလိုင်းလားမားက တရုတ်အစိုးရ၏ စွပ်စွဲမှုများကိုငြင်းဆိုလိုက်ပြီး တိဘက်ကိုယ်ပိုင်အုပ်ခွင့်ရရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် လွှဲပြောင်းပေးရေးကို လိုလားခြင်းသာဖြစ်ကြောင်း ဆို၏။ တိဘက်သည် တရုတ်အနောက်တောင်ဘက်အစွန်အဖျားရှိ ဟိမဝန္တာဒေသတွင် တည်ရှိသောနယ်မြေဖြစ်သည်။
အိမ်ဖြူတော်မှထုတ်ပြန်သောကြေငြာချက်တွင် ဒလိုင်းလားမားက အိုဘားမားအား သူ့အနေနှင့် တိဘက်လွတ်မြောက်ရေး အတွက်အားထုတ်နေခြင်းမဟုတ်ကြောင်း၊ မကြာမီတွင် တရုတ်အစိုးရနှင့် သူ့ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးရေးဖြစ်မြောက် မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြပါရှိသည်။
“တရုတ်နှင့် တိဘက်ကြားကာလကြာမြင့်စွာ ကွဲပြားခြားနားနေမှုများကို ဖြေရှင်းနိုင်ရန် တိုက်ရိုက်တွေ့ဆုံနွေးရေးကို အမေရိကန်သမ္မတအနေနှင့် အလေးအနက်ထားတိုက်တွန်းလိုက်ပြီး နှစ်ဘက်စလုံးအတွက် ကောင်းမွန်သောအဖြေတရပ် ထွက်ပေါ်လာရေးကို မျှော်လင့်ကြောင်း” ကြေငြာချက်တွင်ဖေါ်ပြထားသည်။
အမေရိကန်-တရုတ်ဆက်ဆံရေးတည်ဆောက်မှု အရေးကြီးကြောင်းကိုလည်း သမ္မတက အလေးထားပြောကြားသွားကြောင်း အိမ်ဖြူတော်မှ ဆိုသည်။
ကမ္ဘာပေါ်တွင် တိဘက်နှင့် တိဘက်လူမျိုးတို့၏ ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းရန် အထူးအားပေးထောက်ခံကြောင်းလည်း သမ္မတအိုဘားမားက အလေးအနက်ပြောဆိုခဲ့ကြောင်း ဒလိုင်းလားမားနှင့် အိုဘားမား တို့တွေ့ဆုံပွဲအပြီးတွင် အိမ်ဖြူတော်ပြောခွင့်ရ ဂျေးကာနီက ပြောကြားခဲ့သည်။
စနေနေ့အစောပိုင်းက တရုတ်တာဝန်ရှိသူများက တွေ့ဆုံရေးကို ဖျက်သိမ်းပစ်ရန်တောင်းဆိုခဲ့သေးသည်။
ဒလိုင်းလားမားက အိုဘားမားနှင့် တွေ့ဆုံရခြင်းအပေါ်ဝမ်းမြောက်ခဲ့ပြီး လူသားဖြစ်တည်မှုနှင့် သက်ဆိုင်သော ခံယူချက်များတွင် အိုဘားမားနှင့် သဘောချင်းတိုက်ဆိုင်မှုများ ရှိကြောင်း ဆိုသည်။
“အိုဘားမားက အကြီးမားဆုံး ဒီမိုကရက်တစ်နိုင်ငံတစ်ခုရဲ့ သမ္မတဖြစ်ပါတယ်။ ဒါကြောင့် လူ့စံတန်ဖိုးတွေ၊ လူ့အခွင့်အရေးတွေ၊ ဘာသာရေးလွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ သူ့မှာမှန်ကန်တဲ့ ခံယူချက်တွေရှိပါတယ်။” ဟု ဒလိုင်းလားမားက ဆို၏။
“အိုဘားမားမှာ တိဘက်၊ အခြားဒေသတွေနဲ့ ပတ်သက်ပြီးတော့ စစ်မှန်တဲ့ခံစားချက်ရှိပါတယ်။”
၁၉၅၉ ခုနှစ်ကတည်းက ဒလိုင်းလားမားသည် ပြည်နှင်ဒဏ်ဖြင့် အိန္ဒိယသို့ရောက်ရှိနေခဲ့သည်။
ဒလိုင်းလားမားအနေဖြင့် တိဘက်ခွဲထွက်ရေး၊ တရုတ်ဆန့်ကျင်ရေးတို့ကိုစွန့်လွှတ်ပြီး တိုင်ဝမ်ကို တရုတ်ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြု နိုင်မည်ဆိုလျှင် နိုင်ငံအတွင်းသို့ အချိန်မရွေးပြန်ဝင်လာနိုင်ကြောင်း တရုတ်အစိုးရက ဆိုသည်။
၂၀၁၀ ဖေဖေါ်ဝါရီလအတွင်းကလည်း ဒလိုင်းလားမားနှင့် အိုဘားမားနောက်ဆုံးတွေ့ဆုံခဲ့သေးသည်။
Source: Al Jazeera
0 comments:
Post a Comment