ဆီးရီးယားအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်ရန် မဲခွဲဆုံးဖြတ်ရန် ကုလသမဂ္ဂက စီစဉ်ထားသည်။ သို့သော် လုံခြုံကောင်စီတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်ရန် အနေအထားမှာမူ မျှော်လင့်ချက်နည်းလေသည်။
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် မဲပေးဆုံးဖြတ်ကြမည်ဖြစ်ပြီး ကောင်စီတွင်း သဘောထားမတိုက်ဆိုင်သောနိုင်ငံများ အကြား မဲမပေးမီ အကျေအလည်ညှိုနှိုင်းဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာရန် မျှော်လင့်ချက်နည်း ကြောင်း သက်ဆိုင်ရာ သံတမန်များက အင်္ဂါနေ့က ပြောသည်။
ဆုံးဖြတ်ချက်အပေါ် မကျေမလည်ဖြစ်နေရသည့် အဓိကအကြောင်းအရင်းမှာ အနောက်အုပ်စုများက စီးပွားရေးပိတ် ဆို့မှုနှင့် အကြမ်းဖက်မှုများရပ်တန့်ရေးအတွက် အင်အားသုံးဖြေရှင်းနိုင်သော ကုလသဘောတူညီချက် အခန်း ၇ ပါ အချက်များထည့်သွင်းဆုံးဖြတ်ရန် တောင်းဆိုနေခြင်းကြောင့်ဖြစ်လေသည်။
ရုရှအနေနှင့် စီးပွားရေးပိတ်ဆို့မှု၊ အင်အားသုံးဖြေရှင်းမှု စသည့်ဆုံးဖြတ်ချက်များအားလုံးကို လက်ခံနိုင်ဖွယ်မရှိပေ။ ထိုအချိန်တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများက အခန်း ၇ ပါ အချက်များအရ လိုအပ်လျှင် စစ်အင်အားသုံးနိုင် သည့် အချက်ကို ပါဝင်ဆုံးဖြတ်စေလိုသည်။
အင်္ဂါနေ့က လာမည့်ဆုံးဖြတ်ချက်အသစ်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် ရုရှက တောင်းဆိုခဲ့လေသည်။ တွေ့ဆုံးဆွေးနွေးပွဲပြီးနောက် စီးပွားရေးပိတ်ဆို့မှု၊ စစ်ရေးအရအရေးယူမှုများကို ရုရှအနေနှင့် သဘောတူလက်ခံနိုင် မည်မဟုတ်ကြောင်း ရုရှသံအမတ် အလက်ဇန္ဒါးပန်ကင်က ပြောကြားခဲ့သည်။
ကုလ-အာရပ်အဖွဲ့ချုပ်နှစ်ရပ်ပေါင်း စေလွှတ်ထားသော ငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်က ဆီးရီးယား ပြဿာနာသည် လက်မခံနိုင်လောက်အောင် အခြေအနေဆိုးဝါးနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရုရှသမ္မတ ဗလာဒီမာ ပူတင်က ကိုဖီအာနန်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။
ကိုဖီအာနန်လည်း အင်္ဂါနေ့က ရုရုသမ္မတ ပူတင်နှင့်တွေ့ဆုံရန် သွားရောက်ခဲ့သည်။ နောက်ထပ်အသစ်ချမှတ်မည့် ဆုံးဖြတ်ချက်အပေါ် ရုရှက ဗီတိုအာဏာသုံးပယ်ရှားမည့် အရေးအတွက် ကြိုတင်သွားရောက် ညှိနှိုင်းနေခြင်း ဖြစ်သည်။
ရုရှသမ္မတနှင့် အစိုးရအဖွဲ့ဝင်များသည် ဆီးရီးယား၏ အကြမ်းဖက်နှိမ်နင်းမှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်အပြစ်ပေး အရေးယူသွားမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်အထိ ဆီးရီးယားသမ္မတ အာဆက်အပေါ် တင်းတင်း မာမာ ပြုမူမည့် အရိပ်အယောင်မျှ မတွေ့ရသေးပေ။
`ဆီးရီးယားငြိမ်းချမ်းရေး အတွက် ခင်ဗျားဆောင်ရွက်နေတာတွေကို ဟိုးအစကတည်းက ကျွန်တော်တို့ အားပေးထောက်ခံခဲ့ပြီး အခုထိလည်း ဆက်လက် အားပေးထောက်ခံနေပါတယ်။` ဟု ပူတင်က ကိုဖီအာနန်နှင့် တွေ့ဆုံရာတွင် စတင်ပြောကြားခဲ့လေ သည်။
ကိုဖီအာနန်ကလည်း ဆီးရီးယားအခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားရောက်နေပြီဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့လေသည်။
သုံးလကြာမြင့်ခဲ့ပြီဖြစ်သော ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်မှာ အကြမ်းဖက်မှုများမြင့်မားလာခြင်းဖြင့်သာ ကြုံတွေ့ခဲ့ရပြီး အောင်မြင်မှုမရရှိခဲ့ပေ။ လာမည့်ဆုံးဖြတ်ချက်အသစ်ချမှတ်မည့် အချိန်တွင် ယင်းအစီအစဉ်သက်တမ်း ကုန်သွားတော့မည်ဖြစ်လေသည်။ စုံစမ်းလေ့လာရေးအဖွဲ့ဝင် ၃၀၀ စေလွှတ်ထားမှုကိုလည်း ငြိမ်းချမ်းရေးကောင်စီက ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ဆက်လက်ထားရှိရေး ၊ ပြန်လည်ခေါ်ယူရေးအတွက် ဆုံးဖြတ်မည်ဖြစ်သည်။
ဆီးရီးယားပြဿနာမှာ ပြည်တွင်းစစ်ပွဲအသွင်ကူးပြောင်းသွားပြီဖြစ်ကာ ၁၆ လကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ဖက်စစ်သား များနှင့် အရပ်သား ထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။
Source: Al Jazeera
Wednesday, July 18, 2012
Sunday, July 8, 2012
အာဖဂန်တွင် အမျိုးသမီးတစ်ဦးကို လူအများရှေ့တွင် အပြစ်ပေးသတ်ဖြတ်
http://aje.me/L0SkDB
တာလီဘန်ဟု ဆိုသောအမျိုးသားတစ်ဦးက အိမ်ထောင်ရေးဖေါက်ပြန်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးတစ်ဦးကို ကဘူးလ်မြို့အနီး လူအများရှေ့တွင် ပစ်သတ်ခဲ့သည့် ဗွီဒီယိုကို ရိုက်တာသတင်းဌာနက ရရှိခဲ့သည်။
သုံးမိနစ်ကြာမြင့်သော ယင်းဗွီဒီယိုမှတ်တမ်းတွင် အပြစ်ကျူးလွန်သည်ဟုစွပ်စွဲခံရပြီး ငုတ်တုတ်ထိုင်နေသော အမျိုးသမီးကို ခေါင်းပေါင်းပေါင်းထားသော အမျိုးသားတစ်ဦးကအော်တိုမက်တစ်ရိုင်ဖယ် သေနတ်ဖြင့် အနီးကပ် ငါးချက်ပစ်သတ်ခဲ့ ကြောင်း တွေ့ရသည်။ ပြီးနောက် ဝိုင်းဝန်းကြည့်ရှုနေကြသော အမျိုးသား ၁၅၀ က ဝိုင်းဝန်း အော်ဟစ်အော်ဘာပေးကြလေသည်။ ပါဝမ်ပြည်နယ် ကျေးရွာတစ်ရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်လေသည်။
`အိမ်ထောင်ရေးဖေါက်ပြန်တာမလုပ်ဖို့ အလ္လာက ပြောထားတယ်။ ဒီမိန်းမကို သတ်ဖြတ်ဖို့ အလ္လာက အမိန့် ပေးထားတယ်။` ဟု သေနတ်သမား အမျိုးသမီးအနီးချဉ်းကပ်သွားစဉ် အခြားအမျိုးသားတစ်ဦးက ပြောသည်။
ယင်းအဖြစ်အပျက်သည် ကဘူးလ်မှ တစ်နာရီခန့်အကြာသာ ကားမောင်းသွားရသော ရှင်ဝါရီခရိုင်ရှိ ခင်ချုပ်ကျေးရွာ တွင် လွန်ခဲ့သော တစ်ပတ်က ရိုက်ကူးထားခဲ့သော ဗွီဒီယိုဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးဘဆာဆလန်ဂီက ပြောသည်။
ယင်းကဲ့သို့ လူစုလူဝေးရှေ့မှောက် သတ်ဖြတ်စီရင်ခြင်းများသည် တာလီဘန်တို့အာဏာရှိစဉ် ၁၉၉၆-၂၀၀၁ ခုနှစ် ကာလအတွင်းက အာဖဂန်လူထုအတွက် နာကျင်ကြေကွဲဖွယ်ဖြစ်ရပ်များအဖြစ် အမှတ်ရနေစေခဲ့သည်။ တာလီဘန် တို့ကို နေတိုးတပ်ဖွဲ့များ တိုက်ခိုက်လာသည်မှာ ၁၁ နှစ်ရှိပြီဖြစ်ပြီး အာဖဂန်အသိုင်းအဝန်းရှိ အမျိုးသမီးများနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများအတွက် ဝေဖန်ပြောဆိုမှုများရှိနေဆဲဖြစ်သည်။
`ကျွန်တော်ဒီဗွီဒီယိုကို ကြည့်တဲ့အခါမှာ မျက်စေ့တောင်ပိတ်ထားမိပါတယ်။ အမျိုးသမီးမှာ ဘာအပြစ်မှမရှိ ပါဘူး။ တာလီဘန်တွေသာ အပြစ်ရှိတာပါ။` ဟု ဆလန်ဂီက ရိုက်တာသတင်းဌာနသို့ ပြောသည်။
Source: Al Jazeera
Thursday, July 5, 2012
ကမ္ဘောဒီးယားတွင် ရောဂါဆန်းကြောင့် သုံးလအတွင်း ကလေး ၆၀ ကျော်သေဆုံး
ကမ္ဘောဒီယားတွင် သုံးလအတွင်း ကလေးသူငယ် ၆၀ ကျော်သေဆုံးခဲ့ရသည့် ရောဂါ၏ ဇစ်မြစ်ကို သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများ ရှာဖွေစမ်းစစ်လျှက်ရှိသည်။
ကမ္ဘောဒီယားကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့မှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေငြာ ချက်တွင် အာရုံကြောစံနစ်ဆိုင်ရာ ရောဂါလက္ခဏာများပါဝင်သော အသက်ရှူလမ်းကြောင်း ရောဂါကို လေ့လာနေ ကြောင်း ပြောကြားခဲ့သည်။
ဆေးရုံသို့ရောက်ရှိလာသော ရောဂါဖြစ်ပွားနေသည့် ကလေး ၆၂ ယောက်တွင် ၆၁ ယောက်သေဆုံးသွားခဲ့ကြောင်း သိရသည်။ အများစုမှာ ကမ္ဘောဒီးယားတောင်ပိုင်းဒေသမှ ကလေးများဖြစ်ကြပြီး ၎င်းတို့အချင်းချင်းကြားတွင်လည်း အဆက်အစပ်မရှိကြောင်း ဆိုသည်။ ထို့ကြောင့် ကူးစက်ပျံ့နှံ့သည့်ရောဂါလက္ခဏာမျိုးလည်း မတွေ့ရကြောင်း WHO ကပြောသည်။
`ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း၊ အနီးပတ်ဝန်းကျင်ကလူဆိုလို့ ဒီနေ့အထိ မကြားရသေးပါဘူး။` ဟု ဆိုသည်။
အစောပိုင်းစုံစမ်းစစ်ဆေးမှုများသာ ပြုလုပ်ရသေးသဖြင့် ရောဂါလက္ခဏာများကို တိတိကျကျပြော၍မရသေးကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂဆိုင်ရာ ကျန်းမာရေးဌာနမှ ဆရာဝန် နီမာအက်စ်ဂါရီက ပြောသည်။ အဖျားပြင်းတက်ခြင်း၊ အဆုတ်နှင့်ပတ်သက်သောဝေဒနာခံစားရခြင်း နှင့် အချို့ကလေးများတွင် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများတွေ့ရကြောင်း နီမာအက်စ်ဂါရီက ပြောသည်။
နီးစပ်ရာအသိုင်းအဝိုင်းတွင်းကူးစက်ပျံ့နှံ့ပြီး အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွားခြင်းမျိုးမရှိကြောင်း၊ သို့သော် အချိန်တို အတွင်းမှာပင် သေဆုံးမှုနှုန်းမြင့်မားခဲ့သဖြင့် ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း အက်စ်ဂါရီက ပြောသည်။
`ဒီရောဂါကြောင့် ကလေးငယ်အများအပြားသေဆုံးခဲ့ရတဲ့ အတွက် WHO ကလည်း စိုးရိမ်ပူပန်နေပါတယ်။` ဟု ဆိုသည်။
သေဆုံးကလေးငယ်များအားလုံးမှာ အသက် ၇ နှင့် အောက်ငယ်သော ကလေးများဖြစ်ကြပြီး မြို့တော် ဖနွမ်းပင်ရှိ ဆေးရုံများနှင့် အနောက်တောင်ပိုင်း ဆီယမ်ရိပ် ရှိ ဆေးရုံများတွင် ကုသမှုခံယူခဲ့ကြသည်။
Source: Al Jazeera
Monday, July 2, 2012
ကင်ညာ-ဆိုမာလီနယ်စပ်တွင် ပြန်ပေးဆွဲခံရသော NGO လုပ်သားလေးဦး ပြန်လည်လွတ်မြောက်
ကင်ညာနိုင်ငံ ဒါးဒက်ဘ် ဒုက္ခသည်စခန်းအနီးမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော အကူအညီပေးရေးအဖွဲ့မှ နိုင်ငံခြားသားလေးဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ဆိုမာလီတောင်ပိုင်းတွင် ကင်ညာစစ်တပ်နှင့် ပြန်ပေး ဆွဲသွားသော အဖွဲ့တို့ တိုက်ပွဲငယ်ဖြစ်ပွားပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အန္တရာယ်ကင်းရှင်းစွာ ရှိကြောင်း သိရသည်။
`သူတို့တွေ ကျွန်တော်တို့ဆီမှာ ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ရှိနေပါတယ်။` ကင်ညာစစ်တပ် ပြောခွင့်ရ ဆိုင်းရပ်အိုဂူနာက ပြောသည်။ ကင်ညာစစ်တပ်နှင့် ဆိုမာလီစစ်တပ်များပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ဖြင့် ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
`ဆိုမာလီနဲ့ ကင်ညာစစ်တပ်တွေ ပူးပေါင်းပြီး ကယ်ဆယ်ခဲ့ခြင်းဖြစ်ပြီးတော့ ပြန်ပေးအဖွဲ့ထဲက တစ်ဦး သေဆုံးခဲ့ပါတယ်။ ကျန်တဲ့သုံးဦးကိုလည်း ဖမ်းဆီးထားလိုက်နိုင်ပါတယ်။` ဟု ဆိုသည်။
နော်ဝေဒုက္ခသည်ကောင်စီ (NRC) မှ လုပ်သားများဖြစ်ပြီး ကနေဒါ၊ နော်ဝေ၊ ဖစ်လစ်ပိုင် နှင့် ကနေဒါ-ပါကစ္စတန် ကပြားလူမျိုးများဖြစ်ကြသည်။ တစ်ယောက်မှာ ခြေထောက်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိထားသည်မှ အပ အကြီးအကျယ်ထိခိုက်ဒဏ်ရာရခြင်းမရှိပေ။
Source: Al Jazeera
ဂျပန်တွင် နျူကလီးယားစက်ရုံ ပြန်လည်လုပ်ကိုင်မှု လူထု မကျေနပ်
ဂျပန်နိုင်ငံတွင် နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်လုပ်ကိုင်ခြင်းကို မကျေမနပ် ဖြစ်ကြသော ဂျပန်နိုင်ငံသားများ ဆန္ဒသည့်အနေနှင့် စက်ရုံရှေ့တွင် သွားရောက်အော်ဟစ်ပြီး အချို့ကလည်း စက်ရုံအဝင်ဝပေါက်တွင် သွားရောက်ကခုန်နေခဲ့ကြသည်။ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံ ပြဿနာ ပေါ်ပြီးနောက်ပိုင်း နိုင်ငံအဝှမ်း နျူကလီးယားစက်ရုံအားလုံးကို ပိတ်ပစ်လိုက်ပြီးနောက် ပထမဦးဆုံး ပြည်လည်စတင် လည်ပတ်သည့် အိုဟိုင်းနျူကလီးယားစက်ရုံ အမှတ် ၃ ဖြစ်သည်။ ယင်းသည် ဖူကူအိခရိုင်အတွင်းတည်ရှိပြီး တနင်္ဂနွေနေ့က ပြန်လည်စတင်လည်ပတ်ခဲ့ကာ ဆန္ဒပြမှုများ ပေါ်ပေါက်လျှက်ရှိသည်။
လွန်ခဲ့သောလက ဝန်ကြီးချုပ်ယိုရှီဟီကိုနိုဒါက အိုဟိုင်းစက်ရုံအမှတ် ၃ နှင့် အမှတ် ၄ ကို ပြန်လည်လုပ်ကိုင်ရန် ညွှန်ကြားခဲ့ပြီး နျူကလီးယားလျှပ်စစ်စွမ်းအင် အသုံးမပြုလျှင် လူထုဘဝအခြေအနေမြင့်မားရေးကို ထိန်းသိမ်းထား နိုင်ရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ် မေလအတွင်း ဖြစ်ပွားခဲ့သော ဖူကူရှီးမား နျူကလီးယားစက်ရုံယိုစိမ့်မှုကြောင့် အန္တရာယ်ဖြစ်ပေါ်ခဲ့ သည့်အပေါ် လူထုအများစုက ထိတ်လန့်ကြောက်ရွံ့နေကြပြီး နျူကလီးယားစွမ်းအင် သုံးစွဲခြင်းကို ဆန့်ကျင်ကန့်ကွက် လျှက်ရှိသည်။
သောကြာနေ့ညနေပိုင်းက ဆန္ဒပြသူ သောင်းကျော် ဝန်ကြီးချုပ်နိုဒါ၏ နေအိမ်ရှေ့တွင် စုရုံးကာ နျူကလီးယားစက်ရုံ ပြန်လည်စတင်လုပ်ကိုင်ခြင်းကို မလိုလားကြောင်း ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။
ဂျပန်နိုင်ငံတွင် ဤမျှများပြားသောလူစုလူဝေးဖြင့် ဆန္ဒပြခြင်းဖြစ်ပွားမှု အလွန်ရှားပါးသည်။
Source: Al Jazeera
အာဖဂန်တွင် နေတိုးတပ်ဖွဲ့ဝင်သုံးဦး သေဆုံး
![]() |
| ဂါဇနီမြို့အနီး လမ်းဘေးဗုံးထိမှန်ထားသော ဘတ်စ်ကား |
လစ်ဗျားတွင် ရွေးကောက်ပွဲမတိုင်မီ ဆန္ဒပြမှုဖြစ်ပွား
လစ်ဗျားအရှေ့ပိုင်း ဘင်ဂါဇီမြို့တွင် ဆန္ဒပြသူများက ရွေးကောက်ပွဲကော်မစ်ရှင် အဆောက်အဦကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အယ်ဂျာဇီယာသတင်းထောက်အဖွဲ့က ယင်းသတင်းကို အတည်ပြုပြောကြားခဲ့ပြီး ဘင်ဂါဇီမြို့ပါဝင်သော အရှေ့ဘက်ခရိုင်ဒေသအတွက် ပါလီမန်အတွင်း ကိုယ်စားလှယ်နေရာဦးရေသတ်မှတ်မှုအပေါ်မကျေမနပ်ဖြစ်ပြီး
တနင်္ဂနွေနေ့က ဆန္ဒပြသူ ၁ ၀၀၀ ခန့်က ကော်မစ်ရှင် အဆောက်အဦးတွင်းသို့ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ် ကြောင်း ဆိုသည်။
တနင်္ဂနွေနေ့နေ့လည်ပိုင်းက လက်နက်များကိုင်ဆောင်ထားသော လူငယ်အုပ်စုကြီးတစ်စု ကော်မစ်ရှင်အဆောက်အဦ တွင်း ချိုးဖေါက်ဝင်ရောက်ကာ ဖယ်ဒရယ်ရရှိရေးကြွေးကြော်သံများအော်ဟစ်ခဲ့ကြသည်။ ထို့နောက် ရဲများရောက်ရှိ လာပြီး လူစုခွဲရန် ကြိုးပမ်းခဲ့သည်။ ဆန္ဒပြအုပ်စုက အဆောက်အဦပြူတင်းပေါက်များကို ရိုက်ချိုးပြီး အဆောက်အဦး တွင်းရှိ ကုလသမဂ္ဂရုံးခန်းကို မီးရှို့ခဲ့ကြသည်။ ထို့နောက် ကွန်ပြူတာများ၊ မဲပုံးများကို အပြင်သို့သယ်ထုတ်လာပြီး ရိုက်ချိုးဖျက်ဆီးခဲ့ကြသည်။
ရွေးကောက်ပွဲအတွက် အသုံးပြုမည့် အချို့ပစ္စည်းများကိုလည်း အဆောက်အဦအပြင်ဘက်တွင် ပုံ၍မီးရှို့ခဲ့ကြ ကြောင်း မျက်မြင်သက်သေများက ပြောသည်။ သို့သော် မဲထည့်ရာတွင်အသုံးပြုမည့်ပစ္စည်းများ သိမ်းဆည်းထား သည့်နေရာကိုမူ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
ဘန်ဂါဇီမြို့ပါဝင်သည့် လစ်ဗျားအရှေ့ဘက်ရှိ ဆိုင်ရန်နီယာကာပြည်နယ် အတွက် ကိုယ်စားလှယ်ဦးရေ အရေအတွက် အပေါ်မကျေမနပ်ဆန္ဒပြမှုများ ဘင်ဂါဇီမြို့တစ်ဝှမ်း တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ကြောင်း အယ်ဂျာဇီယာ သတင်းထောက် ဒေးဗစ်ပို့တ်က ဘင်ဂါဇီမြို့မှ သတင်းပေးပို့ခဲ့သည်။ နိုင်ငံအတွင်း နယ်မြေအလိုက် ကိုယ်စားလှယ် ဦးရေ အရေအတွက်ကို လက်ရှိအာဏာပိုင် အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) မှ မကြာမီကြေငြာ တော့မည်ဖြစ်သည်။
NTC က နယ်မြေဒေသလူဦးရေများအလိုက် အနောက်ဘက် ထရီပိုလီတန်းနီးယားပြည်နယ်အတွက် ကိုယ်စားလှယ် ဦးရေ ၁၀၀၊ ဆိုင်ရန်နီယာကာ ပြည်နယ်အတွက် ၆၀၊ နှင့် တောင်ဘက် ဖက်ဇမ်းပြည်နယ်အတွက် ၄၀ အသီးသီးသတ်မှတ်ထားသည်။
ဤတွင် ကိုယ်စားလှယ်ဦးရေခွဲဝေမှု မညီမျှဟုဆိုကာ ဆိုင်ရန်နီယာကာပြည်နယ်များ မကျေမနပ်ဖြစ်ကြပြီး ဇူလိုင် ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်အချို့က ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်ပေးရန် တောင်းဆိုမှုများပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်။
`တနင်္ဂနွေနေ့က ဘင်ဂါဇီမြို့နေရာအတော်များများမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး နောက်တော့ အားလုံးစုပေါင်း ပြီးတော့မှ ကော်မစ်ရှင် အဆောက်အဦနေရာဘက်ကို လှည့်လာကြတာပါ။ ကော်မစ်ရှင်မှာ မဲထည့်ရမည့်စာရွက်တွေ၊ ပလတ်စတစ်မဲပုံးတွေ၊ မင်အိုးတွေ၊ ဆန္ဒပြုခန်းငယ်လေးတွေ စတဲ့ ရွေးကောက်ပွဲသုံး ပစ္စည်းတွေ ဒူဘိုင်းကနေ ပို့ထားတာ လက်ခံရရှိထားပါတယ်။` ဟု သတင်းထောက်က ပြောသည်။
`ဒါတွေကို ဆိုင်ရန်နီယာကာမှာ ရွးကောက်ပွဲကျင်းပမယ့် နယ်မြေတွေဆီကို ခွဲဝေမပေးခင်မှာ ဂိုထောင်တစ်လုံးထဲမှာ အားလုံး သိမ်းဆည်းထားပါတယ်။`
လာသည့်ရွေးကောက်ပွဲသည် လွန်ခဲ့သောနှစ်က ကဒါဖီကို ဖြုတ်ချခဲ့သည့် လစ်ဗျားတော်လှန်ရေးပြီးဆုံးသည့် နောက်ပိုင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ ထိုအချိန်ကတည်းက အသွင်ကူးပြောင်းရေးကောင်စီက အာဏာကိုထိန်းသိမ်းထားပြီး ၂၀၁၁ ဖေဖေါ်ဝါရီလကတည်းက ဘင်ဂါဇီမြို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးဆန္ဒပြတောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ Source: Al Jazeera
Sunday, July 1, 2012
အမေရိကန်ပြည်ထောင်စုတွင် အပူလှိုင်းနှင့် မိုးကြိုးမုန်းတိုင်း ကျရောက်
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်တွင် အပူလှိုင်းကျရောက်ပြီး မိုးကြိုးမုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓါတ်အားလိုင်းများပြတ်တောက်ကာ လူဦးရေ သုံးသန်းခန့် လျှပ်စစ်မီးမရဘဲ ဖြစ်လျှက်ရှိသည်။
မိုးကြိုးမုန်တိုင်းကြောင့် လူ ၁၃ ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း စနေနေ့က တာဝန်ရှိသူများက ပြောသည်။
ဗာဂျီးနီးယားပြည်နယ်တွင် ၆ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် အသက် ၉၀ အဘွားအိုတစ်ဦးဖြစ်ကာ အိပ်ယာထဲတွင် အိပ်နေစဉ် သူမအိမ်ပေါ်သို့ သစ်ပင်လဲကျပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
နယူးဂျာစီပြည်နယ်တွင်လည်း အပျော်တမ်းစခန်းချခရီးထွက်နေသော ညီအစ်ကိုနှစ်ဦး၏ ရွက်ဖျင်တဲပေါ်သို့ သစ်ပင်လဲကျကာ သေဆုံးခဲ့သည်။ မေရီလင်းပြည်နယ်တွင် နှစ်ဦး၊ အိုဟိုင်းအိုးတွင် တစ်ဦးနှင့် ဝါရှင်တန်ဒီစီတွင် တစ်ဦး အသီးသီးသေဆုံးခဲ့သည်။
ကိုလမ်ဘီယာ၊ အိုဟိုင်းအိုး၊ ဗာဂျီးနီးယားနှင့် အနောက်ဗာဂျီးနီးယားပြည်နယ်များတွင် တစ်ညလုံးမုန်တိုင်းကျရောက် ပြီး အပျက်အစီးများဖြစ်ပွားခဲ့သောကြောင့် အရေးပေါ်အခြေအနေကြေငြာထားလေသည်။ ဟာရီကိန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းသည် ကီလိုမီတာ ၆၀၀ ခန့်ကျယ်ဝန်းသော နယ်မြေအတွင်း ဝင်ရောက်တိုက်ခတ် ခဲ့ခြင်းဖြစ်သည်။
ပိုမိုအင်အားပြင်းထန်သောမုန်တိုင်းနှင့် အတူ အပူလှိုင်းထပ်မံကျရောက်ဦးဖြစ်ကြောင်း မိုးလေဝသသတင်းများက ကြေငြာအသိပေးထားသည်။ လျှပ်စစ်ဓါတ်အားလိုင်းများပြန်လည်ပြင်ဆင်ရန် အချိန်တစ်ပတ်မျှကြာမြင့်မည်ဖြစ်ပြီး အိုဟိုင်းအိုးနှင့် ဗာဂျီးနီးယားပြည်နယ်များတွင် အပျက်အစီးအလွန်များပြားလေသည်။
`အပူလှိုင်းကလည်းကျရောက်နေတဲ့ အချိန် လျှပ်စစ်ဓါတ်အားပြန်ရဖို့ကလည်း အချိန်နည်းနည်းယူရဦးမယ်။` ဗာဂျီးနီးယားပြည်နယ်အရေးပေါ်ကိစ္စစီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဘော့ဘ်စပီးလ်ဒန်နာက ပြောသည်။
ဗာဂျီးနီးယားတွင် လူဦးရေတစ်သန်းခန့် လျှပ်စစ်ဓါတ်အားပြတ်တောက်နေသော အခြေအနေတွင် နေထိုင်နေရပြီး ပြည်နယ်သမိုင်းတွင် ဟာရီကိန်းနှင့် ဆက်စပ်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ခဲ့ဖူးကြောင်း ဘော့ဘ်က ပြောသည်။
ဝါရှင်တန်နှင့် ဖီလာဒဲလ်ဖီးယားကြားရှိ ရထားလမ်းပျက်စီးသွားကြောင်း Amtrak ရထားဌာနက ပြောသည်။
ဓါတ်အားကုမ္ပဏီများကလည်း လျှပ်စစ်ဓါတ်အားလိုင်းများ ပြန်လည်ပြင်ဆင်ရန် အနီးအနားပြည်နယ်များထံမှ အကူအညီတောင်းခံထားသည်။
လျှပ်စစ်ဓါတ်အားများပြတ်တောက်နေစဉ် အိုဟိုင်းအိုးတောင်ကြားနှင့် မြောက်ဘက်အတ္တလန္တိတ်အလယ်ပိုင်း ပြည်နယ်များတွင် ပိုမိုပြင်းထန်သော မိုးကြိုးမုန်တိုင်းများနှင့် အပူလှိုင်းများကျရောက်ဦးမည်ဖြစ်ကြောင်း မိုးလေဝသ ဌာနများက ကြေငြာထားသည်။
ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များက လူအများကို လေအေးပေးစက်ရှိသောနေရာများတွင် နေထိုင်ကြရန်၊ ရေများများသောက်ရန်၊ အရောင်ဖျော့ဖျော့ အဝတ်အစားများဝတ်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ အပူဒဏ်ကို ခံနိုင်ရည်နည်းသော သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စိတ်ဝေဒနာသည်များကို ကြည့်ရှုစောင့် ရှောက်ထားကြရန်လည်း နှိုးဆော်ထားသည်။
`ဒီကနေ့ အပူချိန် ၁၀၀ ဒီဂရီအထိ ရောက်သွားမှာကို ကျွန်တော်တို့ အကြောက်ဆုံးပါပဲ။` ဟု မေရီလင်းပြည်နယ် အရေးပေါ်ကိစ္စများ စီမံခန့်ခွဲရေးဌာန ပြောခွင့်ရ အက်ဒ်မက်ဒိုးနပ်က ပြောသည်။
အပူဒဏ်မှ အကာအကွယ်ရရန် လူများသည် ကုန်တိုက်ကြီးများ၊ ဟိုတယ်များတွင် သွားရောက်နေကြလေသည်။ ကားလမ်းမများတွင်လည်း မီးပွိုင့်များပျက်နေသည်။
ဝါရှင်တန်မြို့စွန်တွင် အရေးပေါ်ဆက်သွယ်ရမည့် ဌာနများတွင် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် အကူအညီလိုအပ် သူများအနေနှင့် ရဲစခန်းများနှင့် မီးသတ်ဌာနများသို့ သွားရောက်ကြရန် ညွှန်ကြားထားသည်။ ဆဲလ်ဖုန်းလိုင်းများ ပြတ်တောက်ပြတ်တောက်ဖြစ်နေပြီး ရေများ သိုလှောင်ထားကြရန်လည်း ညွှန်ကြားထားသည်။
ဇွန်လ အပူချိန်အနေနှင့် သောကြာနေ့တွင် ဝါရှင်တန်၊ အတ္တလန္တာ၊ နက်ရှ်ဗီးလ်၊ တန်နက်စီ၊ လူးဝစ်ဗီးလ် နှင့် ကန်တပ်ကီပြည်နယ်များတွင် စံချိန်လွန်ပူပြင်းခဲ့လေသည်။ အမျိုးသားမိုးလေဝသဌာနမှ ပြောကြားချက်အရ မြို့လေးမြို့တွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပူပြင်းခဲ့ကြောင်း သိရသည်။
Source: Al Jazeera
Saturday, June 30, 2012
မွန်ဂိုလီယာ ခြစားမှုအဆင့် ၁၂၀ တွင်ရပ်တည်
ပါလီမန်သစ်နှင့် အစိုးရသစ်တစ်ရပ်ရွေးချယ်ရန် မွန်ဂိုလီယာတွင် ကြာသပတေးနေ့က ဆန္ဒမဲပေးခဲ့ကြသည်။ တိုင်းပြည်လူဦးရေးသုံးသန်းတွင် တစ်သန်းခန့်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရောက်ရှိနေကြပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြောင်း မွန်ဂိုအများအပြားက ဆိုသည်။
ယခုရွေးကောက်ပွဲတွင် တိုင်းပြည်၏ အဓိကအရင်းအမြစ်ဖြစ်သော သတ္တုလုပ်ငန်းမှ ရရှိသည့်အကျိုးစီးပွားများကို အညီအမျှ ခံစားနိုင်ရေးအတွက် မျှော်လင့်နေကြသည်။ တိုင်းပြည်တွင်း ဝင်ငွေရှိသော်လည်း ဆင်းရဲနေဆဲပင်ဖြစ် သည်။
မွန်ဂိုလီယာသည် တရုတ်နှင့် ရုရှကြားညပ်နေသော တိုင်းပြည်တစ်ပြည်ဖြစ်ပြီး ကျောက်မီးသွေး၊ ကြေးနီ၊ ရွှေနှင့် ယူရေနီယံပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ သတ္တုသိုက်များမှာ ၁.၂ ထရီလီယံ ခန့်တန်ဖိုးရှိကြောင်း အစိုးရက တွက်ချက်ထားသည်။
လွန်ခဲ့သောနှစ်က တိုင်းပြည်စီးပွားရေး ၁၇.၃ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅ ထောင်ပတ်ဝန်းကျင်ရှိသည်။ သို့သော် နေရာတိုင်းတွင် အကျင့်ပျက်ခြစားမှုများက ကြီးစိုးလျှက် ရှိရာ တိုင်းပြည်အနာဂတ်အတွက် အကြီးမားဆုံး အန္တရာယ်ပင်ဖြစ်သည်။
မွန်ဂိုလီယာသမ္မတ အယ်ဘက်ဒေါ်ရီတာကီယာက အယ်ဂျာဇီယာသတင်းဌာနသို့ ပြောကြားခဲ့ရာတွင် `အကျင့်ပျက် ခြစားမှုက တကယ့်ပြဿနာကြီးတစ်ရပ်ပါပဲ။ အကျင့်ပျက်ခြာစားမှုနဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှုတွေကြောင့် မြင့်တက်လာ မယ့် လူ့အဖွဲ့အစည်းတွေ ပြုတ်ပြုတ်ကျသွားရတာပါပဲ။ ဒါမျိုးကျွန်တော်တို့ ထပ်အဖြစ်မခံနိုင်တော့ပါဘူး။` ဟု ဆိုသည်။
နိုင်ငံတကာပွင့်လင်းမြင်သာရေး အဖွဲ့မှ ပြုစုသော ၂၀၁၁ အစီရင်ခံစာအရ အကျင့်ပျက်ခြားမှု တန်းစီဇယားတွင် ၁၈၃ နိုင်ငံ အနက် မွန်ဂိုလီယာက အဆင့် ၁၂၀ တွင်ရပ်တည်နေသည်။
Source: Al Jazeera
ကင်ညာတွင် အကူအညီပေးရေးလုပ်သားများ ပြန်ပေးဆွဲခံရ
ဆိုမာလီနှင့် နယ်စပ်အနီးကင်ညာနိုင်ငံ ဒါးဒက်ဘ်ဒုက္ခသည်စခန်းအတွက် အလုပ်လုပ်နေသော အကူအညီပေးရေး အဖွဲ့၏ ယာဉ်တန်းကို ဆိုမာလီလက်နက်ကိုင်များက ခြုံခိုတိုက်ခိုက်ခဲ့သည်။ကင်ညာလူမျိုး ယာဉ်းမောင်း တစ်ဦးသေဆုံးပြီး နိုင်ငံတကာအကူအညီပေးရေးလုပ်သား လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သောကြာနေ့က ဖမ်းဆီးခေါ်သွားခြင်းခံခဲ့ရသော အကူအညီပေးရေးလုပ်သားများမှာ နော်ဝေဒုက္ခသည်ကောင်စီ NRC မှ လုပ်သားများဖြစ်သည်။ ထိုသူများမှာ နော်ဝေ၊ ကနေဒါ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်လူမျိုးများဖြစ်ကြောင်း အယ်ဂျာဇီယာသတင်းထောက် နာဇနိုင်းမော်ရှီရီက ပြောကြားခဲ့သည်။
`ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သူတွေက အဖွဲ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်ပြီးတော့ ဒုက္ခသည်စခန်းကို အပြင်ဘက်ကနေ ပတ်ပြီး စစ်ဆေးကြည့်ရှုနေစဉ်မှာ တိုက်ခိုက်ခြင်းခံခဲ့ရတာပါ။ တိုက်ခိုက်တဲ့အဖွဲ့မှာ လက်နက်ကိုင် ဆိုမာလီ ၁၂ ယောက်လောက်ပါဝင်ပြီးတော့ ကားတစ်စီးနဲ့ ဖမ်းဆီးထားသူတွေကို မိုင်ရှစ်ဆယ် အကွာလောက်မှာရှိတဲ့ ဆိုမာလီနယ်စပ်ဘက်ကို မောင်းနှင်သွားပါတယ်။` ဟု သတင်းထောက်က သတင်းပေးပို့ခဲ့ သည်။
`နောက်တော့လမ်းမှာ ကားကိုထားခဲ့ပြီး နောက်ထပ်ဘယ်လိုဆက်သွားတယ်၊ ဘယ်နေရာကိုသွားကြတယ် ဆိုတာ မသိရသေးပါဘူး။` ဟု ဆိုသည်။
ယာဉ်တန်းတိုက်ခိုက်ခံရစဉ် ယာဉ်တန်းအတွင်းလိုက်ပါသွားသူ NRC အထွေထွေအတွင်းရေးမှူး အဲလိစဘက်ရပ်စ်မူဆန်က `ကျွန်မတို့ စခန်းကနေထွက်ပြီးတော့ ဒါးဒက်ကိုသွားမယ့် လမ်းမဆီကို သွားနေတုန်း တိုက်ခိုက်ခံခဲ့ရတာပါ။ ဒါကြောင့် ကျွန်မတို့အတိုက်ခိုက်ခံရတဲ့ စခန်းပတ်ဝန်းကျင် လုံခြုံမှုရှိတဲ့နေရာမှာ တိုက်ခိုက်ခံရတယ်လို့ ပြောနိုင်ပါတယ်။` ဟုဆိုသည်။
`ကျွန်မမြင်ရသလောက် ပစ္စတိုတွေကိုင်ဆောင်ထားတဲ့ လူလေးယောက်ပါတယ်။ သူတို့က ကားတန်းကို ပစ်ခတ်ပြီး ကားတစ်စင်းကိုယူသွားတယ်။ ကျွန်မတို့လုပ်ဖေါ်ကိုင်ဖက် လေးဦးပါသွားတယ်။`
ဒါးဒက်ဘ်တွင် ဆိုမာလီဒုက္ခသည် ၅၀၀ ၀၀၀ ခန့်နေထိုင်လျှက်ရှိသည်။
တိုက်ခိုက်သူများကို စစ်တပ်မှ လိုက်လံရှာဖွေလျှက်ရှိကြောင်းသိရသည်။
အောက်တိုဘာလအတွင်းက ဆိုမာလီသို့ ကင်ညာမှ စစ်တပ်များစေလွှတ်ထားသည်။ ထို့ကြောင့် တိုက်ခိုက်ရေး သမားများ ဆိုမာလီဘက်သို့ ကူးသွားခဲ့လျှင်လည်း ကင်ညာစစ်တပ်များနှင့် တွေ့ဆုံတိုက်ခိုက်ခံရမည်ဖြစ်သည်။
Source: Al Jazeera
ဆူဒန်တွင် ဆန္ဒပြပွဲဖြစ်ပွား
ဆူဒန်နိုင်ငံ မြို့တော်ခါတိုအမ်တွင် အတိုက်အခံပါတီတစ်ခုက ဦးဆောင်၍ ဗလီတစ်ခုရှေ့တွင် စုရုံးဆန္ဒပြနေသော လူစုအား ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲရန်ကြိုးပမ်းခဲ့သည်။
သောကြာနေ့က ဆန္ဒပြသူများသည် ဆူဒန်အလံများ၊ `အစိုးရပြုတ်ကျရေး - တို့အရေး` ဟူသော စာတမ်းများကိုင်ဆွဲ ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အတိုက်အခံ အမ္မာပါတီ၏ ဗလီဘေးရှိ ဟစ်ဂျရာရင်ပြင်တွင် ဆန္ဒပြသူများစုရုံးခဲ့ကြသည်။ ရဲများက မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သဖြင့် ဆန္ဒပြသူများကလည်း ကားတာယာများကို မီးရှို့ခြင်း၊ ရဲများကို ခဲလုံးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း AFP သတင်းဌာနက ဖေါ်ပြခဲ့သည်။
`သောကြာနေ့ ဝတ်ပြုပွဲပြီးနောက်ပိုင်း လူတွေကလမ်းမတွေပေါ်ထွက် ဆန္ဒပြဖို့ကြိုးစားကြတာကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းပါတယ်။ ဆန္ဒပြသူတွေကလည်း ရဲတွေကို အန်တုပြီး လမ်းတွေကိုပိတ်၊ တာယာတွေ ကိုမီးရှို့ လုပ်ကြပါတယ်။` ဟု အယ်ဂျာဇီယာသတင်းထောက် ဇီနာခိုဒါက ခါတိုအမ်မှ သတင်းပေးပို့ခဲ့သည်။
`အစိုးရပြုတ်ကျရေး - တို့အရေး အစရှိတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ပြီး တော်လှန်ရေးစတင်ပြီလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။` ဟု သတင်းထောက်က ပြောသည်။
တက်ကြွလှုပ်ရှားသူ ဝါဖာအယ်အေမင်က အယ်ဂျာဇီယာသို့ ဆန္ဒပြပွဲဖြစ်ပွားရာနေရာမှနေ၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် မြို့တော်တွင်း အမ်ဒါမန်ရပ်ကွက်တွင် ဆန္ဒပြသူ အယောက် ၂ ၀၀၀ ခန့် စုရုံးဆန္ဒပြ နေကြကြောင်း၊ ရဲသား ၅၀၀ ခန့် ဝန်းရံထားကြောင်း၊ ဆန္ဒပြသူများက သူတို့ရှိနေသောနေရာကို ရဲများဝင်ရောက်မ လာနိုင်အောင် လမ်းများပိတ်ဆို့ထားကြောင်း၊ သို့သော် မျက်ရည်ယိုဗုံးများဖြင့် လှမ်းပစ်နေကြောင်း ပြောသည်။
သမ္မတ အိုမာအယ်ဘက်ရှာ အာဏာသိမ်းမှု ၂၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် သောကြာနှင့် စနေနေ့များတွင် ဆန္ဒပြပွဲကြီးများပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
သောကြာနေ့ဆန္ဒပြပွဲကို အချို့က `တံတောင်ဆစ်ကို လျှာဖြင့်လျက်ခြင်း` ဟု အမည်ပေးထားသည်။ ဆိုလိုရင်းမှာ ဆူဒန်စကားပုံအရ မဖြစ်နိုင်သော ကိစ္စကို စိန်ခေါ်ကြိုးစားလုပ်ကိုင်ခြင်းဟု ရည်ရွယ်သည်။
Source: Al Jazeera
Friday, June 29, 2012
အိန္ဒိယ ဗြဟ္မပုတ္တရမြစ်ရေကြီး
အိန္ဒိယအရှေ့တောင်ပိုင်းတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၂ ၀၀၀ ကျော်ရေလွှမ်းမိုးခဲ့ပြီး ၂၇ ဦးခန့် အနည်းဆုံးသေဆုံးကာ လူသိန်းပေါင်းများစွာအိုးအိမ်စွန့်ခွါထွက်ပြေးကြရသည်။
ရေလွတ်ရာကုန်းမြင့်များပေါ်တွင် ကျွဲနွားများ၊ ဆင်ရိုင်းများနှင့် အတူနေထိုင်နေကြရသူများထံသို့ အိန္ဒိယလေတပ်မှ ထမင်းထုပ်များ လိုက်လံဝေငှလျှက်ရှိသည်။ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဒုက္ခရောက်နေသူများထံသို့ ရဟတ်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးနေရသည်။
အာရှအကြီးဆုံးမြစ်ကြီးများထဲတွင် တစ်စင်းအပါအဝင်ဖြစ်သော ဗြဟ္မာ့ပုတ္တရမြစ်ရေလျှံတက်မှုကြောင့်အာသံပြည်နယ် တစ်ဝှမ်း ကျေးရွာပေါင်း ၂ ၀၈၂ ရေလွှမ်းမိုးခဲ့ပြီး လူပေါင်းတစ်သန်းခန့် နေရာရွှေ့ပြောင်းခဲ့ရသည်။
ယခုအချိန်အထိ သေဆုံးသူပေါင်း ၂၇ ဦးရှိပြီဖြစ်သော်လည်း နောက်ထပ်သေဆုံးမှုများရှိနိုင်သေးကြောင်း တာဝန်ရှိသူ များက ဆိုသည်။
ရထားလမ်းများ ရွှံ့ဖုံးလွှမ်းခဲ့သောကြောင့် ခရီးစဉ်များရပ်ဆိုင်းခဲ့ရပြီး တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်လျှက် ရှိသည်။ ယာဉ်အသွားအလာရှုပ်ထွေးသောကားလမ်းမပေါ်သို့ ကြံ့တစ်ကောင်တက်လာကြောင်း အာသန်ပြည်နယ် ဂွါဟက်တီမြို့ရှိ ယာဉ်မောင်းများက သတင်းပို့သည်။
`လွန်ခဲ့တဲ့အပတ်က ရွာတဲ့မုတ်သုံမိုးကြောင့် မြစ်ရေတက်လာပြီး အခုလိုအခြေအနေမျိုးအထိဖြစ်လာမယ်လို့ ထင်မထားဘူး။` ဟု အာသံပြည်နယ်အစိုးရဝန်ကြီး နီလိုမွန်နီဆန်ဒက်ကာ ကပြောသည်။
ဗြဟ္မာ့ပုတ္တရမြစ်လယ်ခေါင်ရှိ စတုရန်း ကီလိုမီတာ ၈၀ အကျယ်အဝန်းရှိသောမာဂျူလီ ရေလယ်ကျွန်းအား မြစ်ရေလုံးများက ဖုံးလွှမ်းသွားပြီး ရွာပေါင်း ၅၀ ခန့်ရှိ အိမ်များပါသွားခဲ့သည်။
`ကျွန်တော်တို့မှာ ကိုယ်ပေါ်မှာဝတ်ထားတဲ့ အဝတ်တွေပဲကျန်တော့တယ်။ အသက် ၆၀ ရှိ ရေလယ်ကျွန်း ရွာသားတစ်ဦးဖြစ်သူ ပန်နီရမ်ဟာဇာရီကာက ပြောသည်။ အဆိုပါကျွန်းတွင် နေထိုင်သူရွားသား ၇၅ ၀၀၀ ခန့်သည် ယခုအခါ ရွှံ့တောင်ကုန်းတစ်ခုပေါ်တွင် ဝါးလုံးများဖြင့် တဲထိုးကာ နေထိုင်နေကြရသည်။
မာဂျူလီကျွန်းသားများနည်းတူ လူမြင်ခံလေ့မရှိသော အာရှမျိုးနွယ်ဆင်ရိုင်းများလည်း ၎င်းတို့နှင့် အနီးအနားတွင် အကောင် ၇၀ ခန့်စုရုံးကာ နေထိုင်လျှက်ရှိကြောင်း မာဂျူလီကျွန်း သစ်တောအရာရှိ အာတူဒက်စ်ကပြောသည်။
`ဆင်တွေကလူတွေကိုတော့ ဒုက္ခမပေးပါဘူး။ ဒါပေမယ့် သူတို့ကိုတော့ စောင့်ကြည့်နေရတယ်။` ဟု ဆိုသည်။
Source: Al Jazeera
အမေရိကန်ပြည်ထောင်စု အိမ်ယာမဲ့ပြဿနာ
အမေရိကန်ပြည်ထောင်စုတွင် ရို့ဒ်ကျွန်းသည် အိမ်ယာမဲ့အခွင့်အရေးဥပဒေပထမဦးဆုံး ရေးဆွဲပြဋ္ဌာန်းသည့် ပြည်နယ်ဖြစ်သည်။ ဥပဒေအရ အလုပ်အကိုင်အခွင့်အလမ်း၊ အိမ်ယာအခွင့်အလမ်း၊ အများပြည်သူနေရာများဆိုင်ရာ အခွင့်အလမ်းများ အများနည်းတူ ခံစားပိုင်ခွင့်ရှိသည်။
အိမ်ယာမဲ့များ၏ အခွင့်အရေးများကို ကာကွယ်ရေးအတွက် ရို့ဒ်ကျွန်းတွင် လှုပ်ရှားနေစဉ်တွင် အမေရိကန်ပြည် ထောင်စုတွင်း မြို့ ၅၀ ကျော်တွင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် အိပ်စက်ခြင်း၊ အထုတ်အပိုးများ ချ၍ နေထိုင်ခြင်း၊ အစားအသောက်စားသောက်ခြင်းများကို တားမြစ်သောဥပဒေများ ပြဋ္ဌာန်းထားကြသည်။
အထက်ပါတားမြစ်ချက်ဥပဒေများကို ထောက်ခံသူများက အများပြည်သူကျန်းမာရေးနှင့် လုံခြုံရေးအတွက် ယင်းဥပဒေများလိုအပ်ကြောင်းထောက်ပြကြသည်။ သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူများက ယင်းဥပဒေများ ကြောင့် အိမ်ယာမဲ့များအတွက် စားစရာ၊ အိပ်စရာနေရာများပါ မရှိတော့ကြောင်း ဆိုသည်။
အမေရိကန်ပြည်ထောင်စု မြို့အများစုတွင် အိမ်ယာမဲ့များအတွက် စားသောက်ရန်၊ နေထိုင်ရန် အလွန်ခက်ခဲလေ သည်။ ယခုအခါတွင်မူ အိမ်ယာမဲ့များအတွက် ရည်ရွယ်၍ လှုပ်ရှားမှုများ ဆောင်ရွက်နေပြီဖြစ်သည်။
ဖီလာဒဲဖီးယားတွင် အစားသောက်များကို အိမ်အပြင်တွင် ပေးကမ်းခြင်းသည်ဥပဒေနှင့် ငြိစွန်းသည်။ စိန့်ပီတာစဘတ်နှင့် ဖလော်ရီဒါတွင် အများပိုင်နေရာများတွင် ပစ္စည်းများထားခြင်း၊ အိပ်စက်ခြင်းတို့သည် ဥပဒေနှင့် ငြိစွန်းသည်။ လော့စ်အိန်ဂျလိစ်တွင် လူသွားစင်္ကြံတွင် ဆေးလိပ်ပြာခြွေခြင်း၊ အများပြည်သူသုံးနေရာများတွင် အရက်သောက်ခြင်းမှစ၍ လမ်းပေါ်တွင် လက်ကမ်းစာရွက် များဝေငှခြင်းသည်ပင် ဥပဒေနှင့် မညီညွတ်ချေ။ လူ့အခွင့်အရေးလှုပ်ရှားသူများက လော့စ်အိန်ဂျလိစ်ကို အမေရိကန်ပြည်ထောင်စုတွင် `လက်ပေါက်အကပ်ဆုံးမြို့` ဟု အမည်ပေးထားသည်။
`ကျွန်တော်အလုပ်လုပ်လာတဲ့ အချိန်အများစုဟာ အိမ်ယာမဲ့ဘဝနဲ့ဖြစ်ပါတယ်။ အလုပ်လုပ်လို့ရတဲ့ပိုက်ဆံက အိမ်တစ်လုံးငှားဖို့တောင် မတတ်နိုင်တော့တဲ့အခါကျတော့ အိမ်ယာမဲ့ဖြစ်ရတာပဲ။ ဝါရှင်တန်ဒီစီလို့မြို့မှာ အလုပ်လုပ်ရင် ရတဲ့ပိုက်ဆံက အိမ်ငှားခရဲ့ လေးပုံတစ်ပုံလောက်ပဲရတယ်။` အိမ်ယာမဲ့အခွင့်အရေးလှုပ်ရှားသူနှင့် ကိုယ်တိုင်လည်း အိမ်ယာမဲ့ဖြစ်သူ အဲရစ်ရှက်ပ်တော့က ပြောသည်။
အိမ်ယာမဲ့ပြဿနာများကို ဝါရှင်တန်အစိုးရ သတိထားမိသွားပြီး အိမ်ယာမဲ့များအား ဥပဒေပြင်ပရောက်နေသူများဖြစ် သွားစေမည့် ဥပဒေပြဋ္ဌာန်းမှုများ၊ လုပ်ရပ်များကို ဝေဖန်ပြောကြားလိုက်သည်။
ပြည်ထောင်စုအစိုးရက အဆိုပါလုပ်ရပ်များသည် ပြဿနာကိုဖြေရှင်းခြင်းမဟုတ်ဘဲ အိမ်ယာမဲ့များအား မမြင်မတွေ့ နိုင်အောင် ဖုံးဖိထားခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အောက်ပါအချက်များမှာ အမေရိကန်ပြည်ထောင်စု အိမ်ယာမဲ့များအကြောင်းဖြစ်သည်။
ညတိုင်း အိမ်ယာမဲ့ ၆၃၆ ၀၀၀ ဦးရေရှိသည်။
၂၀၁၁ ခုနှစ်ထက် ၁% သာလျှော့နည်းသွားသည်။
အိမ်ယာမဲ့ဦးရေလျှော့ချရေး စီမံကိန်းများ မအောင်မြင်ပေ။
အိမ်ယာမဲ့ ၄၀% တွင် ခိုလှုံရာနေရာမရှိပေ။
အိမ်ယာမဲ့ဦးရေ၏ ၃၇% သည် ကလေးရှိသော မိသားစုများဖြစ်သည်။
၂၀၀၉-၂၀၁၀ ကြားကလအတွင်းမှာပင် အမေရိကန်ကလေး တစ်သန်းခန့် အိမ်ယာမဲ့ခဲ့သည်။
ပြည်နယ် ၂၄ ခုနှင့် ဝါရှင်တန်ဒီစီတွင် အိမ်ယာမဲ့ဦးရေတိုးပွားလျက်ရှိသည်။
ဝင်ငွေနိမ့်မိသားစု ၆.၂ သန်းတွင် ၎င်းတို့၏ ဝင်ငွေတစ်ဝက်ကျော်ကို အိမ်ငှားရမ်းရာတွင် အသုံးပြုနေရသည်။
ဝင်ငွေနိမ့် ၇၅% မှာ အိမ်ငှားရမ်းမှုအတွက် ဝန်ထုပ်ဝန်ပိုးပိလျှက်ရှိသည်။
ဝိုင်ရိုးမင်းပြည်နယ်တွင် ၂၀၁၁ ခုနှစ်၌ အိမ်ယာမဲ့ဦးရေ ၃၁၀% တိုးတက်လာခဲ့သည်။
Source: Al Jazeera
Sunday, June 24, 2012
အက်ဆန်း နှင့် အီကွေဒေါ (သာသာပြန်ဆောင်းပါး)
ဝီကီလိခ်တည်ထောင်သူ သြစတြေးလျနိုင်ငံသား ဂျူလီယန်အက်ဆန်း အင်္ဂလန်ရှိ အီကွေဒေါနိုင်ငံသံရုံးသို့ သွားရောက်ကာ ခိုလှုံခွင့်တောင်းခံခဲ့သည့်သတင်းသည် သတင်းမီဒီယာလောကတွင် လတ်တလောအကြီးမားဆုံး ခေါင်းကြီးသတင်းဖြစ်နေလေသည်။ အီကွေဒေါသံရုံးမှ အက်ဆန်းကိစ္စနှင့်ပတ်သက်၍ အောက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့လေသည်။
`ယနေ့နေ့လည်ပိုင်းက မစ္စတာဂျူလီယန်အက်ဆန်းသည် အီကွေဒေါသံရုံးသို့ရောက်ရှိလာကာ အီကွေဒေါ အစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့လေသည်။ သူ၏လျှောက်လွှာကို ကျွန်ုပ်တို့ သံရုံးမှ တစ်ဆင့် အီကွေဒေါနိုင်ငံ ကျူအီတိုမြို့ရှိ သက်ဆိုင်ရာဌာနသို့ ချက်ခြင်းပို့ဆောင်ပေးလိုက်သည်။ မစ္စတာအက်ဆန်း၏ လျှောက်ထားမှုကို အီကွေဒေါအစိုးရက လက်ခံစဉ်းစားနေစဉ်တွင် မစ္စတာအက်ဆန်းသည် အီကွေဒေါသံရုံးအတွင်း အီကွေဒေါအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေပါသည်။`
ယခုသတင်းသည် ၂၀၁၀ ခုနှစ်အတွင်း အက်ဆန်းဖေါက်ချခဲ့သည့် ဝီကီလိခ်သတင်းများကို ပြန်ပြောင်းအမှတ်ရစေ ခဲ့သည်။
၂၀၁၀ ဧပြီလအတွင်းက ဝီကီလိခ်သည် အီရတ်တွင် အမေရိကန်စစ်သားများက အရပ်သား ၁၈ ယောက်ကို ပစ်သတ်ခဲ့ပုံကို လေယာဉ်မောင်းခန်းအတွင်းမှ ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ကို ဖေါ်ပြခဲ့သည်။ ထို့နောက်လအနည်း ငယ်အကြာတွင် အီရတ်၊ အာဖဂန်စစ်ပွဲများနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ အတွင်းရေးလျှို့ဝှက်စာရွက် စာတမ်းများကို ဖေါက်ချဖေါ်ပြခဲ့ပြန်သည်။ ဆက်လက်၍ အမေရိကန်အစိုးရ၏ ကမ္ဘာတစ်ဝှမ်းနိုင်ငံများနှင့် သံတမန် ဆက်သွယ်ရေး ကိစ္စရပ်များ၊ အမေရိကန်အစိုးရ၏ ယင်းနိုင်ငံများအပေါ် သဘောထားဆက်ဆံမှုများအကြောင်း ပါဝင်သော အတွင်းကျကျစာရွက်စာတမ်းများ အဖြတ်အတောက်မဲ့ ဖေါ်ထုတ်ခဲ့ပြန်သည်။
ယင်းနှစ်ထဲမှာပင် မစ္စတာအက်ဆန်းကို ဆွီဒင်အစိုးရက အလိုရှိနေခဲ့ပြီး နောက်ပိုင်း ဗြိတိန်ကလည်း အလိုတူအလိုပါ ဖြစ်လာခဲ့သည်။
ဖြစ်ရပ်မှာ ၂၀၁၀ သြဂုတ်လအတွင်းက မစ္စတာအက်ဆန်း ဆွီဒင်သို့သွားရောက်ကာ သင်တန်းတစ်ခုပို့ချစဉ်အခါက အမျိုးသမီးတစ်ဦးကို မုဒိန်းပြုကျင့်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူကျင့်ကြံခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဆွီဒင်က အလိုရှိနေခြင်းဖြစ်သည်။ ထို့နောက် ဥရောပမှ ဖမ်းဝရမ်းထုတ်လိုက်သောအခါ ၂၀၁၀ ဒီဇင်ဘာလတွင် လန်ဒန်မြို့၌ အက်ဆန်းကို ဖမ်းဆီးခဲ့သည်။ သူ့ကိုထောင်တွင်း ၈ ရက်ကြာချုပ်နှောင်ထားပြီးနောက် ဒေါ်လာ ၃၁၅ ၀၀၀ တန်အာမခံဖြင့် ပြန်လည်အပြင်ထွက်ခွင့်ရခဲ့သည်။ ထို့အချိန်မှစ၍ ဗြိတိန်ရှိ နေအိမ်နှစ်လုံးတွင် နေအိမ် အကျယ်ချုပ်ဖြင့် သူ့ကို ထားရှိခဲ့သည်။
သူ့ကိုတရားရုံးမှ စစ်ဆေးနေစဉ်နေကာလအတွင်း အက်ဆန်းက လိင်ပိုင်းဆိုင်ရာအမှုမှာ အကွက်ဆင်ခြင်းသာဖြစ်ပြီး အမှန်တကယ်အားဖြင့် နိုင်ငံရေးအရ သူ့ကို ဖမ်းဆီးခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ဆွီဒင်အစိုးရက သူ့ကို အမေရိကန်သို့လွှဲပြောင်းပေးလိုက်မည်ဖြစ်ပြီး အမေရိကန်အစိုးရက သူ့အတွက် ဂွါတာနာမိုတွင် အချုပ်ခန်း တစ်ခန်း နာမည်တပ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဗြိတိသျှတရားရုံးက သူ့ကိုဆွီဒင်အစိုးရသို့ လွှပြောင်းပေးအပ်ရန် ဆုံးဖြတ်လိုက် သည်။ ထိုအချိန်မှ စ၍ အက်ဆန်းသည် ဗြိတိသျှတရားရုံးသို့ နည်းမျိုးစုံဖြင့် အယူခံဝင်ပြီး ဆက်လက်တိုက်ပွဲဝင် နေခဲ့ရသည်။ နိုဝင်ဘာလတွင် ဗြိတိသျှ တရားရုံးချုပ်က အက်ဆန်းအား ဆွီဒင်သို့လွှပြောင်းပေးရေးဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း၊ တရားသဖြင့်သာဖြစ်ကြောင်း ထောက်ခံလိုက်လေတော့သည်။
အက်ဆန်းအတွက် ဗြိတိန်တွင် တရားရေးအရ အခွင့်အလမ်းများကုန်ဆုံးသွားပြီဖြစ် သော်လည်းနာက်ဆုံးကြိုးတစ်စ ကျန်ရှိနေသေးသည်။ ဇွန်လ ၂၈ ရက်နေ့တွင် ဥရောပသမဂ္ဂလူ့အခွင့်အရေးတရားရုံးသို့ အယူခံဝင်နိုင်သည့် အခွင့်အရေး အက်ဆန်းတွင်ရှိသည်။ သို့သော် ယင်းအခွင့်အရေးကို အက်ဆန်း လက်မလှမ်းတော့ဘဲ အီကွေဒေါသံရုံးသို့သွားရောက်ကာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလိုက်တော့သည်။
အီကွေဒေါကို အက်ဆန်းရွေးချယ်ရသည့် အကြောင်းရင်းမှာ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်ပြင်းထန်သော ကြောင့်ဖြစ်၏။ လွန်ခဲ့သောနှစ် ဧပြီလအတွင်းက အီကွေဒေါက အမေရိကန်သံအမတ် ဟီသာဟော့ဂ်ျ၏ သံတမန် ဆက်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် အီကွေဒေါရဲတပ်ဖွဲ့များ၏ အကျင့်ပျက်ချစားမှုများကို ပေါ်ပေါက်စေခဲ့ကြောင်း စွပ်စွဲချက်ဖြင့် သူမကို နှင်ထုတ်ရန် ကြေငြာခဲ့သည်။ သံတမန်ဆက်သွယ်ရေးလမ်းကြောင်းအတွင်း ရေးသားသူများက လုံခြုံစိတ်ချရသည်ဟူသော အထင်ဖြင့် ပွင့်ပွင့်လင်းလင်းရေးသားထားမှုများကို ဝီကီလိခ်မှ ဖွင့်ချ လိုက်သောအခါ အားလုံးမြင်သာထင်ဖြစ်သွားပြီး သိရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်အတွင်းက အမေရိကန်က အက်ဆန်းကို နိုင်ငံတော်ရန်သူအဖြစ် သတ်မှတ်ထားချိန်တွင် အီကွေဒေါ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အက်ဆန်းကို အကာအကွယ်ပေးသင့်ကြောင်း ပထမဆုံးပြောကြားခဲ့သည့် ပုဂ္ဂိုလ်ဖြစ် သည်။
၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်က အက်ဆန်းကို နေအိမ်အကျယ်ချုပ်ထားသော နေအိမ်သို့ ဝီကီလိခ်အရေးနှင့် ပတ်သက်၍ပြုလုပ်သောပွဲတစ်ခုသို့ ကျွန်တော် ရောက်ခဲ့ဖူးသည်။ အခြားသူအများအပြား စကားပြောခဲ့ကြသော် လည်း ထိုအထဲမှ တစ်ဦးပြောသောစကားကို ကျွန်တော်ကောင်းကောင်းမှတ်မိနေသည်။
ထိုသူက အီကွေဒေါလူမျိုးတစ်ဦးဖြစ်သည်။ လန်ဒန် အီကွေဒေါသံရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည်။ ထိုသူပြောသွား သောစကားမှာ
`အမေရိကန် ဝါရှင်တန်အစိုးရက ကျွန်တော်တို့ အီကွေဒေါသမ္မတကို လက်မခံဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ အလားတူ ဟူဂိုချေဗက်ဇ်အပါအဝင် အခြားလက်တင်အမေရိကရဲ့ လက်ဝဲခေါင်းဆောင်တွေအားလုံးကိုလည်း သူတို့လက်မခံပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံကိစ္စတွေကိုတော့ အမေရိကန်က ဘယ်လောက်အထိ အကျယ်အကျယ်ဝင်ရောက်စွက်ဖက်နေသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဝီကီလိခ်နဲ့ သူ့ရဲ့ ဖေါက်ထုတ်လိုက်တဲ့ သံတမန်ဆက်သွယ်ရေးကွန်ယက်ထဲက စာရွက်စာတမ်းတွေကို ဖတ်ရမှ အားလုံးသိရတော့တယ်။ အရင်က မှုန်ဝါးဝါး၊ ထင်သာမြင်သာမရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်ဆက်ဆံရေးကိစ္စတွေ အားလုံးကို ကြည်ကြည်လင်လင်ထင်ထင်ရှားရှားမြင်လိုက်ရတော့တယ်။ ကျွန်တော်တို့နိုင်ငံက အက်ဆန်းကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဒါကြောင့် ဒီကနေ့ကျွန်တော်ဒီနေရာကို ရောက်လာခြင်းဖြစ်ပါတယ်။ အက်ဆန်းနဲ့ သူ့ရဲ့ ဝီကီလိခ်အဖွဲ့အစည်းကို ထောက်ခံပါတယ်။`
လွန်ခဲ့သောလက ရုရှနိုင်ငံပိုင်ရုပ်မြင်သံကြား RTV မှ ထုတ်လွှင့်သော စကားပြောခန်းအစီအစဉ်တွင် အက်ဆန်းက အီကွေဒေါသမ္မတ ရာဖေးလ်ကော်ရီယာကို အင်တာဗျူးပြုလုပ်ခဲ့သည်။ ကော်ရီယာသည်လည်း ချေဗက်ဇ်ကဲ့သို့ပင် လက်ယာသမားများပိုင်ဆိုင်သောမီဒီယာများ၏ ဝိုင်းဝန်းနှိပ်ကွပ်မှုကို ခံနေရသော သမ္မတတစ်ဦးဖြစ်သည်။
သို့သော် အက်ဆန်းနှင့် ကော်ရီယာတို့၏၂၅ မိနစ်ကြာ အွန်လိုင်း စကားပြောခန်းမှာ အဆင်ပြေချောမွေ့ခဲ့လေသည်။ ကော်ရီယာကို အက်ဆန်းက `အီကွေဒေါနိုင်ငံ စာမျက်နှာသစ်ကို လွှင့်ခဲ့သည့် လက်ဝဲသမား` ဟု ခေါ်ဆိုခဲ့သည်။
စကားပြောခန်းအဆုံးတွင် ကော်ရီယာက အက်ဆန်းကို ``ဝမ်းသာစရာကြီးဟေ့ ။ မောင်ရင့်ကို နှိပ်ကွပ်မယ့် အဖွဲ့က ကြိုဆိုပါတယ်ကွာ။`` ဟု ရင်းရင်းနှီးနှီးနောက်ပြောင် ပြောသွားခဲ့သေးသည်။
ယင်းသို့ခင်မင်ရင်းနှီးစွာပြောဆိုသွားသော်လည်း ယခုကဲ့သို့ ခိုလှုံခွင့်လျှောက်ထားသည့်ကိစ္စကို အစိုးရတစ်ရပ် အနေနှင့် စဉ်းစားရမည့်အချိန်တွင် မည်သို့စဉ်းစားမည်နည်း။
အဘယ်ကြောင့်ဆိုသော် ဂျူလီယန်အက်ဆန်းဆိုသည်မှာ အီကွေဒေါအစိုးရအနေနှင့် အစိမ်းသက်သက်မဟုတ်။ သာမန်နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူလည်းမဟုတ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကျဲတောက်အေးဆက် သော အနေအထားအောက်တွင် နှစ်ပေါင်းများစွာကြာအောင်နေထိုင်လာခဲ့ရသည့်နိုင်ငံများအပေါ် ဝီကီလိခ်သက် ရောက်မှု မည်မျှဖြစ်ခဲ့သည်ကိုလည်း အသိပင်။
အက်ဆန်းသည် ဥရောပတွင် သင်းကွဲနေသူ ဖြစ်၏။ သူ၏ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှုသည် မည်မျှအထိတာသွားနိုင်သည်ကို လည်းအက်ဆန်းတစ်ယောက် သိရှိမှာထားမည်ဖြစ်သည်။
၂၀၁၀ နိုဝင်ဘာလအတွင်းက အယ်ဂျာဇီယာသတင်းဌာန Listing Post ကဏ္ဍအတွက် သူ့ကို ကျွန်တော်အင်တာဗျူး စဉ်က ဥပဒေလမ်းကြောင်းများအရ သူ့အတွက် ထွက်ပေါက်မရှိကြောင်း ပြောဆိုခဲ့သေးသည်။ ငါးနှစ်မျှ မည်သည့် နေရာတွင် သွားနေရမည်ဟု ထင်သနည်းဟု ကျွန်တော်က မေးမြန်းသောအခါ
`အခြေအနေတွေက အခုလိုအတိုင်းဖြစ်နေတာ ကျွန်တော်ဘာလုပ်လို့ရမှာလဲ။ ကျူးဘားမှာသွားပြီး ဒုက္ခသည်အဖြစ်ခိုလှုံရင်ကောင်းမလားလို့တောင် ဟိုတစ်နေ့ညက ကျွန်တော်နောက်နေသေးတယ်။` ဟု ဖြေ၏။
သို့သော် ကျွန်တော်တွေးမိသည်က ကျူးဘားသည် အမေရိကန်နှင့် အိမ်နီးချင်းပင်ဖြစ်လေသည်။ အက်ဆန်းအတွက် နေရာမှန်တော့ မဟုတ်သေး။ အနည်းဆုံး လေယာဉ်ပေါ်မှ နေ၍ ဂွါတာနာမိုကို လှမ်းမြင်နိုင်သေးသည်။ အမေရိကန်လေကြောင်းပိုင်နက်ကို ဖြတ်သန်းရဦးမည်ဖြစ်၍ အက်ဆန်းအတွက်တော့ သိပ်နေရာမကျလှသေးပေ။
Source: Al Jazeera
Assange's appeal to Ecuador is no surprise by Richard Gizbert



















3:27 PM
HRDP NEWS WORLD






